31 C
Yangon

မင်းအောင်လှိုင်ဦးဆောင်သော စစ်တပ်သည် နိုင်ငံရေးအကြမ်းဖက်အစုအဖွဲ့ဖြစ်ပြီး NUCC, NUG နှင့် CRPH အပါအဝင် တော်လှန်ရေးတပ်ပေါင်းစုများ၊ ပြည်သူများအနေဖြင့်လည်း ဖက်ဆစ်စစ်အာဏာရှင်စနစ်ကို အပြီးသတ်ချေမှုန်းရန်လိုဟု GSCB ထုတ်ပြန်တောင်းဆို

Must read

ရန်ကုန်၊ ဇူလိုင် ၂၅

မြန်မာနိုင်ငံ၏ ဥပဒေ၊ နိုင်ငံတရားစီရင်ရေးစနစ်၊ နိုင်ငံတကာ လိုက်နာရမည့် ကျင့်ဝတ်နှင့် ဥပဒေများကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ပြီး လူသတ်မှုကို ပြောင်ကျကျ ကျူးလွန်နေသော စစ်အုပ်စုခေါင်းဆောင်မင်းအောင်လှိုင်၏ လုပ်ရပ်ကို တာဝန်ခံ ကာကွယ်နေသည့် စစ်တပ်သည် နိုင်ငံတော်ကာကွယ်ရေးအဖွဲ့အစည်းမဟုတ်တော့ဘဲ နိုင်ငံရေးအကြမ်းဖက်အစုအဖွဲ့သာ ဖြစ်ပြီး ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်အပါအဝင် ၄ ဦးကို သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု GSCB က ယနေ့ ထုတ်ပြန်လိုက်သည်။

ယခုဖြစ်စဥ်သည် ဖက်ဆစ်စစ်အာဏာရှင်စနစ်ကို အမြစ်ကဆွဲနှုတ်ရန်၊ ဖက်ဆစ်စစ်တပ်ကို အပြီးသတ်ချေမှုန်းရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် ဖက်ဒရယ်တပ်တော်တစ်ခုကို တည်ထောင်ရန်ဟူသော သမိုင်းလိုအပ်ချက်ကို ဖော်ပြနေသည့် ဖြစ်စဥ်တစ်ခု ဟု GSCB က ဖော်ပြသည်။

ထုတ်ပြန်ချက်တွင် နိုင်ငံရေးဦးဆောင် အဖွဲ့အစည်းများဖြစ်သည့် NUCC, NUGနှင့် CRPH အပါအဝင် တော်လှန်ရေးတပ်ပေါင်းစုများအနေဖြင့်လည်း ဖက်ဆစ်စစ်အာဏာရှင်စနစ်ကို အပြီးသတ်ချေမှုန်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်နိုင်ရေးအတွက် လက်တွေ့ကျသည့် လုပ်ငန်းစဥ်များ ချမှတ် အကောင်အထည်ဖော်ခြင်းကို ညီညွတ်သည့် အခြေခံဖြင့် အရှိန်အဟုန်မြင့် ဆောင်ရွက်ရန် GSCB က တောင်းဆိုထားသည်။

ထင်ရှားသည့် ဒီမိုကရေစီရေးလှုပ်ရှားမှု ခေါင်းဆောင်များကို သတ်ဖြတ်ပြခြင်းအားဖြင့် တိုင်းပြည်ကို အကြောက်တရားနှင့် ဆက်လက်အုပ်ချုပ်ရန် ကြံရွယ်နေသော စစ်အုပ်စု၏ ယခုလုပ်ရပ်သည် ၄င်းတို့အနေဖြင့် တွေ့ဆုံဆွေးနွေး ညှိနှိုင်းအဖြေရှာခြင်းဆိုသည့် နိုင်ငံရေးလုပ်ငန်းစဥ်များနှင့် မထိုက်တန်သော ဖက်ဆစ်စစ်အာဏာရှင်သရုပ်သကန်ကိုလည်း အပြည့်အဝ ပြသနေကြောင်း၊ ပြည်သူများအနေဖြင့်လည်း စစ်အုပ်စု၏ အကြမ်းဖက်အဖွဲ့အစည်းသဖွယ် ရာဇဝတ်မှုကျူးလွန်မှုများကို လက်တုန့်ပြန်သည့်အနေဖြင့် စစ်အုပ်စု၊ စစ်အုပ်စု၏ အဆက်အနွယ်နှင့် အစေအပါးများကို စီးပွားရေးအရ ပြစ်ဒဏ်ခတ်ခြင်း၊ လူမှုရေးအရ ပြစ်ဒဏ်ခတ်ခြင်း၊ နိုင်ငံရေးအရ ပြစ်ဒဏ်ခတ်ခြင်းတို့အား အရှိန်အဟုန်မြင့် ဆောင်ရွက်ကြရန်နှင့် ဖက်ဆစ်တော်လှန်ရေးကို ပါဝင်နိုင်သမျှ အပြည့်အဝ ပါဝင်တော်လှန်ကြပါရန် GSCB က တောင်းဆိုထားသည်။

EROများ၊ PDFများနှင့် လက်နက်ကိုင် တော်လှန်ရေး အင်အားစုများအနေဖြင့် စစ်အုပ်စု၏ ယခုကျုးလွန်မှု အပေါ် စစ်အုပ်စု၊ ၄င်းတို့၏ အဆက်အနွယ်နှင့် အစေအပါးများကို စစ်ရေးအရ ထိရောက်စွာ ဒဏ်ခတ်အရေးယူခြင်း ပြုလုပ်ပါရန်၊ ဖက်ဆစ်စစ်တပ်ကို အပြီးတိုင်ချေမှုန်းရေးအတွက် ဘက်ပေါင်းစုံ ထိုးစစ်ဆင်မှုများအား အရှိန်မြှင့်ပါရန်နှင့် သမိုင်းလိုအပ်ချက်အရ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် ကာကွယ်ရေးအတွက် ဖက်ဒရယ်တပ်တော် ဖြစ်ပေါ်လာရေးကို ယခုအချိန်မှစ၍ ကြိုးပမ်းအားထုတ်ကြပါရန် ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

‘ဓမ္မ လိုလားသူတိုင်း အဓမ္မကို အပြည့်အဝ ဆန့်ကျင်ကြရန် အခြေအနေက နောက်ဆုံး အဆုံးအဖြတ် တောင်းခံလာပြီ ဖြစ်ကြောင်း၊ သွေးကြွေးမှာ ဆွေးနွေးစရာမရှိကြောင်း၊ ‘ဖက်စစ်စစ်အုပ်စုအား ပြည်သူ့တရားခွင်မှာ တရားစီရင်ဖို့သာ ငါတို့ အလိုရှိသည်’ ဟု အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစုက ယနေ့ ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article