32 C
Yangon

ကသာနှင့် ရွှေကူမြို့နယ် အစပ်တွင် အကြမ်းဖက်စစ်တပ်နှင့် မြို့လှ PDF ကြား တိုက်ပွဲဖြစ်ပြီး စစ်သား ၄ ဦးသေဆုံး၊ ရေစကြိုတွင် စစ်တပ်နှင့် PDF များတိုက်ပွဲဖြစ်ပြီး နှစ်ဖက်ကျဆုံးမှုရှိ

Must read

ရန်ကုန်၊ စက်တင်ဘာ ၉

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ချောင်းဝကျေးရွာနှင့် ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ မင်းကျောင်းကုန်းကျေးရွာကြားတွင် အကြမ်းဖက်စစ်တပ်နှင့် မြို့လှ KPDF ကြား စက်တင်ဘာလ ၈ ရက် ယမန်နေ့တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၄ ဦးသေဆုံးကာ ၅ ဦးထက်မနည်း ဒဏ်ရာရကြောင်း မြို့လှ KPDF က သတင်းထုတ်ပြန်သည်။

မိုးတားလေးကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ်တပ်သည် အင်အား ၈၃ ဦးဖြင့် ချောင်းဝနှင့် မင်းကျောင်းကုန်းကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာစဉ် နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် မြို့လှ KPDF က မိုင်း ၇ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီစစ်ကြောင်းသည် မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် နှစ်ဖွဲ့ကွဲသွားကာ ချောင်းဝကျေးရွာအတွင်းသို့ တပ်ဆုတ်ခွာသွားကြောင်း မြို့လှ KPDF ရဲဘော်များ ထိခိုက်မှု မရှိကြောင်း သိရှိရသည်။

အလားတူ မကွေးတိုင်း အင်ပင်နှင့် ကိုးပင် အကြားရှိ အကြမ်းဖက် စစ်တပ် ဂိတ်စခန်းနှင့် ဆင်ချောင်းဆယ်ဘောင်ပေါ်ရှိ ကင်းပုန်းတို့ကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Shwe Nyar Myae (PDF) ထံမှ သိရသည်။

စက်တင်ဘာလ ၇ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်တွင် ဆင်ချောင်း ဆယ်ဘောင်ပေါ်ရှိ အကြမ်းဖက် စစ်တပ် ကင်းပုန်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၈ ရက်နေ့ ညနေ ၃ နာရီခန့်တွင် အင်ပင်နှင့် ကိုးပင်ကြားရှိ အကြမ်းဖက် စစ်တပ် ဂိတ်စခန်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး PDF ရဲဘော် ၂ ဦးကျဆုံးကာ စစ်သားများ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

” ၈ ရက်နေ့ ညနေ ၃ နာရီ လောက်မှာ မကွေးတိုင်း အင်ပင်နဲ့ ကိုးပင်ကြားမှာရှိတဲ့ ခွေးဂိတ်ကို တိုက်ခိုက်တာ ပြည့်သူ့ PDF ရဲဘော် ကိုဘငြိမ်းနဲ့ ရဲဘော် တစ်ဦး ကျဆုံးခဲ့ပါတယ်။ ခွေးတွေဘက်ကတော့ အကျအဆုံး မသိရသေးပါဘူး” ဟု PDF ရဲဘော် တစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Shwe Nyar Myae(PDF)၊ KING COBRA People’s Defense Force(PDF)| Urban Underground Revolution Force(UURF)| Yesagyo Revolution Group (YRG) ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဓါတ်ပုံ – မြို့လှ KPDF တပ်ဖွဲ့ဝင်များ (ပုံအဟောင်းဖြစ်ပါသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article