28 C
Yangon

နော်ဝေးရေနံရန်ပုံငွေအဖွဲ့ကြီးက အကြမ်းဖက်စစ်အုပ်စုနဲ့ ပူးပေါင်းလုပ်ကိုင်နေတဲ့ PTT နဲ့ PTTOR ကို ထုတ်ပယ်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၀

ကမ္ဘာ့အကြီးဆုံး ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့တွေထဲက တစ်ခုဖြစ်တဲ့ နော်ဝေး ရေနံရန်ပုံငွေက အကြမ်းဖက် စစ်အုပ်စုနဲ့ ပူးပေါင်းလုပ်ကိုင်နေတဲ့ PTT နဲ့ PTTOR ကို ထုတ်ပယ်လိုက်ပြီလို့ တရားဝင် သတင်းထုတ်ပြန်လိုက်ပါတယ်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့က ထုတ်ပြန်ကြေညာ ချက်အရ PTT နဲ့ PTTOR ဟာ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အားပေး ကူညီရာရောက်ပြီး စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်နေမှုကို ရပ်တန့်ခြင်း မရှိတာကြောင့် ထုတ်ပယ်ဖို့ အမှုဆောင်ဘုတ်အဖွဲ့က ဆုံးဖြတ်ခဲ့ခြင်း ဖြစ်တယ်လို့လည်း ဆိုပါတယ်။

နော်ဝေး ရေနံရန်ပုံငွေအဖွဲ့က PTT မှာ ကုမ္ပဏီရဲ့ ၀.၃၅ ရာခိုင်နှုန်းနဲ့ ညီမျှတဲ့ အမေရိကန်ဒေါ်လာ ၁၁၃.၂ သန်းကို ပိုင်ဆိုင်ထားပြီး၊ PTTOR မှာ ကုမ္ပဏီရဲ့ ၀.၁၁ ရာခိုင်နှုန်းနဲ့ ညီမျှတဲ့ အမေရိကန်ဒေါ်လာ ၁၀.၉ မီလီယံကို ပိုင်ဆိုင်ထားတာပါ။

လက်ရှိမှာ PTT ဟာ လက်အောက်ခံ ကုမ္ပဏီ PTTEP ကတဆင့် မြန်မာနိုင်ငံက ကမ်းလွန် သဘာဝဓာတ်ငွေ့လုပ်ငန်းနဲ့ ဆက်စပ်ပိုက်လိုင်းတွေမှာ အဓိက ရင်းနှီးမြှုပ်နှံထားပြီး စစ်အုပ်စု ထိန်းချုပ်မှုအောက်က နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းတစ်ခုဖြစ်တဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) နဲ့ မိတ်ဖက်လုပ်ကိုင်နေတဲ့ လုပ်ငန်းစုကြီး တစ်ခုပဲ ဖြစ်ပါတယ်။

ဒီကုမ္ပဏီတွေဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရေနံနဲ့ သဘာ၀ဓာတ်ငွေ ထုတ်လုပ်တူးဖော်ရောင်းချနေရင်း အမေရိကန်ဒေါ်လာ သန်းရာနဲ့ချီတဲ့ အမြတ်တွေနဲ့ အခွန်ငွေတွေကို စစ်ကောင်စီလက်အောက်ခံ MOGE ကိုနှစ်စဉ် ပေးသွင်း နေခြင်းဖြစ်ပါတယ်။

PTT ရဲ့ စီးပွားရေးလုပ်ငန်းက တရားမဝင် စစ်အုပ်စုအတွက် အဓိက ၀င်ငွေတစ်ရပ်ဖြစ်နေပြီး၊ စစ်အုပ်စုရဲ့ စစ်ရာဇ၀တ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကို ငွေကြေးထောက်ပံ့ နေခြင်းသာ ဖြစ်ပါတယ်။

PTT လုပ်ငန်းခွဲ PTTOR ဆိုရင်လည်း ပြည်တွင်းက စစ်ကောင်စီကို အထောက်အပံ့ပေးနေတဲ့ ကမ္ဘောဇလုပ်ငန်းခွဲ Brighter Energy နဲ့ မိတ်ဖက် ဆောင်ရွက်တာနေတာ ဖြစ်ပါတယ်။

PTTOR နဲ့ Brighter Energy တို့ဟာ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ဆီက ငှားရမ်းထားတဲ့မြေနေရာပေါ်မှာ ဘီအိုတီ သဘောတူညီချက်နဲ့ လုပ်ကိုင်တဲ့ သီလဝါက ဆိပ်ခံတံတားနဲ့ LPG စက်ရုံတွေမှာ ရင်းနှီးမြှုပ်နှံထားခြင်း ဖြစ်ပါတယ်။

ဒီစီမံကိန်းတွေဟာ လက်ရှိမြန်မာစစ်တပ် အတွက် တကယ့်ကို မဟာဗျူဟာမြောက်ပြီး အရေးပါမှုရှိတဲ့ လုပ်ငန်းတွေကို စီမံခန့်ခွဲပေးနေတာ ဖြစ်ပါတယ်။

စစ်တပ်အတွက် လေယာဉ်ဆီနဲ့ လောင်စာဆီ အဓိက သိုလှောင်ဖြန့်ဖြူးမှုတွေကို အဲ့ဒီ့နေရာတွေကတဆင့် လုပ်ဆောင်နေခြင်း ဖြစ်တယ်လို့ Justice for Myanmar လို အဖွဲ့အစည်းတချို့က စုံစမ်း ဖော်ထုတ်ထားပြီး ဖြစ်ပါတယ်။

လက်ရှိ အာဏာသိမ်းပြီး နောက်ပိုင်း အကြမ်းဖက် လုပ်ငန်းတွေလုပ်ကိုင်ဖို့ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းဟာ မြန်မာစစ်တပ်အတွက် အကြီးမားဆုံး ၀င်ငွေအရင်းအမြစ် တည်ရှိနေဆဲ ဖြစ်ပါတယ်။

စစ်တပ်ရဲ့ ဆိုးရွားတဲ့ အလွဲသုံးစားမှုတွေမှာ အခုလို ကုမ္ပဏီတွေက စီးပွားရေးအရ ပါဝင်ပူးပေါင်းလုပ်ကိုင်နေမှုက သိသာထင်ရှားလွန်းတာကြောင့် အခုလို နော်ဝေး ရေနံရန်ပုံငွေအဖွဲ့က ဖယ်ရှားလိုက်ရခြင်းလည်း ဖြစ်ပါတယ်။

နော်ဝေး ရေနံရန်ပုံငွေအဖွဲ့က ကုမ္ပဏီတွေကို ထုတ်ပယ်ဖို့ သင့်မသင့် ဘက်ပေါင်းစုံက စဉ်းစားနေစဉ် ကာလအတွင်း အဲဒီကုမ္ပဏီတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး၊ PTT က စစ်တပ်နဲ့ ပူးပေါင်းပြီး လက်မခံနိုင်ဖွယ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ ပါဝင်ပတ်သတ်နေကြောင်း ပြင်းထန်စွာ ခေါ်ယူထောက်ပြ ဝေဖန်ခဲ့ပါသေးတယ်။

ဒါပေမယ့် ကုမ္ပဏီတွေဘက်က မြန်မာနိုင်ငံအပေါ် နိုင်ငံတကာက ဒဏ်ခတ်ပိတ်ဆို့မှုအပေါ် လိုက်နာဆောင်ရွက်ကြောင်း ပြန်လည်တုန့်ပြန်ခဲ့ပြီး၊ ၎င်းတို့ပါဝင်ပတ်သတ်မှုဟာ အနည်းငယ်ပဲရှိတော့တာဖြစ်ပြီး လူ့အခွင့်အရေးနဲ့ အညီ ကျင့်သုံးလုပ်ဆောင်နေတယ်ဆိုပြီး ဗြောင်ကျကျ ပြန်လည်ငြင်းဆိုမှုတွေ ရှိခဲ့ပါတယ်။

PTT ဟာ ထိုင်းနိုင်ငံအခြေစိုက် ကုမ္ပဏီဖြစ်ပြီး ထိုင်းနိုင်ငံကိုယ်စားပြု ထိုင်း ဘဏ္ဍာရေးဝန်ကြီးဌာန ကတဆင့် ရှယ်ယာ ၅၁ ရာခိုင်နှုန်းကျော်ကို ပိုင်ဆိုင်ထားပါတယ်။

ဒါ့ကြောင့် PTT ရဲ့နောက်ကွယ်မှာ ထိုင်းအစိုးရရဲ့ ပါဝင်ပတ်သတ်နေမှု ရှိနေပြီး မြန်မာစစ်အုပ်စုက ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေမှာ ထိုင်းနိုင်ငံကလည်း သွယ်ဝိုက်ပြီး ပတ်သတ်နေပြီလားလို့တောင် မေးခွန်းထုတ်ရမှာ ဖြစ်ပါတယ်။

PTT နဲ့ လက်အောက်ခံကုမ္ပဏီတွေနဲ့ ရှယ်ယာရှင်တွေ အပါအဝင် ဆက်စပ် ကုမ္ပဏီတွေဖြစ်တဲ့ State Street ၊ Bank of New York Mellon တို့ဟာ ရေနံရန်ပုံငွေရဲ့ ဦးဆောင်မှုအတိုင်း လိုက်နာလုပ်ဆောင်ဖို့က အရေးကြီးဆုံးဖြစ်ပြီး စစ်တပ်နဲ့ အကျိူးတူပူးပေါင်းလုပ်ကိုင်မှုတွေကနေ အမြန်ဆုံးထွက်ခွာဖို့လည်း လိုအပ်နေတယ်လို့ Justice for Myanmar အဖွဲ့က ဆိုပါတယ်။

ဒါ့ကြောင့် ကုမ္ပဏီတွေအနေနဲ့ သွေးစွန်းငွေတွေကတဆင့် ပြည်သူတွေအပေါ် အကြမ်းဖက်နေတဲ့ စစ်ကောင်စီကို ထောက်ပံ့နေတာတွေ အမြန်ဆုံးရပ်တန့်ဖို့ Justice for Myanmar က သတင်းထုတ်ပြန် တောင်းဆိုထားပါတယ် ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article