25 C
Yangon

မလေးရှားတွင် ယခု ရက်ပိုင်းအတွင်း တရားမဝင် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ရာနှင့်ချီ ဖမ်းဆီးခံရ

Must read

မလေးရှားတွင် ယခု ရက်ပိုင်းအတွင်း တရားမဝင် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ရာနှင့်ချီ ဖမ်းဆီးခံရ

ရန်ကုန်| မေ ၁၉

မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ်၊ ကလန်းမြို့ရှိ မြန်မာများနေထိုင်ရာ တန်းလျားများနှင့် ကလန်းမြို့ရှိ အီလက်ထရွန်နစ်စွန့်ပစ်ပစ္စည်း စက်ရုံတို့ကို မလေးရှား အာဏာပိုင်များက ဝင်ရောက်စီးနင်းမှုကြောင့် မြန်မာနိုင်ငံသားများ ရာနှင့်ချီ ဖမ်ဆီးခံခဲ့ရသည်။

မေ ၁၆ရက်နေ့ က ဆလန်ဂေါပြည်နယ်၊ ကလန်းမြို့ရှိ အီလက်ထရွန်နစ်စွန့်ပစ်ပစ္စည်း စက်ရုံကို မလေးရှား အာဏာပိုင်များက ဝင်ရောက်ဖမ်းဆီးမှုကြောင့် အထောက်အထား မပြည့်စုံသူ စုစုပေါင်း ၃၃ ဦး ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသည်။

ယင်းအထဲတွင် တရုတ်နိုင်ငံသား ၂ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၂၇ ဦး၊ ကမ္ဘောဒီးယား အမျိုးသား ၂ ဦး၊ မြန်မာ အမျိုးသမီး ၁ ဦးနှင့် ကမ္ဘောဒီးယား အမျိုးသမီး ၁ ဦးတို့ ပါဝင်ကြောင်း လိုက်လံ ကူညီဆောင်ရွက်နေသူများက ပြောသည်။

အလားတူ မေလ ၁၄ ရက်နေ့ ညကလည်း မလေးရှားနိုင်ငံ ကလန်းမြို့ ဥတ္တမတွင် နေထိုင်သူများကို မလေးရှား အာဏာပိုင်များက ဝင်ရောက်ဖမ်းဆီးခဲ့ရာ မြန်မာနိုင်ငံသား ၄၀၀ နီးပါး ဖမ်းဆီးခံခဲ့ရပြီး ယင်းအထဲတွင် ရခိုင်လူမျိုး အများအပြား ပါဝင်သည်။

ဖမ်းဆီးခံရသည့်အကြောင်းအရာမှာ အသိမိတ်ဆွေများနှင့် နေအိမ်အတွင်း ဖဲကစားရမှ နိုင်လာသည့် မလေးရှားငွေ RM ၅၀၀၀ ကျော်နှင့် ဖုန်းသွားရောက် ဝယ်ယူရာတွင် ပိုက်ဆံအတုဖြစ်၍ ဆိုင်ရှင်မှ ရဲထံသို့ ဖုန်းဆက်တိုင်းကြားကာ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက်တွင် ငွေအတုဖြင့် ဖုန်းဝယ်ယူသူကို မလေးရှား ရဲတပ်ဖွဲ့က ဖမ်းဆီးပြီးနောက် ဆက်လက်စစ်ဆေးရာတွင် ဆက်စပ်သတင်းများအရ ၎င်းနေထိုင်ရာ ကလန်းမြို့ ဥတ္တမ ဧရိယာဝန်းကို ဝင်ရောက်စီးနင်းရှာဖွေခဲ့ကြောင်း သိရှိရသည်။

အထောက်အထားအပြည့်စုံရှိ၍ ပြန်လည် လွတ်မြောက်လာသူတစ်ဦးက “ပိုက်ဆံအတု ရတယ်ဆိုပြီးတော့ ရဲတပ်ဖွဲ့ဝင်အများအပြားနဲ့ ကလန်းမြို့ ဥတ္တမကို ညပိုင်းမှာ အကုန်ဝင်စီးတာပါ။ အဲ့ဒီနေရာက မြန်မာတွေ အရမ်းများတယ်။ တရားမဝင်တာတွေရော၊ တရားဝင်တာတွေ အကုန်ဖမ်းဆီးခံရတယ်။ လူဦးရေ ၄၀၀ နီးပါး ဖမ်းဆီးခံရတာပါ။ အထောက်အထားမပြည့်စုံသူက များတယ်။ အကုန်လုံးကို ထောင်ကို ပို့လိုက်တယ်”ဟုပြောသည်။

အဆိုပါ ဖမ်းဆီးခံရသူများထဲတွင် ရခိုင်လူမျိုး ၁၀၀ ကျော်ပါဝင်ပြီး ရခိုင်အမျိုးသမီး ၄၀ နီးပါး ပါဝင်ကြောင်း အများအပြားမှာ အထောက်အထားမဲ့ နေထိုင်သူများဖြစ်ကြောင် ဖမ်းဆီးခံရသူများ လွတ်မြောက်ရေး လုပ်ဆောင်နေသူတစ်ဦးက ပြောသည်။

“ပြန်လွတ်ဖို့ မလွယ်ဘူး။ မလေးရှားလဝကနှင့် ရဲတပ်ဖွဲ့တို့က အထက် ညွန်ကြားချက်နဲ့ တိုက်ရိုက်ဖမ်းဆီးတာဖြစ်တယ်။ အထောက်အထား ရှိတဲ့သူတွေကတော့ လွှတ်မှာပေါ့နော်။ အထောက်မပြည့်စုံတဲ့သူတွေ လွတ်ဖို့မလွယ်ဘူး။ သေချာပေါက်ထောင်ကျမှာပဲ။ ပြီးတော့ မြန်မာပြည်ကို အပို့ခံရမှာပါ”ဟုပြောသည်။

ပြီးခဲ့သည့် မေလ ၈ရက် နေ့ ဂျိုဟိုးပြည်နယ် အလူမီနီယံ စက်ရုံနှင့် မေလ ၁၂ ရက်နေ့ နံနက် အစောပိုင်းကလည်း ဂျိုဟိုးပြည်နယ် ဂလန်းပါသ မြန်မာနိုင်ငံသားအများအပြား ဖမ်းဆီးခံခဲ့ရသလို မေလ ၁၇ရက်နေ့ ကွာလာလမ်ပူ ဆောက် လုပ်ရေးဆိုဒ်အတွင်း မြန်မာ အများအပြား ဖမ်းဆီးခံခဲ့ရသည်။

ပုံစာ- မလေးရှားနိုင်ငံတွင် ဖမ်းဆီးခံရသည့် မြန်မာများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article