29 C
Yangon

အီးယူ၏ ဒဏ်ခတ်ပိတ်ဆို့မှု အသစ်များကို အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတနှင့် လူ့အခွင့်အရေး အဖွဲ့များက ကြိုဆို၊ စစ်ကောင်စီနှင့် ဆက်နွယ် ပတ်သတ်နေသူများကိုလည်း ဆက်လက်ဒဏ်ခတ် အရေးယူဖို့ တောင်းဆို

Must read

အီးယူ၏ ဒဏ်ခတ်ပိတ်ဆို့မှု အသစ်များကို အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတနှင့် လူ့အခွင့်အရေး အဖွဲ့များက ကြိုဆို၊ စစ်ကောင်စီနှင့် ဆက်နွယ် ပတ်သတ်နေသူများကိုလည်း ဆက်လက်ဒဏ်ခတ် အရေးယူဖို့ တောင်းဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

ဥရောပသမဂ္ဂ အီးယူက စစ်ကောင်စီနဲ့ ပါဝင်ပတ်သတ် ဆက်နွယ်နေတဲ့ လူပုဂ္ဂိုလ် ကိုးဦးနှင့် အဖွဲ့အစည်း ခုနစ်ခုတို့အပေါ် ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၀ရက်နေ့က ဒဏ်ခတ်ပတ်ဆို့မှုအသစ်များ ထပ်မံ ချမှတ်အရေးယူလိုက်ပါတယ်။

အဆိုပါ အီးယူရဲ့ ဒဏ်ခတ် အရေးယူပိတ်ဆို့မှုတွေအပေါ် NuG အစိုးရရဲ့ ယာယီသမ္မတ ဒူဝါလရှီးလ နဲ့ လူ့အခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူများ အဖွဲ့ဖြစ်တဲ့ Justice For Myanmar က ထောက်ခံ ကြိုဆိုလိုက်ပါတယ်။

ယာယီသမ္မတ ဒူဝါလရှီးက (၇ / ၂၀၂၃) အစိုးရအဖွဲ့အစည်းအဝေး အတွင်း “ဥရောပသမဂ္ဂ (EU) အနေနဲ့ အကြမ်းဖက်စစ်အုပ်စုနှင့် အပေါင်းအပါများကို (၆) ကြိမ်မြောက် ဒဏ်ခတ်အရေးမှုတရပ်ကို ထုတ်ပြန်ကြေညာခဲ့တာ တွေ့ရပါတယ်။ ဒီတစ်ကြိမ် အီးယူရဲ့ ဒဏ်ခတ်အရေးယူမှုဟာ ပြည်သူတရပ်လုံး တိုက်တွန်း စောင့်မျှော်နေတဲ့ စစ်အုပ်စုရဲ့ လေယာဥ်လောင်စာဆီများ တင်သွင်းမှုရပ်တန့်ဖို့နဲ့ တင်သွင်း သူများကို အရေးယူဖို့များပါရှိတာ တွေ့ရပါတယ်။ ထို့အတူ လက်နက်ပွဲစားများနှင့် ကုမ္ပဏီများ ကိုလည်း အရေးယူထားတာ တွေ့ရပါတယ်။ ကျွန်တော့်အနေဖြင့် အီးယူရဲ့ ဒဏ်ခတ်အရေးယူမှုကို အသိအမှတ်ပြု ကျေးဇူးတင်ကြောင်း မြန်မာလူထုကိုယ်စား အထူးပြောလိုပါတယ်” လို့ ပြောကြားခဲ့တာပါ။

ဒဏ်ခတ်ပိတ်ဆို့ခံ လူပုဂ္ဂိုလ် ကိုးဦးမှာ ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ရန်ကုန်တိုင်း စီးပွားရေးဝန်ကြီး ဒုတိယ ဗိုလ်မှူးကြီးဟောင်း မျိုးမြင့်အောင်၊ ပြည်ထဲရေး ဒုတိယဝန်ကြီးနှင့် ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက်၊ မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်၊ စစ်ကောင်စီ၏ စွမ်းအင်ဝန်ကြီး မျိုးမြင့်ဦး၊ စစ်တပ်အတွက် လက်နက်ပွဲစားများဖြစ်သော MCM ကုမ္ပဏီ ဥက္ကဋ္ဌ အောင်လှိုင်ဦး၊ Yatanarpon Aviation Support Company နှင့် Suntac Technologies Co.,Ltd မှ စစ်တိုင်းဦးနှင့် Sky Aviator မှ ကျော်မင်းဦးတို့ ပါဝင်ခဲ့ပါတယ်။

ဒဏ်ခတ်ပိတ်ဆို့မှုမှာ ပါဝင်လာတဲ့ အဖွဲ့အစည်း ခုနစ်ခုကတော့ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ စစ်ထောက်ချုပ်ရုံး၊ ကာကွယ်ရေး ပစ္စည်းစက်ရုံများ ညွှန်ကြားရေးမှူးရုံး၊ ကာကွယ်ရေးပစ္စည်း ဝယ်ယူရေးရုံး၊ Asia Sun Group၊ Dynasty International Company Limited၊ International Gateways Group of Company Limited (IGG) နှင့် Aviator Company Limited တို့ ပါဝင်ခဲ့ပါတယ်။

၎င်းတို့ထဲက အများစုကတော့ စစ်အုပ်စု အဖွဲ့ဝင်တွေ၊ လက်နက်ပွဲစားတွေ ၊ စစ်အုပ်စုအတွက် လေယာဉ်ဆီ တင်သွင်းရောင်းချမှုတွေမှာ ကိုယ်ကျိုးစီးပွားအတွက် အဓိက ပါဝင်ပတ်သတ်နေသူတွေနဲ့ စစ်ကောင်စီရဲ့ ယန္တရားကို အားကောင်းလည်ပတ်စေတဲ့ အဖွဲ့အစည်းတွေကို အီးယူက ပိတ်ဆို့ အရေးယူမှုတွေ ပြုလုပ်လိုက်တာ ဖြစ်ပါတယ်။

ဒဏ်ခတ် ပိတ်ဆို့မှုတွေမှာ ပါဝင်လာတဲ့ စစ်လက်နက်ပွဲစားတွေ ထဲမှာ Dynasty International၊ International Gateways Group၊ Sky Aviator Company Limited တို့နဲ့အတူ အောင်လှိုင်ဦး၊ စစ်တိုင်းအောင်နဲ့ ကျော်မင်းဦးတို့ လို့ နာမည်ကြီး လက်နက်ပွဲစားတွေ ပါဝင်လာတာဖြစ်ပါတယ်။

အောင်လှိုင်ဦးနဲ့ Dynasty International တို့ဟာ အီးယူကုမ္ပဏီတွေနဲ့ စီးပွားရေး လုပ်ငန်းတွေ ရှိနေပြီး၊ ဖင်လန် စွမ်းအင်ကော်ပိုရေးရှင်းဖြစ်တဲ့ Wärtsilä နဲ့လည်း ကာလရှည်စီးပွားရေး မိတ်ဖက်တစ်ဦးအဖြစ် ရပ်တည်ခဲ့တာပါ။

ပိတ်ဆို့မှုမှာ ပါဝင်ခဲ့တဲ့Dynasty International က ဂျာမန်ကော်ပိုရေးရှင်း Grob Aircraft SE G120TP လေယာဥ်တွေကို စစ်အုပ်စုအတွက် ဝယ်ယူပေးဖို့ ကြားခံ ပွဲစားအဖြစ် လုပ်ဆောင်ခဲ့တာဖြစ်သောကြောင့် ဂျာမနီအစိုးရကလည်း မြန်မာစစ်တပ်နဲ့ ဆက်နွယ်ပတ်သတ်နေတဲ့ ဂျာမနီက လေယာဉ်ကုမ္ပဏီတွေကို ရပ်တန်းကရပ်ဖို့ တွန်းအားပေးသွားရတော့မှာ ဖြစ်ပါတယ်။

ဆက်လက်ပြီး မြန်မာစစ်တပ်ကို လေယာဉ်ဆီ ရောင်းချရာမှာ ကြားခံပွဲစားလုပ်နေတဲ့ Asia Sun Group ကိုလည်းအရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုမှာ ပါဝင်လာတာကြောင့် စစ်ကောင်စီအတွက် လေယာဉ်ဆီ ရရှိရေးလမ်းကြောင်းမှာ အခက်အခဲ တွေရှိသွားပြီဖြစ်ပါတယ်။

ပိတ်ဆို့မှုတွေဟာ အဓိကကျတဲ့ စစ်လက်နက်ပွဲစားတွေနဲ့ စစ်တပ် အဖွဲ့အစည်းတွေကို ပစ်မှတ်ထား အရေးယူလိုက်တာ ဖြစ်တဲ့အတွက် အီးယူဒဏ်ခတ်ပိတ်ဆို့မှုစနစ်မှာ အချိန်မှီ လိုအပ်နေခြင်းကို လုပ်ဆောင် လိုက်နိုင်ခြင်းပဲ ဖြစ်ပါတယ်။

အသစ်ချမှတ်လိုက်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေထဲမှာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလနဲ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ အမေရိကန်၊ ယူကေနဲ့ ကနေဒါနိုင်ငံတို့က ဒဏ်ခတ်ပိတ်ဆို့ထားခဲ့တဲ့ မြန်မာစစ်တပ် စစ်ထောက်ချုပ်ရုံး၊ ပစ္စည်းဝယ်ယူမှု ညွှန်ကြားရေးရုံးနဲ့ စစ်လက်နက်ထုတ်လုပ်မှု ညွှန်ကြားရေးရုံးတို့ ပါဝင်လာခြင်းကြောင့် စစ်အုပ်စုအတွက် အထိနာတဲ့ ပိတ်ဆို့အရေးယူမှု တစ်ခုလည်း ဖြစ်ပါတယ်။

Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က

“မြန်မာပြည်သူတွေဟာ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက်စစ်ဆင်ရေးတွေ၊ တရားမ၀င် အာဏာသိမ်းဖို့ကြိုးပမ်းမှုနဲ့ သူတို့ရဲ့အတုအယောင်ရွေးကောက်ပွဲတွေ မအောင်မြင်အောင် ကြံ့ကြံ့ခံ တော်လှန်နေကြပါတယ်စစ်အုပ်စုရဲ့ အကြီးဆုံးနိုင်ငံခြားဝင်ငွေရင်းမြစ်ဖြစ်တဲ့ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းအပေါ် ဒဏ်ခတ် ပိတ်ဆို့မှုတွေ အလျင်အမြန် ချမှတ်ဖို့ တောင်းဆိုပါတယ်” လို့ဆိုပါတယ်။

အခု နောက်ဆုံးအသုတ် ချမှတ်လိုက်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေက စစ်အုပ်စုအတွက် အရင်းအမြစ်တွေ လက်လှမ်းမှီဖို့ကို ဖြတ်တောက်ရာမှာ ကောင်းမွန်တဲ့ခြေလှမ်းတစ်ရပ် ဖြစ်ပေမယ့် စစ်အုပ်စုရဲ့ အခွန်ဝင်ငွေ၊ စစ်လက်နက်နဲ့ လေယာဉ်ဆီအရင်းအမြစ်တွေကို စနစ်တကျ ပစ်မှတ်ထားတဲ့ ညှိနှိုင်းဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့ လုပ်စရာတွေ အများကြီး လိုအပ်နေဆဲ ဖြစ်တယ် လို့ Justice For Myanmar ကဆိုပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article