25 C
Yangon

သံဖြူဇရပ်တွင် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး ၉ ဦးသေဆုံး၊ ရွှေဘိုတွင်လည်း စစ်ကောင်စီ တပ်သားများ မိုင်းဆွဲခံရပြီး ၁ ဦးသေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး ၉ ဦးသေဆုံးကြောင်း သိရသည်။

နိုဝင်ဘာလ ၁ ရက်နေ့ ညနေ ၃ နာရီ ၁၀ မိနစ်ခန့်တွင် လမ်းကင်းချရန် ကား ၂ စီးဖြင့် ရောက်လာသော စစ်ကောင်စီ တပ်သားများသည် ဝဲခမိရွာနှင့် ရွာသာအေးရွာ အကြားတွင် ကားပေါ်မှ ဆင်းလာပြီး ခြေလျင် တက်လာစဥ် ပစ်ခတ် တိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ည ၇ နာရီခန့်တွင်လည်း စစ်ကောင်စီတပ်သားများ လိုက်ပါလာသော ကား ၆ စီးသည် သံဖြူဇရပ်မြို့မှ ရေးမြို့ဘက်သို့ သွားစဥ် ရွာသာအေးရွာ အရောက်၌ ခြေလျင် ချီတက်လာပြီး ရွာသာအေးရွာနှင့် ပိန္နဲတောရွာ အကြား အရောက်၌ ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မွန်ပြည်နယ် တောင်ညိုပြည်သူ့ပြောက်ကျား တပ်ဖွဲ့က လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ကျောက်မြောင်းမြို့နယ်တွင် စစ်ကောင်စီ စစ်ကြောင်း ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၁ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ကျောက်မြောင်းမြို့ တောင်ဘက် ဟင်္သာကြီးကျေးရွာတွင် စစ်တပ်စွဲထားသော စစ်ကောင်စီတပ်မှ ပျူစောထီး ၅ ဦး ဘိုးနတ်တောင်ဘက်သို့ ထွက်ခွာလာစဥ် ရွှေဘိုမြို့နယ် (ပကဖ) နတ်တောင်နဂါး ပြည်သူ့ကာကွယ်ရေး အဖွဲ့မှ အဝေးထိန်း မိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး ပျူစောထီး ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

နံနက် ၁၁ နာရီ ၄၀ မိနစ်တွင် ကျောက်မြောင်းမြို့နယ်တောင်ဘက်ရှိ မခေါက်ကျေးရွာတွင် တပ်စွဲ ထားသော စစ်သားနှင့် ပျူစောထီး အင်အား ၄၀ ခန့်ပါ စစ်ကြောင်းသည် ကျောက်ကြမ်းတောင်ပေါ်သို့ ထွက်ခွာလာစဥ် ရွှေဘိုမြို့နယ် (ပကဖ)နတ်တောင်နဂါး ပြည်သူ့ ကာကွယ်ရေး အဖွဲ့မှ ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ရွှေဘိုမြို့နယ် (ပကဖ) နတ်တောင်နဂါး ပြည်သူ့ကာကွယ်ရေး အဖွဲ့က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article