29 C
Yangon

မင်းအောင်လှိုင် ဘက်တော်သား နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ နဲ့ ထိုင်းဝန်ကြီးချုပ် တွေ့ဆုံမှု စစ်အာဏာရှင် တော်လှန်နေတဲ့ မြန်မာပြည်သူတွေဆီ အန္တရာယ်တွေ ဆောင်ယူလာနေသလား

Must read

မင်းအောင်လှိုင် ဘက်တော်သား နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ နဲ့ ထိုင်းဝန်ကြီးချုပ် တွေ့ဆုံမှု စစ်အာဏာရှင် တော်လှန်နေတဲ့ မြန်မာပြည်သူတွေဆီ အန္တရာယ်တွေ ဆောင်ယူလာနေသလား

By ရန်ကုန်ခေတ်သစ်

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အကူအညီတောင်းမှုကြောင့် နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါက ထိုင်းစစ်အာဏာသိမ်းခေါင်း ဆောင် ဝန်ကြီးချုပ် ပရာယွတ်ကို ဇန်နဝါရီလ ၁၅ ရက်နေ့မှာ တရားဝင် သွားရောက်တွေ့ဆုံပြီး မြန်မာ့ အရေး ဆွေးနွေးခဲ့ကြတယ်လို့ ထိုင်းသတင်းမီဒီယာတွေက သတင်းဖော်ပြပါတယ်။

ခရီးစဉ်မှာ ဆာဆာကာဝါနဲ့ ထိုင်းစစ်အာဏာသိမ်း ခေါင်းဆောင် ပရာယွတ်တို့က မြန်မာ့အရေး ငြိမ်းချမ်းသော နည်းလမ်းနဲ့ ဖြေရှင်းဖို့ သဘောတူညီခဲ့ကြတယ်ဆိုပြီး သတင်းတွေက ဆိုပါတယ်။

ဆာဆာကာဝါအနေနဲ့ ထိုင်းဝန်ကြီးချုပ်ကို သွားရောက် တွေ့ဆုံတဲ့ ခရီးစဉ်ဟာ မင်းအောင်လှိုင်ရဲ့ အဓိက အကူအညီတောင်းမှု ကြောင့် ဖြစ်လာတာလို့ ရန်ကုန်ခေတ်သစ်ရဲ့ စစ်တပ်သတင်းရင်းမြစ်က အတည်ပြုပါတယ်။

ဆာဆာကာဝါနဲ့ မင်းအောင်လှိုင်ဟာ တိုက်ရိုက် ဆက်သွယ်ရေး လမ်းကြောင်းရှိနေသလို ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် ရာပြည့်နဲ့လည်း တိုက်ရိုက် ထိတွေ့ဆက်ဆံတဲ့ လမ်းကြောင်းတွေ ဖွင့်လှစ်ထားတယ်လို့ စစ်တပ်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

စစ်တပ်ဘက်မှာတော့ ဆာဆာကာဝါ ဟာ သူတို့ဘက်က ရှေ့နေလိုက်ပေးမယ့် သူတို့ရဲ့ လူလို့ အခိုင်အမာ မှတ်ယူထားကြတယ်လို့ စစ်တပ်သတင်းရင်းမြစ်က ဆိုပါတယ်။

လက်ရှိမှာ အကြမ်းဖက် မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ စစ်ကောင်စီအနေနဲ့ အင်ဒိုနီးရှားက အာဆီယံဥက္ကဋ္ဌ ဖြစ်လာတဲ့အခါ NUG နဲ့ အာဆီယံ ထိတွေ့ဆက်ဆံရေးမူ အသက်ဝင်လာမှာကို အကြီးအကျယ်ကြောက်ရွံ့နေပါတယ်။

ကုလသမဂ္ဂမှာ ဦးကျော်မိုးထွန်းကို ဒုတိယသက်တမ်း ပြန်လည် ရွေးချယ်လိုက်တာ၊ အမေရိကန်က NUG ၊ CRPH နဲ့ PDF တွေကို ဥပဒေ ပြဋ္ဌာန်း အသိ အမှတ်ပြုတဲ့အပြင် နည်းပညာအကူအညီပေးမယ်လို့ ပြဋ္ဌာန်းလိုက်တာတွေကြောင့် စစ်ကောင်စီအနေနဲ့ အတော်ကို အကျပ်ရိုက်နေပါတယ်။

NUG ၊ CRPH နဲ့ PDF တို့ကို နိုင်ငံတကာ အကြမ်းဖက် အဖြစ် ကြေညာဖို့ စစ်ကောင်စီက ၂ နှစ်တာ ကြိုးစားခဲ့ သမျှ မအောင်မြင်ဘဲ နိုင်ငံတကာမှာ အထီး ကျန်ဆန် အကြမ်းဖက်အဖွဲ့လို ရှုမြင်ခံလာရတာက စစ်ကောင်စီသာလျှင် ဖြစ်လာနေတာပါ။

အခုနောက်ဆုံး အာဆီယံကပါ NUG ကို ထိတွေ့ဆက်ဆံလာမှာကို မင်းအောင်လှိုင်နဲ့ အကြမ်းဖက်စစ်တပ်က အကြီးအကျယ် စိုးရိမ်ထိတ်လန့်နေပါတယ်။

ဒါကြောင့် တစ်ခုတည်းသော နည်းလမ်း ဖြစ်တဲ့ ဆာဆာကာဝါကို အကူအညီတောင်းပြီး အာဆီယံအရေးမှာ မြန်မာစစ်တပ်ဘက်က ဆက်လက်ရပ်တည်ပေးဖို့ ထိုင်းအနေနဲ့ စစ်တပ်ကို တော်လှန်နေတဲ့ အင်အားစုတွေဘက်က မရပ်တည်ဖို့ ၊ ထောက်ပို့လမ်းကြောင်းအတွက် ထိုင်းနိုင်ငံကို မှီခိုနေရတဲ့ မြန်မာ့နွေဦးတော်လှန်ရေးအင်အားစု အပေါ် ထိန်းချုပ်တင်းကျပ်ဖို့ အကူအညီတောင်းပုံရတယ်လို့ သုံးသပ်မှုတွေ ရှိလာပါတယ်။

မြန်မာ့အရေးကျွမ်းကျင်သူ Igor Blazevic ကတော့ ဆာဆာကာဝါနဲ့ ထိုင်းဝန်ကြီးချုပ် တွေ့ဆုံမှုဟာ မြန်မာ့နွေဦးတော်လှန်ရေးအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုဖြစ်တယ်လို့ ဆိုပါတယ်။

“စစ်တပ်ဘက်က ရပ်တည်နေတဲ့ ထိုင်းနိုင်ငံရဲ့ တက်ကြွတဲ့ မူဝါဒ လှုပ်ရှားမှုတွေ ပို သိသာထင်ရှားလာလာမယ့် အကြီးမားဆုံးနဲ့ အဆိုးရွားဆုံး ခြိမ်းခြောက်မှုတွေထဲက တစ်ခုလို့ ကျွန်တော်ထင်ပါတယ်။ ထိုင်းအစိုးရက အင်ဒိုနီးရှားဥက္ကဋ္ဌ ဖြစ်လာမယ့် အာဆီယံရဲ့ ထိတွေ့ဆက်ဆံမှု လမ်းကြောင်း ပျက်ပြားစေရန် ကြိုတင်ကာကွယ်ရန် ဆုံးဖြတ်ထားပုံရပါတယ်။ ဒါကြောင့် အင်ဒိုနီးရှားက ချဉ်းကပ်မှုအသစ်ကို မလုပ်ဆောင်နိုင်သေးမီ လက်ဦးမှု ရယူလုပ်ဆောင်နေတာပါ။ အဲဒီအရင်မှာလည်း ထိုင်းအစိုးရက စစ်တပ် ကိုယ်စားလှယ် ဝဏ္ဏမောင်လွင်နဲ့ “အလွတ်သဘော” “အာဆီယံမဟုတ်သော” တွေ့ဆုံခဲ့တာကို သတိရပါ။ ထိုင်းစစ်တပ်ဦးစီးချုပ်နဲ့ မင်းအောင်လှိုင်တို့ သံတွဲမှာ တွေ့ဆုံဖို့ စီစဉ်နေပါတယ်။ ဒါကြောင့် ဆာဆာကာဝါ နဲ့ ပရာယွတ် တွေ့ဆုံမှုက တော်လှန်ရေးအတွက် အပြုသဘောဆောင်တဲ့ တစ်စုံတစ်ရာကို ဆောင်ကျဉ်းမပေးနိုင်ပါဘူး။ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့တွေနဲ့ NUG အကြား သွေးခွဲနိုင်တာမျိုး သူတို့နှစ်ဦးစလုံးမှာ လုပ်နိုင်တဲ့ အစွမ်းရှိပါတယ်။ ပိုပြီးတော့ အန္တရာယ်အကြီးဆုံးကတော့ ထိုင်းနိုင်ငံ၊ မဲဆောက်နဲ့ ချင်းမိုင်မှာ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူ အများအပြားရှိနေတာဖြစ်လို့ အဲဒါက ပိုပြီးတော့ အန္တရာယ်ကြီးပါတယ်” လို့ Igor Blazevic သုံးသပ်ပြောဆိုပါတယ်။

ရန်ကုန်ခေတ်သစ်ကို ပုံမှန် သတင်းပေးနေတဲ့ ဖရဲသီး စစ်တပ်သတင်းရင်းမြစ်ကလည်း Igor Blazevic နဲ့ အမြင်တူပါတယ်။

ဆာဆာကာဝါဟာ မြန်မာ့ ငြိမ်းချမ်းရေးသံတမန်၊ ဂျပန်အစိုးရရဲ့ ကိုယ်စားလှယ် ဖြစ်ပေမယ့်လည်း အခုအချိန်မှာတော့ နွေဦးတော်လှန်ရေးအတွက် ဘာမှ အထောက် အကူမပြုတဲ့ အပြင် စစ်တပ်ဘက်တော်သား မင်းအောင်လှိုင်ကို ရပ်တည်ကာကွယ်နေတဲ့ သူအဖြစ် မြင်တွေ့နေရပါတယ်။

မကြာသေးမီက ဆာဆာကာဝါ မြန်မာပြည် လာတဲ့အချိန်မှာ စစ်တပ်အတွက် AA နဲ့ ယာယီ အပစ်ခတ်ရပ်စဲရေး လုပ်ဆောင်ခဲ့ပါသေးတယ်။ ဆာဆာကာဝါက စစ်တပ်ရဲ့ အကြမ်းဖက် ရက်စက်မှုတွေအပေါ် တစ်စုံတစ်ရာ ဝေဖန်မှုမရှိဘဲ နှုတ်ဆိတ်နေလေ့ရှိပါတယ်။

ပြည်သူ ထောင်ပေါင်းများစွာကို စစ်တပ်က ရက်ရက်စက်စက် သတ်ဖြတ်နေတာ အတွက်လည်း ဆာဆာကာဝါ က လျစ်လျူရှုပြီး မင်းအောင်လှိုင်ရဲ့ သွေး စွန်း နေတဲ့ လက်ကို ဆွဲ နှုတ်ဆက်ရဲတဲ့ အရှက်မရှိတဲ့ အမည်ခံ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖြစ် လက်ရှိမှာ မြင်တွေ့နေရတာလည်းဖြစ်ပါတယ်။

ဆာဆာကာဝါ ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေး ဆိုတာဟာ စစ်တပ်ကို အောက် ကျို့ လက်နက်ချ ၊ စစ်တပ် ယုတ်မာရက်စက်သမျှ ခေါင်းငုံ့ခံ၊ စားပွဲ၀ိုင်းထိုင်၊ စစ်တပ်ပေးတာယူ ဆိုတဲ့ စစ်တပ်အနိုင်ကျင့်ငြိမ်းချမ်းရေးဖြစ်နေတာကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်။

ဓာတ်ပုံ- ထိုင်းဝန်ကြီးချုပ်နဲ့ ဆာဆာကာဝါ တွေ့ဆုံမှု ။

Photo- ထိုင်းသတင်းမီဒီယာများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article