28 C
Yangon

စစ်ကောင်စီနဲ့ ဆက်သွယ်ဆောင်ရွက်နေတဲ့ နိုင်ငံခြားဘဏ်တွေကိုပါ အမေရိကန်က ပိတ်ဆို့မယ်လို့ဆို၊ အမေရိကန်အမျိုးသားရေးကာကွယ်ရေးဥပဒေနဲ့ မြန်မာ့အရေးအပေါ် သက်ရောက်မှုများ ဆန်းစစ်ခြင်း

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၀

Global Witness မှ မူဝါဒရေးရာအကြံပေး Keel Dietz က မြန်မာ့အရေး ကိုင်တွယ်ဖြေရှင်းရေး အတွက် စာမျက်နှာ ၂၅ မျက်နှာ ထည့်သွင်းပြဋ္ဌာန်းထားတဲ့ အမေရိကန်အမျိုးသားကာကွယ်ရေးဥပဒေ NDAA 2023 အကြောင်းကို ပြန်လည် ရှင်းလင်းတင်ပြထားပါတယ်။

အမေရိကန်အစိုးရက အသစ်ပြန်ပြင်ရေးထားတဲ့ BURMA Act ကို ဒီဘဏ္ဍာရေးနှစ်အတွက် အမျိုး သား ကာကွယ်ရေးလုပ်ပိုင်ခွင့်အက်ဥပဒေ National Defense Authorization Act ထဲကို ထည့် သွင်းဖို့ လုပ်နေပါပြီ။

ပြင်ထားတဲ့ မြန်မာပြည်ဆိုင်ရာမူဝါဒတွေကို NDAA 2023 မှာ အသေးစိတ်ဖော်ပြလာပါတယ်။ မြန်မာ ပြည်အတွက် ဘယ်လိုအပြောင်းအလဲတွေဖြစ်လာမလဲ။ ပိုပြီး အကျယ်တဝင့်ရေးဖို့ ပြင်နေ ပေမယ့် လောလောဆယ် ဖြစ်လာနိုင်တာတွေကို အကျဉ်းချုံးရေးသား ဖော်ပြလိုက်ရပါတယ်။ု

NDAA ဆိုတာ

NDAA ဆိုတာ ဘာလဲ။ အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်အက်ဥပဒေ ဆိုတာဟာ အမေရိကန် ပြည် ထောင်စု ကာကွယ်ရေးအတွက် ဦးစားပေးလုပ်ငန်းတွေကို ချမှတ်ပြီး လက်တွေ့လုပ်ဆောင်ရမယ့် ကိစ္စတွေ စတင်ဖို့ ခွင့်ပြုတဲ့ ဥပဒေ လုပ်ထုံးလုပ်နည်းတစ်ခုဖြစ်ပါတယ်။ အင်မတန် အရေးကြီးတာ ကြောင့် စစ်ရေးနဲ့ မပတ်သက်တာတွေကိုလည်း အက်ဥပဒေပြင်ဆင်ခွင့်အနေနဲ့ ရံဖန်ရံခါမှာလည်း ထပ်တိုးပြင်ဆင်ချက်အနေနဲ့ ထည့်သွင်းလေ့ရှိပါတယ်။

အောက်လွှတ်တော်က BURMA Act ကို ၂၀၂၁ ဧပြီလမှာ အတည်ပြုပေးလိုက်ပြီဖြစ်ပေမယ်လို့ အထက်လွှတ်တော်က မလွှတ် ပေးပါဘူး။ ဒါ့ကြောင့် အခု NDAA မှာ ပါလာတဲ့ ပြင်ဆင်ထားတဲ့ မူဟာ ဧပြီလက အောက်လွှတ်တော်က အတည်ပြုပြီးသားမူကို အစားထိုးတာဖြစ်ပါတယ်။ အချက်အလက် တွေ အများကြီးလည်းပြင်ဆင်ထားပါတယ်။

ဒီလိုဆိုတော့ ဒီဥပဒေကြမ်းဟာ အတည်ဖြစ်ပြီလား၊ နောက်ဆုံးအဆင့်ရောက်ပြီလား ဆိုရင် မဟုတ်သေးပါဘူး။ ကွန်ဂရက်က NDAA ကို ဥပဒေအတည်ဖြစ်ဖို့ မဲမခွဲရသေးပါဘူး။ ဒါပေမယ့် နောက်နှစ်ပတ်ကြာရင်မဲခွဲဆုံးဖြတ်တော့မှာပါ။ အထက်လွှတ်တော်ရော အောက်လွှတ်တော်ရောဟာ ဒီဥပဒေကိစ္စမှာ စိတ်ဝမ်းမကွဲဘဲ တစ်လေသံတည်းဖြစ်နိုင်အောင် ကြိုးစားနေကြပါတယ်။ မြန်မာပြည်နဲ့ ပတ်သက်လို့ ညှိထားကြတာတွေကို အဲဒီမဲမခွဲခင်ကာလမှ အပြောင်းအလဲထပ်ရှိမယ် မထင်ပါဘူး။

NDAA ဥပဒေမှာ မြန်မာပြည်အတွက် ဘာတွေပါလဲ

မူကြမ်းထဲမှာ ဘာတွေပါသလဲ။ အခန်းအလိုက် ဒီဥပဒေကြမ်းထဲမှာပါတာကို အမေရိကန်မှာ နားလည်ကြသလိုရေးပြထားပါတယ်။ ဒီမူကြမ်းကို အပိုင်းလေးပိုင်းပိုင်းလိုက်ပြီး အနှစ်ချုပ်ရယ်၊ အားနည်းချက်/အားသာချက်ရယ်နဲ့ တစ်ပိုင်းစီရဲ့ ဖြစ်လာနိုင်တဲ့ အကျိုးဆက်ကို ရေးလိုက်ရပါတယ်။

(၁) မူဝါဒဖွင့်ဆိုချက်
(၂) အပြစ်ပေးအရေးယူခြင်း
(၃)အကူအညီပေးခြင်း/ထောက်ခံအားပေးခြင်း
(၄)တာဝန်ခံခြင်းကိစ္စ

(၁) မူဝါဒဖွင့်ဆိုချက်- အပိုင်း-၅၅၆၉

ဒီအပိုင်းမှာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အမေရိကန်မူဝါဒတွေကို ဖော်ပြထားပါတယ်။ ဒီဥပဒေမူကြမ်းအားဖြင့် ပေါက်ရောက်ဖို့ မျှော်လင့်ထားတာတွေကို စီပြီးရေးထားပါတယ်။ ပိုပြီးထိရောက်အောင်ပြင်ဆင်တာတဲ့ အပိုင်းနဲ့ ဧပြီလကတည်း အောက်လွှတ်တော်က အတည်ပြုထားတာတွေပါဝင်ပါတယ်။

အားသာချက်/အားနည်းချက်မြန်မာစစ်အာဏာရှင်တွေကို ဆန့်ကျင်နေတဲ့သူတွေကို အမေရိကန်ရဲ့ ထောက်ခံအားပေးတာကို ထင်ထင်ရှားရှားမြင်ရတဲ့ အပိုင်းလို့ မြင်ပါတယ်။ NUG နဲ့ NUCC၊ ပြီးတော့ CRPH တို့ကို နာမည်နဲ့တကွ ဖော်ပြထားတာက ဒါကိုသိသာစေတဲ့အချက်ဖြစ်တယ်။ အရပ်သားအုပ်ချုပ်ရေးပြန်ဖြစ်လာဖို့ကူညီမယ်လို့ အမေရိကန်တွေအနေနဲ့ စိတ်ပါလက်ပါရှိတာကို ပြတယ်။

ပြီးတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တာဝန်ခံမှုကိစ္စကို အားထုတ်မယ်ဆိုတဲ့ အချက်ကိုပြသတယ်။ IIMM နဲ့ ICJ ကိစ္စတွေဆက်လုပ်သွားဖို့ အမေရိကန်က ထောက်ခံတာကို ရည်ညွှန်းထားတယ်။ တရုတ်နဲ့ ရုရှားကိုလည်း မြန်မာစစ်တပ်ကို ထောက်ခံအားပေးနေတဲ့ မကောင်းတဲ့လုပ်ရပ်ဘက်ပါနေသူတွေအဖြစ် ရှုတ်ချထားတယ်။ ဒီ့အတွက်တာဝန်ခံရအောင်လုပ်မယ်လို့ ဆိုထားပါတယ်။

အဓိကအားနည်းချက်တွေကတော့ NUG ကို အစိုးရအဖွဲ့အစည်းအနေနဲ့ အသိအမှတ်မပြုတာရယ်၊ တပ်ဘက်ကို အပြစ်ပေးအရေးယူတာတွေကို ထပ်လုပ်ဖို့ ဘာမှ မပြောထားတာပဲဖြစ်ပါတယ်။ MOGE ကို ပစ်မှတ်ထားတဲ့ စီးပွားရေးအရ ပိတ်ဆို့အရေးယူမှုဆိုတဲ့ အပိုင်းတွေကို အများကြီး ဖယ်ရှားပစ်လိုက်တယ်။ အလားတူပဲ ရိုဟင်ဂျာကို သီးသီးသန့်သန့်ရည်ညွှန်းထားတဲ့ အပိုင်းတွေလည်း မပါတော့ဘူး။

အကျိုးဆက် ဖြစ်လာနိုင်ခြေတွေဘက်က ပြောရရင် ဒီအပိုင်းမှာပါတာတွေက အမေရိကန်ရဲ့ မူဝါဒကို လူသိအောင်လုပ်ရတဲ့ အရေးကြီးတဲ့အဖွင့်။ ဒီအပိုင်းမှာရေးထားတာတွေထဲမှာ အမေရိကန်အနေနဲ့ လုပ်ဆောင်စရာတွေကို ဖော်ပြထားတာမရှိသေးဘူး။ NUG နဲ့ NUCC နာမည်တွေကို ဖော်ပြထားတာပြီး ဖယ်ဒရယ်စနစ်ပေါ်ပေါက်ဖို့ ကိစ္စကို အလေးထားတယ်လို့ သိနိုင်တယ်။

(၂) အပြစ်ပေးအရေးယူခြင်း-

EO14014 မှာတုန်းကပါခဲ့တဲ့ အာဏာကျင့်သုံးပိုင်ခွင့်တွေကို ဥပဒေထဲ ထည့်သွင်းလိုက်တာဖြစ်တယ်။ အဓိပ္ပါယ်ကတော့ အနာဂတ်မှာ သမ္မတ တစ်ဦးဦးက EO14014 ကို အသက်ဝင်စေတဲ့ အရေးပေါ်အခြေအနေကို ရပ်ပစ်လိုက်တယ် ဆိုရင်တောင်မှ ဒီအထဲမှာပါတဲ့ အပြစ်ပေးအရေးယူမှုတွေဟာ အလိုအလျောက် ပျက်ပြယ်သွားမှာ မဟုတ်တော့ဘူး။

တပ်ဘက်က ထိပ်တန်းအရာရှိတွေ အကုန်လုံးနဲ့ စကစတစ်ဖွဲ့လုံး ( ဒုဝန်ကြီးမှစ သို့မဟုတ် ဒုဝန်ကြီးအထက်)၊ နိုင်ငံပိုင်လုပ်ငန်းတွေအားလုံးက ညွှန်ကြားရေးမှူးတွေအားလုံးကို ရက်ပေါင်း ၁၈၀ အတွင်း ပိတ်ဆို့အရေးယူမှုတွေ လုပ်ကိုလုပ်ရမယ် ဆိုတာပါရှိတယ်။ ဒီမူအရ အမေရိကန်ဟာ စစ်တပ်ကို ငွေလွှဲငွေပြောင်းလုပ်ပေးနေတဲ့ နိုင်ငံခြားဘဏ် (အမေရိကန်ဘဏ်မဟုတ်သော ဘဏ်များ)ကိုပါ ဒီပြစ်ဒဏ်ခတ်ပိတ်ဆို့မှုကို ညွှန်ကြားနိုင်ပြီဖြစ်တယ်။ ဒါက သက်ရောက်မှုကြီးတယ်။

စကစနဲ့ တပ်ငွေကို စီမံခန့်ခွဲပေးနေတဲ့ တစ်ဆင့်ခံတွေကိုလည်း ပြစ်ဒဏ်ခတ်တဲ့စာရင်း (Discretionary အမျိုးအစား) ထဲ ထည့်သွင်းနိုင်ဖို့ ပါဝင်ပါတယ်။ အထူးသဖြင့် MOGE နဲ့ တပ်ပိုင်လုပ်ငန်းတွေ ဒါမှမဟုတ် ကိုယ်စားစီမံခန့်ခွဲပေးသူ လူပုဂ္ဂိုလ်ဖြစ်စေ၊ လုပ်ငန်းဖြစ်စေ ပါဝင်မှာပါ။ ဒီနေရာမှာ “ပုဂ္ဂိုလ်”လို့ သုံးထားတာက လူရော၊ ကော်ပိုရိတ်လုပ်ငန်းကိုရော ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအာဏာသုံးစွဲပိုင်ခွင့်ပေးထားပုံဟာ အတော်ပဲ ကျယ်ပြန့်ပါတယ်။

အဓိပ္ပါယ်ကတော့ တပ်နဲ့နွှယ်တဲ့ ဘယ်သူမဆို ဘယ်လုပ်ငန်းမဆို ဒီပြစ်ဒဏ်ခတ်မှုထဲ အကျုံးဝင်နိုင်တဲ့သဘောပါ။ ဒါကို လုပ်ပေးဖို့တောင်းဆိုနေကြသူတွေ အဆိုပြုနေခဲ့ကြတဲ့သူတွေအဖို့ကတော့ အမေရိကန်အနေနဲ့ ဒီပုံစံနဲ့ ပြစ်ဒဏ်ချမှတ်ပေးရင် ထိရောက်တဲ့ အကျိုးသက်ရောက်မှုတွေက ဘာဖြစ်လာနိုင်မလဲလို့ အကျိုးအကြောင်းရှင်းပြကြရမှာဖြစ်ပါတယ်။ အချုပ်ကတော့ ဒီပိတ်ဆို့ဒဏ်ခတ်တာလုပ်မယ်ဆိုရင် နိုင်ငံခြားရေးဝန်ကြီးဌာနပါမှ ရမယ်။

သူ့အောက်က ပိတ်ဆို့ဒဏ်ခတ်ရေးဆိုင်ရာ လုပ်ငန်းများဌာနက သေသေချာချာ ပြစ်ဒဏ်ခတ်မှုဆိုင်ရာနည်းလမ်းတွေကို ချမှတ်ရမှာပဲ။ ပြီးတော့ ကုလသမဂ္ဂမှာလည်း တပ်ကို လက်နက်ရောင်းဝယ်ထောက်ပံ့တာတွေကို အမေရိကန်အနေနဲ့ ကန့်ကွက်မယ်၊ ၈ နှစ်ကာလအတွင်း လုပ်ပိုင်ခွင့်များအားလုံးကို ရပ်စဲမယ်လို့ပါရှိတယ်။

အားသာချက်/အားနည်းချက် ဒီအပိုင်းမှာအကောင်းအဆိုးရောနေပါတယ်။ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဥပဒေထဲပြောင်းထည့်ပြီး ကျင့်သုံးခွင့်ပေးလိုက်တာက သိသာတဲ့ ရလဒ်ကိုဖြစ်စေမယ်။ မဖြစ်မနေလုပ်မယ့် ပြစ်ဒဏ်ခတ်မယ့် အပိုင်းတွေလည်းပါနေတယ်။ ပြီးတော့ MOGE ကိုနာမည်တပ်ပြီးရေးတာဟာလည်း ဝမ်းသာစရာဖြစ်တယ်။ နိုင်ငံခြားဘဏ်တွေအထိ လိုက်ပိတ်နိုင်တယ်ဆိုတာကလည်းကောင်းတဲ့အချက်ပါ။

ဒါပေမယ့် အရေးကြီးတဲ့အချက်တွေ လိုနေသေးတယ်။ MOGE ကို ပိတ်ဆို့ဒဏ်ခတ်မယ်ဆိုတာ မပါသေးဘူး။ အမေရိကန်က ဒါကိုလုပ်ဖို့ ဆက်ပြီးငြင်းဆန်နေတာကကို ပိတ်ဆို့ဒဏ်ခတ်တဲ့ နည်းကို မထိရောက်အောင်လုပ်ထားပေးသလိုဖြစ်နေတယ်။ နောက်ပြီး ပြစ်ဒဏ်ခတ်မှုပုံစံအကုန်လုံးသာ လိုအပ်မှသာ လိုအပ်သလို ဆောင်ရွက်မယ်ဆိုတဲ့ discretionary အမျိုးအစားထဲမှာပါနေတယ်။

အဲဒီတော့ စိတ်ပျက်စရာက ပိတ်ဆို့ဒဏ်ခတ်မှုပုံစံ တော်တော်များများဟာ လိုအပ်မှသာ လိုအပ်သလို ဆောင်ရွက်မယ်ဆိုတဲ့ discretionary ထဲ ထည့်သွင်းထားတာကြောင့် အမေရိကန်ပြည်ထောင်စုဟာ ပြင်းပြင်းထန်ထန်အရေးယူဖို့ကိစ္စကို စိတ်ပါလက်ပါမရှိဘူးလို့ ထင်သွားနိုင်စရာရှိပါတယ်။ ဒီပြစ်ဒဏ်ခတ်မှုတွေဟာ အကုန်လုံး သမ္မတနဲ့ ဘဏ္ဍာရေး ဘက်က အကောင်အထည်ဖော်ရမှာဖြစ်ပါတယ်။

သမ္မတ ရဲ့ အဆုံးအဖြတ်ပေါ်မှာပဲ တည်တယ်။ ဒါကြောင့်မို့လို့ သမ္မတက ပြစ်ဒဏ်ခတ်ဖို့ သတ်မှတ်ထားတဲ့ အခြေအနေတွေနဲ့ ကိုက်ညီတယ်ရယ်လို့ ခေါင်းငြိမ့်မှ တကယ်လက်တွေ့ အရေးယူနိုင်မှာဖြစ်တယ်။ ပြစ်ဒဏ်ခတ်ဖို့ လိုမလိုဆိုတဲ့ ကိစ္စက အစိုးရရဲ့ အဆုံးအဖြတ်နဲ့ ဆိုင်နေတယ်။ ဒါ့ကြောင့် သူတို့က မလုပ်ချင်ဘူးဆိုရင် တင်းခံပြီးနေချင် နေလို့ရတဲ့ အနေအထားဖြစ်တယ်။

အကျိုးသက်ရောက်မှုအနေနဲ့ အပေါ်က အချက်အလက်တွေကြောင့် ဒီအပိုင်းကနေ ဘာအကျိုးသက်ရောက်မှုထွက်လာမလဲဆိုတာကို တွေးရတာ စိတ်နှစ်ခွဖြစ်ပါတယ်။ သိပ်မကြာခင် တပ်ထိပ်ပိုင်းနဲ့ စကစ အစိုးရအဖွဲ့ဝင်တွေဟာ ပိတ်ဆို့ဒဏ်ခတ်တာခံရဖို့ မျှော်လင့်နိုင်တယ်။ ဒါပေမယ့် ဒီမူဝါဒကြောင့်တော့ လောင်စာဆီကိစ္စတွေနဲ့ MOGE ကိုပိတ်ဆို့ဖို့ ကိစ္စတွေတော့ ဖြစ်လာမှာ မဟုတ်ဘူး။ ဒီနေရာမှာ မူဝါဒရေးရာအပြောင်းအလဲဖြစ်လာဖို့ဆိုရင်တော့ ကျွန်တော်တို့က အမေရိကန်အစိုးရကို ထပ်တိုက်တွန်းရပါလိမ့်မယ်။ ဒီဥပဒေမူကြမ်းကတော့ နောက်ထပ်လုပ်စရာတွေအတွက် အရေးအကြီးဆုံး ပလက်ဖောင်းတစ်ခု ခင်းထားပေးတယ်လို့ ဆိုရမှာပါပဲ။ မေးစရာကတော့ အမေရိကဟာ ပြစ်ဒဏ်ချမှတ်ရေးကို တကယ် မဟာဗျူဟာအနေနဲ့ သုံးမှာလားဆိုတာပဲ။

ထိရောက်တဲ့ ပြစ်ဒဏ်ခတ်မှု မူတစ်ခုထွက်လာဖို့အတွက် အမေရိကန်အစိုးရဟာ စဉ်းစားလာတာ နှစ်နှစ်တောင်ရှိသွားပြီ။ ခုထိ ဘာမူလဲဆိုတာ မထွက်လာသေးဘူး။ ဒီအပိုင်းမှာ ကျွန်တော်ကတော့ သံသယရှိတယ်။ ခြုံပြောရရင်တော့ ဒီအပိုင်းမှာ အပြစ်အနာမကင်းပေမယ့် သတင်းကောင်းတွေပါတယ်။ မူဝါဒပိုင်းက ဘာတွေ ဆောင်ရွက်လို့ရမလဲဆိုတာတွေပါတယ်။

အကူအညီ/ ထောက်ခံမှု

မြန်မာနိုင်ငံမှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ(EAO)၊ People’s Defense Forces (PDF)တွေ၊ ဒီမိုကရေစီရေး လှုပ်ရှား နေကြတဲ့ အဖွဲ့ အ စည်းတွေအတွက် ဆက်သွယ်ရေး၊ အမိန့်ပေး ထိန်းချုပ် ကွပ်ကဲမှုနဲ့ ပူး ပေါင်း ဆောင်ရွက်မှု ပိုမိုအားကောင်း ခိုင်မာလာ စေရန် နည်းပညာနဲ့ လက် နက် မဟုတ်တဲ့ အထောက်အပံ့တွေ ပေးရန်ဥပဒေမှာ ပါဝင်ပါတယ်။

ဒီအပိုင်းက အမေရိကန်ရဲ့ အကူအညီတွေကို ဘယ်လိုဘယ်ပုံသုံးမယ်ဆိုတာကို သိစေတယ်။ ဘယ်နေရာတွေမှာ သုံးလို့မရနိုင်ဘူးဆိုတာလည်းရှင်းပြတယ်။ ဒီမူကြမ်းအရ ပြဌာန်းမယ့် ဘတ်ဂျက်ကာလဟာ ၂၀၂၃-၂၀၂၇ ကြားကာလဖြစ်တယ်။ ဒါပေမယ့် ငွေဘယ်ရွေ့ဘယ်မျှ ပမာဏကို မဖော်ပြထားဘူး။ (ဧပြီလတုန်းက အတည်ပြုလိုက်တဲ့ ဥပဒေနဲ့ ကွာတယ်။)

အကူအညီ/ထောက်ခံမှု: အားသာချက် / အားနည်းချက်: အချုပ်အားဖြင့် ဒီအပိုင်းက တော်တော် အားကောင်းတဲ့ အပိုင်းလို့ပြောလို့ရပါတယ်။ ဖယ်ဒရယ်စနစ်ပေါ်ပေါက်လာဖို့ကို ခိုင်ခိုင်မာမာ ထောက်ခံဖို့ အတည်ပြုပေးထားတယ်။ (ဒါက နွေဦးတော်လှန်ရေးရဲ့ အဓိက အစိတ်အပိုင်းလို့ ပြောလို့ရတယ်)။ လက်နက်ပေးမယ်လို့ မပြောသော်လည်း EAOs နဲ့ PDFs တွေနဲ့ ဆက်ဆံမယ့် အကူအညီဖြစ်စေမယ့် ကိစ္စတွေကို ဒီမူကြမ်းအရ ဆောင်ရွက်ခွင့်ပေးထားတယ်။ ပြီးတော့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ၊ ဘက်ပြောင်းလာတဲ့ စစ်သားတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထောက်ပံ့ပေးဖို့ ခွင့်ပြုပေးထားတယ်။

အဓိက အားနည်းချက်နှစ်ခုကတော့ ဘတ်ဂျက်ဒေါ်လာဘယ်လောက်သုံးမယ်လို့ တိတိကျကျ ပြဌာန်းထားခြင်းမရှိပါဘူး။ အရင်က ဥပဒေကြမ်းလိုမဟုတ်ပါ။ ပြီးတော့ လူသားချင်းစာနာမှုထောက်ထားမှုအကူအညီပမာဏကို ပြဌာန်းထားတာမရှိပါဘူး။ အဲဒါက အံ့သြစရာပါ။

ရှင်းတာကတော့ ဒီဥပဒေမူကြမ်းထဲမှာ SAC ဒါမှမဟုတ် SAC က ထိန်းချုပ်ထားတဲ့ ဘယ် အဖွဲ့အစည်းကမှ တဆင့် အကူအညီတွေကို ဖြန့်ဝေမှာ မဟုတ်ပါဘူး။ နယ်စပ်ကနေ တိုက်ရိုက်အကူအညီပေးဖို့ တိုက်တွန်းနေကြတဲ့သူတွေအတွက် ကြီးမားတဲ့ အောင်မြင်မှုဖြစ်ပါတယ်။

အကူအညီ/ ထောက်ခံမှု : အကျိုးသက်ရောက်မှု. ချမှတ်လိုက်သော မူဝါဒများကို လက်တွေ့ဆောင်ရွက်ရာမှာ ဘတ်ဂျက်ပမာဏ မည်ရွေ့မည်မျှလို့ မပါရှိတာကြောင့် ဒီအပိုင်းကို တောက်လျှောက် ဆက်လက်တိုက်တွန်းရန်လိုနေပါသေးတယ်။ မြန်မာပြည်ကို ပေးပို့နိုင်မယ့်ပမာဏကို ရနိုင်သလောက် အများဆုံး တွန်းတင်နိုင်အောင် လာမည့်နှစ် ဆောင်ရွက်စရာ အစီအစဉ်များကို ပုံမှန်လမ်းကြောင်းများက ပြင်ဆင်ထားကြဖို့ အကျိုးဆောင်တွေအနေနဲ့ ပြင်ဆင်ထားကြရမှာဖြစ်ပါတယ်။

စစ်တပ်ကို တာဝန်ခံစေခြင်း

မူရင်းဥပဒေကြမ်းတုန်းက ဒီအပိုင်းမှာ ရိုဟင်ဂျာဂျီနိုဆိုက်ကို တရားဝင် အသိအမှတ်ပြုဖို့ မြန်မာဘက်ကို ဖိအားပေးဖို့ကို အဓိက ထားခဲ့ပါတယ်။ အဲဒီအချက်ကို နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနှစ်အစောပိုင်းတုန်းက ဆောင်ရွက်ပြီးပြီဖြစ်တာမို့ အဲဒီအပိုင်းကို ပြောင်းရေးရမှာဖြစ်ပါတယ်။

ဒါပေမယ့် ဒီအပိုင်းကို ပိုပြီး ခိုင်မာအောင်လုပ်ရမယ့်အစား NDAA မှာ ဒီကိစ္စကို အကျဉ်းချုံးပစ်ခဲ့တယ်။ ဒီအပိုင်းမှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာပြည်မှာ ဖြစ်ပျက်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ပြစ်မှုတွေ (ထို့ပြင် ဂျီနိုဆိုက်) တွေအတွက် တရားမျှတမှုရရှိလာစေရေးအတွက် အားထုတ်ကြတဲ့သူတွေ၊ အင်စတီကျူးရှင်းတွေကို ကူညီပေးဖို့ အဆုံးအဖြတ်ကိုတွေ့နိုင်ပါတယ်။

တာဝန်ခံခြင်း၊ အားသာချက် / အားနည်းချက်တွေမှာ အားသာချက်ကတော့, ဒီအပိုင်းမှာတော့ ICJ နဲ့ IIMM ကိစ္စအပြင် လက်ရှိနဲ့ နောင်လာမယ့် တရားဥပဒေပိုင်းဆိုင်ရာ အရေးယူမှုတွေမှာ ဆက်ပြီး ကူညီသွားမယ်လို့ ဖော်ပြထားပါတယ်။ ဒီအပိုင်းမှာ ရည်ညွှန်းချက်က ကျယ်ပြန့်လွန်းတာမို့ တရားမျှတမှုနဲ့ တာဝန်ခံမှုတွေအတွက် လုပ်စရာရှိတဲ့ကိစ္စတွေမှာ အားပေးမှုကို ရမယ့် သဘောဖြစ်ပါတယ်၊ တာဝန်ခံခြင်း ၊ အားသာချက် / အားနည်းချက်တွေရိပါတယ်။

အားနည်းချက်ကတော့ ရိုဟင်ဂျာတွေကိစ္စကို မဖော်ပြထားတာဘူး၊ ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ရိုဟင်ဂျာတွေကို ကူညီထောက်ပံ့ကို ကိစ္စကိုလည်း ဘာမှ ကတိကဝတ်မပေးထားဘူး။ NDAA ထဲကနေ ရိုဟင်ဂျာကိစ္စကို ဖယ်ရှားလိုက်တာ သိသာတယ်လို့ပြောနိုင်ပါတယ်။ ဘယ်နေရာမှာမှ တိတိပပ မရေးသားထားပါဘူး။တာဝန်ခံခြင်း၊ အကျိုးသက်ရောက်မှု :ဒီအပိုင်းမှာပါရှိတဲ့အချက်တွေဘယ်လိုမျိုး အကျိုးသက်ရောက်မှုရှိလာမလဲဆိုတာကို စောင့်ကြည့်ရပါဦးမယ်။

တတ်နိုင်သလောက် ဖြစ်ပျက်နေတဲ့ ရာဇဝတ်မှုတွေ အသိပေးပြီး တိုက်တွန်းနှိုးဆော်တာ၊ ရက်စက်ကြမ်းကြုတ်မှုတွေကို မှတ်တမ်းတင်ထားတာတွေကို လုပ်ကိုင်နေကြရမှာ ဖြစ်ပါတယ်။

ပြန်ပြောင်းသုံးသပ်ခြင်း

ခြုံပြောရရင်တော့ ဒီဥပဒေမူကြမ်းဟာ ပြီးပြည့်စုံတဲ့ မူတစ်ခုမဟုတ်သော်လည်း အမေရိကန်ပြည်ထောင်စုအတွက်တော့ ကြီးမားတဲ့ ခြေလှမ်းတစ်ခုဖြစ်ပါတယ်။ ပိတ်ဆို့ဒဏ်ခတ်မှု အသစ်တချို့ ဆက်ရှိလာနိုင်ပါတယ်။ ဒီမူအရဆိုရင် အမေရိကန်ဟာ EROs တွေ PDFsတွေနဲ့ ဆက်ဆံဖို့ စိတ်ဆန္ဒရှိတာကို အရိပ်အမြွက်တွေ့ရသလို the NUGကိုလည်း နှုတ်အားဖြင့် အားပေးထောက်ခံတယ်ဆိုတာ တွေ့ရပါတယ်။

ဒါပေမယ့် ဒီဥပဒေမှာပါတဲ့အချက်တွေ တကယ် အထမြောက်လာဖို့ဆိုတာ တက်ကြွလှုပ်ရှားသူတွေ၊ တိုက်တွန်းလှုံ့ဆော်ကြသူတွေ ဘယ်လောက် ဆက်အားထုတ်နိုင်တဲ့ဆိုတဲ့ အပေါ်အများကြီးမူတည်နေပါသေးတယ်။ အမေရိကန်ဟာတကယ် ထိရောက်တဲ့ ပြစ်ဒဏ်ခတ်မှု မူဝါဒကို ကျင့်သုံးဖို့၊ မြန်မာအရပ်ဘက်လူ့အဖွဲ့အစည်းအတွက် အမေရိကန်ဆီက အထောက်အပံ့တွေရဖို့နဲ့ လူသားချင်းစာနာမှုအကူအညီတွေ ရရှိလာဖို့ ဆက်တွန်းရဦးမှာဖြစ်ပါတယ်။

ဒီမူကြမ်းထွက်လာဖို့အတွက် ဆောင်ရွက်အားထုတ်ခဲ့ကြတဲ့သူတွေကိုလည်း ဂုဏ်ပြုပါတယ်။ အထူးသဖြင့်တော့ အထက်လွှတ်တော်က ပယ်ချလိုက်တာတောင်မှ အထမြောက်အောင် ဆက်လက်ဝိုင်းဝန်းခဲ့ကြတဲ့ ပါလီမန်အမတ် ဂရီဂိုရီမိခ် Gregory Meeks ကို ဂုဏ်ပြုပါတယ်။

ဒီဥပဒေကြမ်းဟာ မလုံလောက်သေးသော်လည်း မြန်မာပြည်သူတွေအတွက်အပြောင်းအလဲကို ဆောင်ကျဉ်းပေးလာလိမ့်မယ်လို့ ရိုးရိုးပဲ မျှော်လင့်မိပါတယ်။ မြန်မာပြည်သူတွေဟာ မိမိတို့နဲ့ မိမိတို့မျိုးဆက်တွေအတွက် ပိုပြီးကောင်းမွန်တဲ့ အနာဂတ်ကိုရရှိလာဖို့ သန္နိဌာန် ထားပြီး ဆောင်ရွက်နေကြတာကိုကြည့်ပြီး ပြည်သူအားလုံးအတွက် နေ့စဉ်ပဲ ခွန်အားရပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article