34 C
Yangon

CDM ဗိုလ်ကြီး လင်းထက်အောင်နှင့်တွေ့ဆုံခြင်း

Must read

“စစ်တပ်ရဲ့ လုပ်နိုင်စွမ်းက ကုန်သွားပြီ။ ဒီထက်ပိုလုပ်နိုင်မှာက လူအစုလိုက် အပြုံလိုက်သေစေမယ့် လက်နက်မျိုးတွေ သုံးလာမယ့် အခြေအနေပဲရှိတော့တယ်။ စစ်တပ် မြေပြင်တပ်ဖွဲ့တွေရဲ့ စိုးမိုးနိုင်စွမ်းက ကုန်သ လောက်ဖြစ်သွားပြီ။ အင်အား လျော့နည်းလာတယ်။ စိတ်ဓာတ် ကျဆင်းလာတယ်။ ချမှတ်တဲ့ နည်းဗျူဟာတွေကို လိုက်ပါ ဆောင်ရွက်နိုင်စွမ်း မရှိတော့ဘူး”

CDM ဗိုလ်ကြီး လင်းထက်အောင်နှင့်တွေ့ဆုံခြင်း

By ရန်ကုန်ခေတ်သစ်

အကြမ်းဖက် မင်းအောင်လှိုင် ခေါင်းဆောင်သော စစ်ကောင်စီက နိုင်ငံတော်အာဏာကို နောက် ထပ် ၆ လ သက်တမ်းတိုးခြင်း၊ မြို့နယ် ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာခြင်းများ ဆောင်ရွက်နေပြီး ယင်းအခြေအနေများနှင့်ပတ်သက်၍ ဖြစ်ပေါ်လာနိုင်သည့် စစ်ရေး အခြေအနေများကို CDM ဗိုလ်ကြီး လင်းထက်အောင်နှင့် ရန်ကုန်ခေတ်သစ်က တွေ့ဆုံ မေးမြန်းထားပါသည်။

မေး။ ။ စစ်ကောင်စီက ကာ/လုံအစည်းအဝေးမှာ သူတို့ အခြေအနေကို ထိန်းဖို့ လိုနေသေးတယ်။ လက်ရှိမှာ မတည်ငြိမ်သေးဘူးဆိုပြီး ထုတ်ပြောရတဲ့အထိဖြစ်လာတယ်။ ဒီအခြေအနေကို ဘယ်လို မျိုး သုံးသပ်ပါလဲ။

ဖြေ။ ။ ၆ လသက်တမ်းတိုးတဲ့အချိန်မှာ သူတို့ ထုတ်ပြန်တဲ့ မထိန်းနိုင်တဲ့အချက်တွေ အခြားသော အချက်အလက် တွေ ကြည့်မယ်ဆိုရင် စစ်တပ်က ပိုပြီးတော့ ဆိုးတဲ့ အချက်အလက်တွေ အခြေအနေတွေကို သူတို့ကိုယ်တိုင် လက်ခံထားပုံရတယ်လို့ ကျနော်တို့မြင်တယ်။ ကျနော်တို့ မြန်မာနိုင်ငံရဲ့ ထက်ဝက်ကျော်ကျော် ၃ ပုံ ၂ ပုံလောက်က စစ်တပ်ရဲ့ ထိန်းချုပ်မှု အောက်မှာ မရှိတော့ဘူးလို့ ကျနော်က မြင်တယ်။ ဒါက မျက်မြင်ပဲလေ။

သူတို့ ထိန်းချုပ်မှုအောက်မှာရှိတယ်ဆိုရင် အခုအချိန်ဆိုရင် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ လှုပ်ရှားနိုင်မှု အခြေအနေတွေကို သူတို့ ထိန်းချုပ်နိုင်မှာပဲလေ။ ဒါပေမယ့် ရန်ကုန်မြို့လို မြို့ကြီးတွေမှာတောင်မှ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ လုပ်နိုင်စွမ်းတွေက ရှိနေတယ်။ အခြားသော Silent Strike လုပ်မလား တစ်ပြည်လုံးပါတာပဲလေ။ အဲဒီအခါကျတော့ သူတို့ရဲ့ မထိန်းချုပ်မှုကတော့ သူတို့ ကြေညာတဲ့ စာရင်းဇယားထက်တောင် ပိုမယ်လို့ ကျနော်က မြင်တယ်။

၆ လ သက်တမ်းတိုးတယ်ဆိုတာက နိုင်ငံရေး အရ ကျနော် မသုံးသပ်တတ်ပေမယ့် ပုံမှန်သူတွေလို သုံးသပ်ရမယ်ဆိုရင်တော့ ဒီအခြေအနေက မင်းအောင်လှိုင်အနေနဲ့ သူတို့ ဆက်ပြီး အာဏာယူနေမှာပဲ ။ ၆ လမှ မဟုတ်ဘူး။ ၁ နှစ်လည်း သူတို့ ယူလို့ရအောင် နည်းလမ်းကတော့ သူတို့ ရှာမှာပဲ။ ယူလို့မရရင် သူတို့ ဥပဒေက အစ ဖျက်ပြီးတော့ သူတို့ဘာသာ အသစ်ပြန်လည် ပြန်ဆွဲပြီးတော့ လုပ်မှာပဲ။ ဒါကတော့ ကျနော်တို့ အားလုံး ခန့်မှန်းပြီးသား ထပ်ယူမယ်ဆိုတာ အားလုံးသိပြီးသားပဲ။ ဒါကိုကတော့ အထူးအထွေ မပြောချင်ဘူး။

ဒီလို အခြေအနေမျိုးမှာ စစ်တပ်အနေနဲ့ ကောင်စီတွေ စစ်တပ်တွေကို ပြန်လည် ပြင်ဆင်ဖွဲ့စည်းတာတွေ တွေ့ရတယ်။ ဒီလို ပြင်ဆင်ဖွဲ့စည်းတဲ့အချိန်မှာ လူပုဂ္ဂိုလ်တွေ အများ‌ကြီး အပြောင်းအလဲ လုပ်ထားတာတွေ့ရတယ်။ ရှိပြီးသားသူတွေကို အကြံပေးအဖြစ်၊ မပါသေးတဲ့သူတွေကို ဆွဲထည့်တာ တွေ့ရတယ်။ ပြောရမယ်ဆိုရင် သူတို့ရဲ့ အသိုင်းအ၀ိုင်းထဲကို သူတို့နဲ့ မပူးပေါင်း တဲ့သူတွေကို အတင်းအကျပ် ဆွဲထည့်ထားတဲ့စကားသံတွေကိုပါ ကျနော်တို့ကြားရတယ်။ သူတို့ရဲ့ အသိုင်းအ၀ိုင်းကို အတင်းအဓမ္မချဲ့ထွင်တဲ့ နည်းလမ်းလို့ ကျနော်ကတော့ မြင်မိတယ်။

မေး။ ။ စစ်ကောင်စီက ကာ/လုံအစည်းအဝေးမှာ သူတို့ မထိန်းနိုင်တာတွေ။ နိုင်ငံခြားငွေမရတာ၊ CDM ဝင်သွားတာတွေ သူတို့ရဲ့ မအောင်မြင်မှုတွေကို ထုတ်ဖော်ပြာတယ်။ တကယ်တော့ စစ်တပ်ဆိုတာ ဘယ်တုန်းကမှ သူတို့ရဲ့ ကျရှုံးမှုတွေကို ထုတ်ပြောခဲ့တာမဟုတ်ဘူးမလား။ ပုံမှန်ဖြစ်ပြီလို့ အမြဲ ဝါဒဖြန့်ဖို့ ကြိုးစားနေတာမဟုတ်ဘူးလား။ ဒါက ထူးခြားမနေဘူးလား။

ဖြေ။ ။ ခေတ်အဆက်ဆက်မှာလည်း သူတို့ရဲ့ ရပ်တည်နိုင်စွမ်း အမှန်တွေကို တောက်လျှောက် ဖုံးကွယ်ခဲ့တာပဲ။ ဒါပေမယ့် အရင်ခေတ်တွေမှာတော့ ဖုံးကွယ်နိုင်စွမ်းက ရှိတယ်။ မီဒီယာ အားနည်းတာ။ ပြီးတော့ ဆိုရှယ်မီဒီယာလို မပေါ်လာသေးတာကြောင့် ဖုံးကွယ်နိုင်ခဲ့တယ်။ ဒီဘက်ခေတ်မှာတော့ မရတော့ဘူး။ အဓိက ကျနော်တို့ ပြည်သူကိုလည်း လိမ်လို့မရသလို သူတို့ဘက်က ထောက်ခံသူတွေကိုလည်း လိမ်လို့မရတော့ဘူး။ ဖြစ်စဉ် ဖြစ်ရပ်တွေက သက်သေပြပြီးပြီ။

ဥပမာ- Silent Strike နေ့မှာ သူတို့ထောက်ခံသူတွေ လမ်းပေါ် ထွက်လာတယ်။ တကယ့်ကို နည်းနည်းလေး။ သူတို့ဘက်မှာ ဘယ်လောက်တောင် ထောက်ခံသူ နည်းသွားလဲဆိုတာ မြင်ရတယ်။ ရန်ကုန်၊ မန္တလေးလို လူသန်းပေါင်းများစွာ နေတဲ့မြို့တွေမှာတောင်မှ သူတို့ ထောက်ခံတဲ့ သူတွေ ပွင့်ပွင့်လင်းလင်းပြောပြီး မထွက်လာရဲကြဘူး။ ဒလန်၊ သူလျှိုတွေလိုတော့ နေကြလိမ့်မယ်။

ကျနော်တောင် အဲဒီနေ့မြင်မိတယ်။ Silent Strike မှာ ဒီလောက်မြို့ကြီးက ဒီလောက်အထိ အောင်မြင်လိမ့်မယ်လို့ မမျှော်မှန်းထားဘူး။ အဲဒီအချိန်မှာ သူတို့ ထောက်ခံသူတွေတောင်မှ အဲဒီအခြေအနေကို ကြည့်ပြီးတော့ မသွားရဲလောက် တော့တာမျိုးလို့ ကျနော်ကတော့ မြင်တယ်။ အဲဒါကျတော့ သူတို့ဘက်က သူတွေကိုလည်း သူတို့ လိမ်လို့မရတော့ဘူး။ သူတို့တပ်ဖွဲ့တွေကိုယ်တိုင်တောင်မှ သူတို့ပြောတဲ့ အချက်အလက်တွေကို လက်မခံတော့ဘူး။ ဒါကြောင့်မို့လို့ သူတို့ ဒီလိုအခြေအနေကို ထုတ်ဖော်ပြောရတာလို့ ကျနော်မြင်တယ်။

ဒါတောင်မှ သူတို့ ၃ ပုံ ၁ ပုံလောက်ပဲ အမှန်တရား အခြေအနေကို သူတို့ ထုတ်ပြောထားတာ။ အကုန်မပြောဘူး။ အဲဒီဟာက မချပြလို့ မရတော့ဘူး။ သူတို့ လက်အောက်မှာ အလိမ်အညာအားလုံးကို မြောက်ကိုရီယားစတိုင် ဖမ်းထားပေမယ့်လည်း မရတော့ဘူး ဆိုတဲ့ အခြေအနေတစ်ခုကို သူတို့သိသွားတယ်။ လက်အောက်မှာလည်း ဒါတွေနဲ့ပတ်သက်ပြီး ပဋိပက္ခတွေများလာတယ်။ ဒါကြောင့်မို့လို့ ဒီလိုအခြေအနေတွေကို ထုတ်ပြောတာလို့ ကျနော်ထင်တယ်။

မေး။ ။ တိုင်း/ပြည်နယ် ၈ ခုမှာရှိတဲ့ မြို့နယ် ၃၇ မြို့နယ်မှာ စစ်အုပ်ချုပ်ရေး ကြေညာတယ်။ နောက်ပြီး စစ်အုပ်ချုပ်ရေးက ကြောက်ဖို့ကောင်းတယ်လို့ စစ်လော်ဘီတွေက ခြောက်လှန့် ခြိမ်းခြောက်နေကြတယ်။ ဒီအပေါ်မှာလည်း ဘယ်လို သုံးသပ်လဲ။

ဖြေ။ ။ စစ်တပ်ရဲ့ လုပ်နိုင်စွမ်းက ကုန်သလောက် ဖြစ်နေပြီ။ တကယ်ကို ကုန်သလောက် ဖြစ်နေပြီ။ မတရားအာဏာ သိမ်းခဲ့တဲ့ ၂ နှစ်အတွင်းမှာ လူတွေကိုလည်း နည်းလမ်းပေါင်းစုံနဲ့ သတ်ပြပြီးပြီ။ အမျိုးသမီးတွေကိုလည်း မုဒိမ်းကျင့်သတ်တယ်။ ရွာတွေကို မီးရှို့တယ်။ အခြားသော ကြောက်လန့်စေမယ့် နည်းလမ်းပေါင်းစုံနဲ့ ပြည်သူလူထုကို ခြိမ်းခြောက်တယ်။ လုပ်လည်း လုပ်ပြီးသွားပြီ။

သူတို့ရဲ့ အကြမ်းဖက် နည်းလမ်းက အစွမ်းကုန်တော့ လုပ်ပြီးသွားပြီ။ ဒါပေမယ့် ပြည်သူက အင်အားလျော့သွားဆိုတော့ လျော့မသွားဘူး။ သူတို့က ပြည်သူကို ထောင်ထဲထည့်တယ်။ ပြည်သူက ထောင်ထဲကနေ Strike တွေနဲ့ မျိုးစုံ ပြန်တုံ့ပြန်ကြတာအများကြီးရှိတယ်။ ၂၀၂၂ အတွင်းမှာ ထောင်တွင်း တိုက်ပွဲတွေ အများကြီးတွေ့ခဲ့ရတယ်။

နောက်ပြီးတော့ စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့မြို့နယ်တွေမှာကို သူတို့ရဲ့ လူတွေကို ကျနော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေက စီရင်တာတွေ အများကြီးလုပ်နိုင်တယ်။ အခု စစ်အုပ်ရေး ကြေညာတဲ့ မြို့နယ်တွေမှာဆိုရင်လည်း မြေပြင်သူတို့ရဲ့ စစ်တပ်ရဲ့ တပ်ဖွဲ့တွေ ရဲ့ လုပ်နိုင်စွမ်းက ကုန်သလောက် ဖြစ်သွားပြီ။ သူတို့ ဗျူဟာတွေက ဘယ်လိုသုံးသုံး အသုံးမဝင်တော့ဘူးလို့ ကျနော်မြင်တယ်။

ဒါကိုလေ ကျနော်က တချို့တွေက ထင်လိမ့်မယ် ရန်သူကို အထင်မသေးနဲ့ပေါ့။ ကျနော် ရန်သူကို အထင်လည်း မသေးဘူး။ အထင်လည်း မကြီးဘူး။ စစ်တပ်ကို အထင်လည်းမကြီးဘူး အထင်လည်း မသေးဘူး။ စစ်တပ်ရဲ့ လုပ်နိုင်စွမ်းက ကုန်သွားပြီ။ ဒီထက်ပိုလုပ်နိုင်မှာက လူအစုလိုက် အပြုံလိုက်သေစေမယ့် လက်နက်မျိုးတွေ သုံးလာမယ့် အခြေအနေပဲရှိတော့တယ်။ ဒါသူတို့ရဲ့ လုပ်နိုင်စွမ်းက ကုန်သလောက်ဖြစ်သွားပြီ။ မြေပြင်တပ်ဖွဲ့တွေရဲ့ စိုးမိုးနိုင်စွမ်းက ကုန်သလောက်ဖြစ်သွားပြီ။ တကယ်ကို ထိန်းချုပ်နိုင်တယ်ဆိုရင် ၂၀၂၂ ကတည်းက မြို့နယ်တွေကို ထိန်းချုပ်နိုင်တဲ့ အခြေအနေမျိုးဖြစ်သွားနိုင်တယ်ပေါ့။ ဒါပေမယ့် မဖြစ်ခဲ့ဘူး။ ထပ်ပြီးတော့ ထိန်းချုပ်နိုင်မယ့် အခြေအနေလည်း မရှိတော့ဘူး။ သူတိုရဲ့ မြေပြင်တပ်တွေသည် အင်အား လျော့နည်းလာတယ်။ စိတ်ဓာတ် ကျဆင်းလာတယ်။ ချမှတ်တဲ့ နည်းဗျူဟာတွေကို လိုက်ပါ ဆောင်ရွက်နိုင်စွမ်း မရှိတော့ဘူး။ အဲဒါကိုတော့ သူတို့ဆီက ခေါင်းဆောင်တွေလည်း လက်မခံချင်လည်း လက်ခံရတော့မယ်။ ဘာဖြစ်လဲ ဆိုတော့ သူတို့ သုံးတဲ့ ဗျူဟာတွေ အောင်မှ မအောင်မြင်တာ။

နောက်ပြီး သူတို့ လက်အောက်တပ်တွေရဲ့ စွမ်းရည်တွေ ကျဆင်းတာကို သူတို့ခေါင်းဆောင်တွေကိုယ်တိုင် လက်ခံတယ်ဆိုတာတွေ့ရတယ်။ ဒါကြောင့်မို့ မင်းအောင်လှိုင်အနေနဲ့ စစ်ခေါင်းဆောင်တွေကို ပြောင်းလဲပြီး အမျိုးမျိုးကျင့်သုံး တယ်ဆိုတာ သွားတွေ့ရတယ်။

မနှစ်တစ်နှစ်အတွင်းမှာပဲ ခေါင်းဆောင်တွေ တိုင်းမှူးတွေ ခဏခဏ အပြောင်းအလဲလုပ်တယ်။ ဒါလည်း မအောင်မြင်ဘူး။ စစ်တပ်တွေကို ဟိုရွှေ့ ဒီရွှေ့နဲ့ ကစားကြည့်တယ်။ မအောင်မြင်ဘူး။ သူတို့ရဲ့ စွမ်းအားပစ်ခတ်နိုင်မှု စွမ်းအားနဲ့ လေကြောင်း အရေးသာမှု ဒါပဲရှိတော့တယ်။ မြေပြင်မှာ လူ လူချင်းတိုက်တဲ့ စစ်ပွဲမှာ သူတို့ လူတွေက ဘာမှ အသုံးမဝင်တဲ့သူတွေ ဖြစ်သွားတဲ့အတွက် ဒီလို မာရှယ်လော ထုတ်ပြန်တဲ့အရာသည် နိုင်ငံရေး စစ်ရေး နည်းလမ်းအရ စာရွက်ပေါ်က အရာတစ်ခုပဲ ဖြစ်တယ်။ မြေပြင်ပေါ်မှာ လုပ်နိုင်မှာမဟုတ်ဘူးလို့ ကျနော်ကတော့ မြင်မိတယ်။

မေး။ ။ မာရှယ်လော ထုတ်လို့ ပြည်သူတွေကို ရက်စက်နိုင်မယ်လို့ မြင်သလို စစ်တပ်အသိုင်းအ၀ိုင်းဘက်မှာလည်း သူတို့ရဲ့ စစ်သည်တွေ စစ်သားတွေ ပိုပြီး တိုက်ခိုက်ခံရမယ် အသေခံရမယ်လို့ သုံးသပ်တာတွေလည်းရှိတယ်။ စစ်တပ်အတွင်းမှာရော မာရှယ်လော ထုတ်တဲ့အပေါ် ဘယ်လို ဖြစ်နိုင်လဲ။

ဖြေ။ ။ စစ်လော်ဘီ တစ်ဦးက ၆ လအတွင်း ကြမ်းပြလိုက်ရင် ထိန်းနိုင်မယ်ဆိုပြီး ပြောလာတာမျိုးတွေရှိတယ်။ ဒါပေမယ့် အဲဒီလို ကြမ်းနိုင်မယ့် အခြေအနေမျိုး သူတို့မှာ မရှိတော့ဘူး။ လေယာဉ်ပေါ်က ဘယ်လောက် ပစ်ပစ် မြေပြင်မှာ စစ်တပ်မရှိရင် ဘာမှ လုပ်မရဘူး။ သူတို့ပစ်လည်း သူတို့ပစ်တဲ့နေရာကို စစ်တပ်တွေက ရောက်လာနိုင်မှာမဟုတ်ဘူး။ သူတို့ အဲဒီနေရာကို စိုးမိုးအောင် လေကြောင်းက ဘယ်လိုပဲပစ်ပစ် မြေပြင်တပ်တွေရဲ့ စွမ်းအောင်နိုင်မှုက လျော့သွားပြီဖြစ်တယ်။

မြေပြင်တပ်တွေ ပိုကျဆုံးဖို့ ပိုများလာမယ်။ သူတို့ရဲ့ ဗျူဟာတွေက အောင်မြင်မှာမဟုတ်ဘူး။ ဒါက လုံးစ ကြိမ်းသေတယ်။ နောက်ပြီးတော့ သူတို့ရဲ့ မြေပြင်တပ်တွေကို တော်လှန်ရေး တပ်တွေက ထိန်းချုပ်ထားနိုင်ပြီ။ သူတို့ကို လိုသလို ကစားနိုင်တဲ့ အခြေအနေတွေ တော်လှန်ရေး တပ်တွေမှာ ရှိနေပြီ။ အဲဒီတော့ သူတို့ ဘက်က အကျအဆုံးကတော့ အရင်နှစ်တွေထက် ပိုများလာဖို့ပဲရှိတယ်။ အခု ဇန်နဝါရီ ၊ ဖေဖော်ဝါရီလအတွင်းမှာပဲ စစ်တပ်ဘက်က ဒုတိယဗိုလ်မှူးကြီး အဆင့် ၂ ဦး၊ ၃ ဦး ကျသွားတယ်။ ဒါ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ပြုလုပ်လိုက်တဲ့ စစ်ဆင်ရေးတွေကြောင့် ဖြစ်တယ်။ ဇန်နဝါရီလအတွင်းမှာဆိုရင် တော်လှန်ရေးတပ်ဖွဲ့တွေဘက်က အောင်မြင်တဲ့ တိုက်ပွဲတွေ အများကြီးရှိတယ်။

အထိအခိုက်ကတော့ နှစ်ဖက်စလုံးမှာရှိတယ်။ ဒါပမေယ့် စစ်တပ်ဘက်ကတော့ ပိုပြီး အထိအခိုက် သေဆုံးတာများတယ်။ ဒါသည် ရိုင်ဖယ်ကိုင်တိုက်တဲ့ တော်လှန်ရေးတပ်တွေကို မနိုင်တော့တဲ့ အခြေအနေမှာ သူတို့ရဲ့ အကျအဆုံးသည် စစ်ခေါင်းဆောင်တွေရဲ့ ထင်ရာလုပ်မှုအပေါ်မှာ ပိုပြီးတော့ ဆိုးလာဖို့ပဲရှိတယ်လို့ မြင်ပါတယ်။

မေး။ ။ သက်တမ်းတိုးတဲ့ ၆ လအတွင်းမှာ တိုင်းပြည်မှာ ဘယ်လို အခြေအနေတွေ မြင်ရနိုင်လဲ။

ဖြေ။ ။ စစ်တပ်ကတော့ အခုအချိန် ဗျူဟာတွေ အမျိုးမျိုးပြုပြင်ပြောင်းလဲ ကျင့်သုံးနေပေမယ့် သူတို့ရဲ့ စိတ်ဓာတ်နဲ့ စွမ်းရည်က ကျဆင်းနေတော့ သူတို့ရဲ့ ဗျူဟာတွေကတော့ အောင်မြင်မှာ မဟုတ်ဘူး။ ဒါပေမယ့် ကျနော်တို့ တော်လှန်ရေးတပ်တွေက ဗျူဟာနဲ့ စစ်တိုက်တတ်လာပြီ။ ကျနော်တို့ ဇန်နဝါရီလအတွင်းမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကို ပြန်လေ့လာကြည့်မယ်ဆိုရင် ဗျူဟာနဲ့တိုက်တဲ့ စစ်ပွဲတွေ များလာပါပြီ။ မြို့နယ်အသေးလေးတွေမှာက အစ ပစ်တဲ့ ခတ်တဲ့ တိုက်ပွဲ ပုံဖော်တာက ဗျူဟာနဲ့ ပုံဖော်တာဖြစ်သွားပါပြီ။ ဒီ ၆ လအတွင်းမှာ စစ်တပ်က အင်အား ကုန်သလောက် ဖြစ်သွားပြီ။ တပ်ဖြန့်ခွဲနိုင်မှု အင်အားက ကုန်သလောက် ဖြစ်သွားပြီ။ ဟိုနားဒီနားထုတ်နုတ်နိုင်တဲ့ အင်အား ကလည်း ကုန်သလောက်ဖြစ်သွားပြီ။ အဲဒီကျတော့ ဒီရှိတဲ့အင်အားနဲ့ ဒီထုတ်ပြန်တဲ့ စစ်အုပ်ချုပ်ရေး ကြေညာတဲ့ နေရာတွေကို ထိန်းနိုင်ဖို့ဆိုတာ လုံး၀ မဖြစ်နိုင်ဘူး။ ကျနော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စွမ်းရည်တွေသည် တက်လာတာနဲ့အမျှ တိုက်ပွဲတွေသည် ပိုမိုပြင်းထန်လာဖို့ ပဲရှိတယ်လို့ ကျနော်က မြင်မိတယ်။ ဒတော်လှန်အဖွဲ့အစည်းတွေ NUG အစိုးရကိုယ်တိုင်က ဒီ ၂၀၂၃ အတွင်းမှာ သူတို့ လုပ်နိုင်တာတွေကို လုပ်မယ်ဆိုတာ ပြောထားတာရှိတယ်။ ဒီ ၆ လအတွင်းမှာ တိုက်ပွဲ တွေ ပြင်းထန်လာနိုင်ပြီးတော့ တော်လှန်ရေး တပ်တွေရဲ့ အရေးသာမှု ပိုမြင်ရဖို့ရှိတယ်လို့ ကျနော်ကတော့ ပြောချင်တယ်။ အဲဒီအတွက်ကြောင့်မို့ ပြည်သူတွေ သတိထားရမှာတွေ လိုက်ပါဆောင်ရွက်ပေးရမှာတွေ အများကြီးရှိတယ်။ ဒေသအသီးသီးမှာရှိတဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေ စဉ်ဆက်မပြတ် စောင့်ကြည့်ပြီးတော့ လိုက်ပါ ဆောင်ရွက်ဖို့က ပြည်သူတွေအတွက် အရေးပါတယ်။ နောက်ပြီး တော်လှန်ပြည်သူတွေက လုပ်ပေးရမှာတွေကို နှစ်ဆ ပိုတိုးပြီးတော့ လုပ်ပေးဖို့ ပြောချင်ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article