31 C
Yangon

တော်လှန်ရေး ရဲဘော်များ ပါဝင် ယှဉ်ပြိုင်နိုင်မည့် “D-Day တစ်နှစ်ပြည့် ကဗျာပြိုင်ပွဲ” MFDMC ကျင်းပမည်၊ စစ်တပ်က အပြင်းအထန် ထိုးစစ် ဆင်နေသော တောင်ပိုင်းတိုင်းဒေသကို ကူညီကြရန် ပြည်သူများကို နှိုးဆော်

Must read

ရန်ကုန်၊ ဩဂုတ် ၂၅

မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် – (MFDMC) က “D-Day တစ်နှစ်ပြည့် ကဗျာပြိုင်ပွဲ” ကို ကျင်းပမည်ဖြစ်ပြီး အကြမ်းဖက် စစ်အာ ဏာရှင်ကို တော်လှန်တိုက်ပွဲဝင်နေသည့် ပြည်နယ်နှင့် တိုင်းအသီးသီးမှ PDF ရဲဘော်များ၊ LPDF ရဲဘော်များ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ (EROs) များထဲရှိ ရဲဘော်များနှင့် UG ရဲဘော်များ အားလုံး ပါဝင်ယှဉ်ပြိုင်နိုင်မည် ဖြစ်ကြောင်း MFDMC ထံမှ သိရှိရသည်။

“D-Day တစ်နှစ်ပြည့် ကဗျာပြိုင်ပွဲ”ကို ပြည်သူများထဲမှာမှ ရှေ့တန်းတွင် အသက်နှင့် ရင်းပြီး တိုက်ပွဲဝင်နေကြသည့် ရဲဘော်များ၏ ခံစားချက်များကို ကဗျာအဖြစ်နှင့် ရေးစပ်ပြီး ပြည်သူလူထုအားလုံးကို ခံစားစေချင်ပြီး တော် လှန်ရေးရဲဘော်တွေရဲ့ ခံစားချက်၊ နာကျည်းချက်များမှ တစ်ဆင့် ပြည်သူလူထုကို တော်လှန်ရေးစိတ်များ ပိုမိုနိုးကြားလာစေချင်သည့် ရည်ရွယ်ချက်အပြင် ပြည်သူအားလုံး လက်နက်ကိုင်ပြီး တိုက်ပွဲ မဝင်နိုင်သော်လည်း လုပ်အားခ၊ ထောက် ပို့တပ်သားအဖြစ် လူတိုင်း ပါဝင်၍ ရကြောင်း သိရှိရသည်

ပြည်ပနိုင်ငံအသီးသီးမှ ပြည်သူများအနေဖြင့် MFDMC – ပြည်ပထောက်ပို့တပ်တွင် ပူးပေါင်းပါဝင်ပြီး တော်လှန်ရေးမှာ ပါဝင်လို့ရကြောင်း သိစေချင်သည့် ရည် ရွယ်ချက်များဖြင့် ပြုလုပ်ခြင်း ဖြစ်သည်။

ကဗျာပြိုင်ပွဲတွင် ဆုကြေးငွေအဖြစ် ငွေကျပ် သိန်း ၅၀၀ ထောက်ပို့ ပေးအပ်သွား မည် ဖြစ်ပြီး ပြည်နယ်၊ တိုင်းတစ်ခုချင်းစီတွင် ပထမ၊ ဒုတိယ၊ တတိယ သုံးဆုစီ ချီးမြှင့်သွားမှာဖြစ်၍ ပြည်နယ်၊ တိုင်း ၁၄ ခုအတွက် စုစုပေါင်း ၄၂ ဆု ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

တစ်နိုင်ငံလုံးရှိ UG ရဲဘော်တွေအတွက်လည်း ပထမ၊ ဒုတိယ၊ တတိယ သီးသန့် ၃ ဆု ချီးမြှင့်ဖို့ စီစဉ်ထားကြောင်း၊ ဆုရကဗျာများထဲမှ ပြည်သူများကို ပြန်လည်ရွေးချယ်စေပြီး အထူးဆု ၃ ဆု ထပ်ပြီး ချီးမြှင့်ဖို့လည်း စီစဉ်ထား၍ စုစုပေါင်း ဆု အရေအတွက် ၄၈ ဆု ချီးမြှင့်မည် ဖြစ်ကြောင်း MFDMC ထံမှ သိရှိရသည်။

D- Day တစ်နှစ်ပြည့် ကဗျာပြိုင်ပွဲသို့ ကဗျာအရှည်အနေနှင့် A4 စာမျက်နှာ ၂ မျက်နှာအထိ ရေးစပ်သီကုံး ပေးပို့နိုင်ပြီး ပြိုင်ပွဲဝင်ကဗျာများနှင့် ပတ်သက်၍ စည်းကမ်းချက်များ ထူးထူးခြားခြား သတ်မှတ်ထားခြင်းမျိုး မရှိဘဲ စည်းလုံးမှု ပြိုကွဲစေမည့် စာသားများ၊ တော်လှန်ရေးကို အားယုတ်စေမယ့် အရေးအသားမျိုးမှ လွဲလျှင် ကြိုက်နှစ်သက်သလို ရေးစပ်ပြီး ပြိုင်ပွဲဝင်နိုင်မည် ဖြစ်ကြောင်း၊ပြိုင်ပွဲဝင် ကဗျာတွေကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့ နောက်ဆုံးထား ပေးပို့ရမည် ဖြစ်ပြီး စက်တင်ဘာလ ၁၈ ရက်နေ့တွင် ဆုချီးမြှင့်သွားမှာ ဖြစ်ကြောင်း MFDMC က ပြောကြားသည်။

ပြိုင်ပွဲဝင် ကဗျာများနှင့် ပြိုင်ပွဲဝင်သူများ၏ အချက်အလက်များကို https://bit.ly/ddaypoem သို့ ဝင်ရောက်ပြီး Google Form မှာ ဖြည့်သွင်းပေးပို့ရမှာ ဖြစ်ကာ မရှင်းလင်းသည့် အချက်အလက်များ ရှိပါက MFDMC Facebook Page (https://m.facebook.com/MFDMCkorea/ )၏ messenger မှတစ်ဆင့် စုံစမ်းမေးမြန်းနိုင်မည် ဖြစ်သည်။

ထို့ပြင် တောင်ပိုင်းတိုင်းစစ်ဒေသ၊ တပ်မဟာ(၆)နယ်မြေအတွင်း လတ်တလောဖြစ်ပွားနေသော တိုက်ပွဲများအတွက် အရေးပေါ်လိုအပ်နေသော ခဲယမ်းများထပ်မံဖြည့်တင်းနိုင်ရန် အားဖြည့် ကူညီဖြည့်ဆည်းပေးသော မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် (MFDMC) ထောက်ပံ့တပ်သားများကို တပ်မဟာ(၆)စစ်ဆင်ရေး တာဝန်ရှိသူတစ်ဦးအနေဖြင့် အထူး ကျေးဇူးတင်ရှိပါကြောင်းနှင့် ထပ်မံပြီးလိုအပ်ချက်များကိုလည်း ကူညီဆောင်ရွက်ပေးစေလို ကြောင်း MFDMC က မေတ္တာရပ်ခံထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article