25 C
Yangon

တံတားဦးနှင့် ငါန်းဇွန်မြို့နယ်အတွင်း လှည့်လည်ပြီး ကျေးရွာနှင့်နေအိမ်များကို မီးရှို့ဖျက်ဆီး ပစ္စည်းများ လုယက် နေသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုများပြား

Must read

တံတားဦးနှင့် ငါန်းဇွန်မြို့နယ်အတွင်း လှည့်လည်ပြီး ကျေးရွာနှင့်နေအိမ်များကို မီးရှို့ဖျက်ဆီး ပစ္စည်းများ လုယက် နေသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုများပြား

ရန်ကုန်၊ မေ ၁၉

မန္တလေးတိုင်း၊ တံတားဦးနှင့် ငါန်းဇွန်မြို့နယ်အတွင်း လှည့်လည်ပြီး ကျေးရွာနှင့်နေအိမ်များကို မီးရှို့ဖျက်ဆီး ပစ္စည်းများ လုယက် နေသော စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုများပြားကြောင်း တံတားဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ဒုတာဝန်ခံ ကိုလေးလှိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၁၂ ရက်နေ့မှ မေလ ၁၄ ရက်နေ့အထိ တံတားဦးမြို့နယ်နှင့် ငါန်းဇွန်မြို့နယ်တို့အတွင်း လှည့်လည်သွားလာ၍ ကျေးရွာများ၊ ပြည်သူ့နေအိမ်များကို ဖျက်ဆီးခြင်း၊ ပစ္စည်းဥစ္စာများ အတင်းအဓမ္မ လုယက်ယူခြင်းများ ပြုလုပ်နေသော အကြမ်းဖက် စစ်ကောင်စီတပ်ကို တံတားဦးမြို့နယ် ပကဖနှင့်အတူ တော်လှန်ရေး အင်အားစုများ ပူးပေါင်း၍ မိုင်းမစ်ရှင်၊ ဒရုန်းမစ်ရှင်၊ လက်နက်ကြီးများ၊ ထိတွေတိုက်ပွဲများဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က အသေအပျောက်များကြောင်း ၎င်းကဆိုသည်။

မေလ ၁၂ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန် မန္တလေးတိုင်း တံတားဦးမြို့နယ်နှင့် ငါန်းဇွန်မြို့နယ် အကြား ကျွဲဇိမ် နှင့် နဝရတ် အကြားမိုင်းကွင်းပေါ်တွင် တည့်တည့်ရပ်နေသော စစ်ကား ၂စီးကို တော်လှန်ရေးအင်အားစုများက ပဒေသာမိုင်းများဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ အကျအဆုံးများပြီး ထိခိုက်မှုလည်း များခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီက ထန်းတပင်ရွာထဲသို့ ဝင်ရောက်စီးနင်းခဲ့ရာ ကျေးရွာထဲမှပြည်သူများကို တော်လှန်ရေးအင်အားစုများက အချိန်မီကယ်ထုတ်နိုင်ခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်သားများက ထန်းတပင်ရွာထဲတွင် တပ်စွဲထားချိန် မေလ ၁၂ ရက်နေ့ မွန်းလွဲ ၁နာရီအချိန်ခန့် ဒရုန်းဖြင့် ဗုံးကျဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများ လုပ်ဆောင်ခဲ့ရာ စစ်ကောင်စီတပ်က အထိနာ၍ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

မေလ ၁၃ ရက်နေ့ တော်လှန်ရေးအင်အားစုများက ထန်းတပင်ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို လက်နက်ကြီးများဖြင့်ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီက တန်ပြန်ပစ်ခတ်လာကြောင်း၊ နှစ်ဖက် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက ဒရုန်း များ၊ လက်နက်ကြီးများ ဖြင့်ပြန်လည်ခုခံတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

မေလ ၁၄ ရက်နေ့တွင် တော်လှန်ရေးအင်အားစုများက ထန်းတပင်ကျေးရွာရှိ စစ်ကောင်စီတပ်ကို လက်နက် ကြီး လက်နက်ငယ်များနှင့်တိုက်ခိုက်ခဲ့ကြောင်း စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးလက်နက်ငယ်များဖြင့် ပြန်လည်ခုခံတိုက်ခိုက်ခဲ့သည့်အတွက် ထိတွေ့တိုက်ပွဲ ၄၅ မိနစ်ကြာမြင့်ခဲ့ကြောင်း၊ တော်လှန်ရေးတပ်များဘက်မှ အထိအခိုက်မရှိကြောင်း သိရှိရသည်။

” ၃ရက်တာ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီမှာ ထိခိုက်သေဆုံးမှု များတယ်။ တော်လှန်ရေး ရဲဘော်တွေ ပြန်ဆုတ်လမ်း ရှင်းဖို့ အချိန်ယူရသေးတာမို့ သတင်းကို အခုမှ ကျနော်တို့ ထုတ်ပြန်နိုင်တာပါ” ဟု တံတားဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ဒုတာဝန်ခံ ကိုလေးလှိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စစ်ဆင်ရေး တိုက်ခိုက်မှုများကို တံတားဦးမြို့နယ် ပကဖ နှင့်အတူ Youths of Mandalay (Y.O.M)၊ မြင်းခြံခရိုင် တပ်ရင်း အမှတ် ၆ တပ်ခွဲ ၃ (Special Task Force – NgaZun)၊ ဧရာဝတီမင်းသား ၊ ရွှေဂျိုးဖြူ ပြည်သူကာကွယ်ရေးအဖွဲ့တို့ က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article