31 C
Yangon

တော်လှန်ခြင်းမှတပါး အခြားမရှိတော့ သို့မဟုတ် NUCC အတွက် မေးခွန်းတပုဒ်

Must read

By လမ်းသစ်

ဆန္ဒပြပြပွဲတခု……..အထူးသဖြင့် ရန်ကုန်မြို့ရဲ့ အထင်ကရ ရွှေတိဂုံဘုရား အရှေ့ဖက်မုဒ်အနီး “ ငါတို့ဘယ်တော့မှ .. မကြောက်ဘူး “ ဟူသော ကြွေးကြော်သံများနဲ့အတူ တော်လှန်‌ရေးသီချင်းတပုဒ်ကို ဟစ်ကြွေးရင်း ရဲရင့်စွာ ချီတက်လာတဲ့ လူငယ်ကလေးတွေရဲ့ ဆန္ဒပြထုတ်ဖော်ပွဲ၊… ထင်ရှားစွာ မြင်လိုက်ရသည်က ….သူတို့လေးတွေရဲ့ မျက်နှာတွေက တစုံတခုကို ပြတ်ပြတ်သားသားနဲ့ စိတ်ပိုင်းဖြတ်ထားဟန်…..

လူပီသတဲ့ဘဝတွေရဖို့ …. “တော်လှန်ခြင်းမှတပါး အခြားမရှိ “ ဆိုတဲ့သတင်းစကားကို ဆောင်လျက် ရှေ့ဆုံးက ချီတက်လာစဥ် နောက်ဖက်နားမှာ ဖြတ်ခနဲ တွေ့လိုက်ရတာက “NUG၊ NUCC ဖြေးဖြေးနှေးနှေး အေးအေးဆေးဆေးပဲလား” ဆိုတဲ့ လက်ကိုင်ပို့စတာတခု။

အရင်က NUG အကြောင်း NUCC အကြောင်း အနည်းငယ်ဝေဖန်မိလျှင်ပင် … မပြောနဲ့ တော်လှန်ရေး ထိခိုက်မယ်၊ ညီညွတ်မှု ထိခိုက်မယ်၊ စစ်တပ်အကွက်ထဲ ဝင်သွားလိမ့်မယ်…စသဖြင့် သတိထား ပြောဆိုလေ့ရှိတဲ့ လူငယ်တွေဆီက ဒီလို NUGG/ NUCC နဲ့ ပတ်သတ်တဲ့ သရော်စာဆန်ဆန် ဝေဖန်ထားတဲ့ သတင်းစကား ထွက်လာခြင်းဟာ အကြောင်းမဲ့တော့ မဟုတ်တန်ရာ။

တနည်းအားဖြင့် … ဒါဟာ နေ့စဥ်နဲ့အမျှ အသက်တွေ သွေးချွေး ဘဝတွေ ပေးဆပ်တိုက်ပွဲဝင်နေတဲ့ လူငယ်ထုကနေ လက်ရှိတော်လှန်ရေးကို ဦးဆောင်နေတဲ့ ခေါင်းဆောင်များထံ တော်လှန်ရေးတခုမှာ “အရှိန်နဲ့ အချိန်” ကို ချိန်သားကိုက် လုပ်ဆောင်နိုင်ဖို့ဆိုတာ အလွန်အရေးကြီးအကြောင်း နှိုးဆော် လိုက်သည့်လေအလား …။

ဤနေရာမှာ တော်လှန်ရေးကို ဦးဆောင်နေသူများဆိုရာမှာ အဓိကအားဖြင့် NUG၊ NUCC ဟုဆိုနိုင်တာကြောင့် NUG နဲ့ NUCC ကို အကြောင်းမဲ့ ဝေဖန်ပြစ်တင်ခြင်းမျိုးထက် တော်လှန်ရေးအစိုးရပီသစွာ တနည်း တော်လှန်ရေးကို ဦးဆောင်နေတဲ့ အစုအဖွဲ့ ပီသစွာ တော်လှန်ရေးပန်းတိုင်ကို မျက်ခြေမပြတ်ပဲ တာဝန်များကို ပိုမို မြန်ဆန်ထိရောက်စွာ ထမ်းဆောင်ဖို့ သတိနှင့်ဝေဖန် တွန်းအားပေးခြင်းလည်း ဖြစ်ပုံရပါတယ်။

ပြည်သူတဦးအနေနဲ့ ရှင်းလင်းစွာ ဖွင့်ဟရမည်ဆိုလျှင်လည်း တော်လှန်ရေးရဲ့ လိုအပ်ချက်အရ ပေါ်ပေါက်လာတဲ့ “NUG နဲ့ NUCC ကို ဆက်လက်ထောက်ခံသွားရမှာပါ” ဆိုတာက အပိုအလို မရှိ။

ဒါပေမဲ့ နိုင်ငံရေးအရ ထောက်ခံတယ် ဆိုတဲ့နေရာမှာ NUG ဘာလုပ်လုပ်၊ NUCC ဘာလုပ်လုပ် ကျိုးကြောင်း ဆင်ခြင်မှု ရှိ/မရှိ၊ လုပ်ရပ်တွေ မှန်ကန်တည့်မတ်ခြင်း ရှိ/မရှိ၊ ရှေ့နောက်ညီ/ မညီနဲ့ တိုင်းပြည်အပေါ် သက်ရောက်မှု စတာတွေကို မစဥ်းစား မချင့်ချိန်ပဲ၊ မျက်စိပိတ် နားပိတ် ပါးစပ်ပိတ် ထောက်ခံတဲ့ သတိလက်လွတ် ထောက်ခံမှုမျိုးကတော့ ရှောင်ကြဥ်ရမှာ ဖြစ်ပါတယ်။

အထူးသဖြင့် ခြောက်လတကြိမ် ပေါ်လို့လာရမဲ့ NUCC ရဲ့ ပြည်သူညီလာခံကြီးကလည်း သတင်းအစအနပင် မကြားရ၊ NUCC ဘာလုပ်နေလဲ ဘာဖြစ်နေလဲ ဆိုတာကလည်း ကောက်ရိုးပုံကြား အပ်ပျောက်ရှာရသည့်သဖွယ် ရှာရခက်၊ သိရခက် ဖြစ်နေဆဲ .. ဖြစ်နေမြဲ ပင် ….။

NUCC လို့ အတိုခေါက်ခေါ်လေ့ရှိတဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ ဆိုတာက မူဝါဒနဲ့ ပေါ်လစီ အပိုင်းမှာ NUG နဲ့ CRPH ကို Political Guiding ပေးနိုင်ဖို့ အတွက် ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတခု။ နှစ် ၇၀ ကျော် ပဋိပက္ခတွေရဲ့ အဖြေဖြစ်မဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေးအတွက် လုပ်ဆောင်ဖို့ Mandate ရှိပြီးသား အဖွဲ့အစည်းတခု။

ဒီလို တိုင်းပြည်ရဲ့ အမြင့်ဆုံးစုဖွဲ့မှုဖြစ်တဲ့ NUCC စုဖွဲ့မှုထဲက မကြာသေးမှီကာလအတွင်း NLD ပါတီနဲ့ KPICT တို့က အလျိုလျို ထွက်ခွာသွားတာ တွေ့ရသလို၊ သက်ဆိုင်ရာ တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေအနေနဲ့ NUCC အားကောင်းရာ အားကောင်းကြောင်း ကြိုးပမ်းရမဲ့အစား၊ NUCC ကိုဖယ်ကျဥ်လာတဲ့ လုပ်ဆောင်ချက်တွေကို တွေ့လာရတော့ ဖက်ဒရယ်တိုင်းပြည်ကို တကယ်ပဲ တည်ဆောက်ချင်ရဲ့လား ဆိုတာ စဥ်းစားစရာ ဖြစ်လို့လာပါတယ်။

သေချာတာကတော့ တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေ မပါပဲ တိုင်းပြည်တည်ဆောက်လို့ မရဘူး ဆိုတာကို ဒီမိုကရေစီ အပြည့်အဝ ရရှိခဲ့တဲ့ ဖဆပလ ခေတ်ကထဲက အခုချိန်ထိ နှစ် ၇၀ ကျော်ကြာ ပြည်တွင်းစစ်က သက်သေပြနေပါတယ်။ ဒီလို တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ လက်ရှိတော်လှန်ရေးထဲ ထဲထဲဝင်ဝင် ပါလာဖို့ ဆိုတာကလည်း တိုင်းရင်းသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် တို့ကို အာမခံတဲ့ ကြားကာလ အခြေခံဥပဒေကဲ့သို့သော နိုင်ငံရေးကတိကဝတ် ရှိဖို့က အဓိကလိုအပ်ချက် ဖြစ်လို့နေပြန်ပါတယ်။

ဒါပေမဲ့ … ဒါတွေဟာ တိုင်းရင်းသားအရေးဆို ပါတီအောက်ကပဲ လုပ်ရမယ်ဆိုတဲ့ ပုံစံနဲ့ လုပ်နေသမျှ ကာလပတ်လုံး၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ မျက်နှာစုံညီ ဆွေးနွေးခြင်းထက် တဖွဲ့စီ ခွဲထုတ်ပြီး နှစ်ကိုယ်ကြား (bilateral) ဆွေးနွေးနေသမျှ ကာလပတ်လုံး၊ NUCC ကနေ ရေးဆွဲခဲ့ပြီး ပြည်သူ့ညီလာခံမှာ အတည်ပြုထားတဲ့ ဖယ်ဒရယ် ဒီမိုကရေစီပဋိညာဉ်အစိတ်အပိုင်း ၂၊ အခန်း ၈၊ ပုဒ်မ ၅၂ ၊ ၅၃ ပါ ကိုယ်ပိုင်ပြဌါန်းခွင့်ဆိုင်ရာ လုပ်ပိုင်ခွင့်အချက်တွေကို ကျော်လွန်ပြီး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေကို တိုင်းရင်းသားဒေသအချို့မှာ ထူထောင်ဖို့ကြိုးစားနေသမျှ ကာလပတ်လုံး၊ တိုင်းရင်းသားတွေရဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌန်းခွင့်ကို အာမခံတဲ့ ကြားဖြတ်အခြေခံ ဥပဒေတရပ်ကို ယခုလို တော်လှန်ရေးကာလအတွင်း ရေးဆွဲအတည်ပြုဖို့ တွန့်ဆုတ်နေသမျှ ကာလပတ်လုံး၊ NLD ပါတီရဲ့ ကိုယ်ပွားတွေဖြစ်တဲ့ CRPH နဲ့ NUG တို့ ဦးဆောင်နေတဲ့ အာဏာရှင်ကို ဖြုတ်ချမဲ့ လက်ရှိတော်လှန်ရေးထဲမှာ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေ စိတ်ရောကိုယ်ပါ ထဲထဲဝင်ဝင် ပါဝင်လာဖို့ဆိုတာ ဖြစ်လာမှာ မဟုတ်ပါဘူး။

ဒါကြောင့် လက်ရှိတော်လှန်ရေးကို နိုင်ငံနဲ့အဝှမ်း တော်လှန်ရေးအုပ်စုအားလုံး ဘုံသဘောတူညီချက်နဲ့ ပါဝင်လာဖို့ဆိုရင် တစုတဖွဲ့က ဦးစီးဦးဆောင်ပြု အကောင်အထည် ဖော်သည်ထက် မြန်မာ့သမိုင်းမှာ စုဖွဲ့မှုအကောင်းဆုံးလို့ ဆိုနိုင်တဲ့ အရောင်အသွေးစုံလင်တဲ့ NUCC အဖွဲ့ကသာလျှင် အကောင်အထည်ဖော်ဖို့ အသင့်တော်ဆုံးဖြစ်လာမှာဖြစ်ပြီး၊ လက်ရှိအချိန်အထိ ရရှိထားတဲ့ နိုင်ငံရေးသဘောတူညီချက်များနဲ့လည်း ကိုက်ညီမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီလိုအရေးကြီးလှတဲ့ လုပ်ငန်းတွေကို အကောင်အထည်ဖော်ဖို့ တာဝန်ရှိတဲ့ NUCC အဖွဲ့ကြီးကလည်း ဆန္ဒပြလူငယ်များ သရော်ထားသည့်သဖွယ် “ဖြေးဖြေးနှေးနှေး အေးအေးဆေးဆေးပဲလား” ဟု ဆိုရလောက်အောင် လက်ရှိလပိုင်းများအတွင်း တုံဏှိဘာတွေ … တုတ်တုတ်မှမလှုပ်….

ဆိုတော့…
လက်ရှိ NUCC အဖွဲ့ကြီးအနေအထားနဲ့ ကြီးလေးလှတဲ့ တော်လှန်ရေး တာဝန်တွေကို ဆက်လက်ထမ်းဆောင်နိုင်ပါ့မလား ဆိုတဲ့ မေးခွန်းထွက်လို့ လာပါတယ်။ ဒါကြောင့် NUCC ရဲ့ လက်ရှိအခြေအနေဟာ တစုတဖွဲ့ကို အပြစ်တင် ပုံချခြင်းထက်၊ လက်ရှိ စုဖွဲ့မှုအတွင်း ဖြစ်ပျက်နေတာကို ပွင့်လင်းမြင်သာစွာနဲ့ အဖြေရှာရမှာ ဖြစ်သလို၊ အားကောင်းဖို့အတွက်လည်း အားလုံးဝိုင်းဝန်းကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။ အဲ့လိုမှ မဟုတ်ဘူး ဆိုရင်တော့ ဒါဟာ NUCC မှာ ပါဝင်ခဲ့/ နေတဲ့ အဖွဲ့အားလုံးမှာ တာဝန်ရှိသွားမှာ ဖြစ်ပါတယ်။

တနည်းအားဖြင့် မြန်မာ့သမိုင်းမှာ စုဖွဲ့မှု အားအကောင်းဆုံးလို့ ဆိုနိုင်တဲ့ တော်လှန်ရေး လိုအပ်ချက်အရ ပေါ်ပေါက်လာတဲ့ NUCC အဖွဲ့ကြီးဟာ လက်ရှိအခက်အခဲတွေကို ပွင့်လင်းမြင်သာစွာ အဖြေရှာခြင်း မရှိ၊ ပြန်လည်အားကောင်းလာအောင် ကြိုးပမ်းမှု မရှိနဲ့ တဖြေးဖြေး ဖယ်ကျဥ်ခံဘဝနဲ့ အဆုံးသတ်သွားမယ်ဆိုရင်တော့ တချို့သော တာဝန်ရှိသူတွေဟာ သမိုင်းရဲ့ တရားခံအဖြစ် မှတ်တမ်းတင် ကျန်ရစ်ခဲ့မှာပဲ ဖြစ်ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article