37 C
Yangon

ပြည်သူ့ရင်ခွင်အဖွဲ့မှ CDM ဗိုလ်ကြီးလင်းထက်အောင်နှင့် တွေ့ဆုံခြင်း

Must read

“ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် စစ်ကောင်စီရဲ့ အုပ်ချုပ်ခွင့် အပြည့် အဝထိန်းချုပ်ခွင့်ရနေတဲ့ မြို့ကြီး ရွာတွေမှာတော့ ဒါက ကြီးကြီးမားမား ထိရောက်မှုတွေ သက်ရောက်မှုတွေ ဖြစ်သွားမယ်။ အိမ်တွေထဲထိ ဝင်ရောက်ဖမ်းဆီးပြီးတော့ စစ်တပ်ထဲ ဝင်ခိုင်းတဲ့အနေအထားအထိကို ဖြစ်လာနိုင်တယ်။ ကိုယ့်သားသမီးကို စစ်တပ်ထဲ ထည့်လိုက်ပြီဆိုရင်တော့ အဲဒီ မိဘတွေ အနေနဲ့ကတော့ ဘုရားစင်ရှေ့ ကနေကို ထရမှာ မဟုတ်ဘူးဆိုတာကတော့ လုံးဝကို သေချာပါတယ်။ “

ပြည်သူ့ရင်ခွင်အဖွဲ့မှ CDM ဗိုလ်ကြီးလင်းထက်အောင်နှင့် တွေ့ဆုံခြင်း

By ရန်ကုန်ခေတ်သစ်

အကြမ်းဖက်စစ်ကောင်စီက ဖေဖော်ဝါရီ ၁၀ ရက်နေ့ ညပိုင်း ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းတယ်လို့ ကြေညာခဲ့ပါတယ်။ အဲဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်သူ့ရင်ခွင်အဖွဲ့မှ CDM ဗိုလ်ကြီး လင်းထက်အောင်ကို ရန်ကုန်ခေတ်သစ်က တွေ့ဆုံမေးမြန်းထားပါတယ်။

မေး။ ။ ကျွန်တော်တို့ ဒီနေ့ မေးမယ့်အကြောင်းအရာကတော့ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုပြီးတော့ အကြမ်းဖက်စစ်ကောင်စီကနေပြီးတော့ ကြေညာလိုက်တယ်ပေါ့လေ။ အဲဒီဥပဒေမှာလည်း လူငယ် လူရွယ်တွေကို စစ်ထဲကို ထည့်မယ့်၊ မဖြစ်မနေ တာဝန်ထမ်းဆောင်ရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက်တွေ ပါလာတဲ့အခါကျတော့ ဒီ ပြည်သူ့စစ်မှုထမ်းဥပဒေ ဘယ်လို သက်ရောက်မှုမျိုး ရှိလာနိုင်မလဲ။

ဖြေ။ ။ ဒီနေရာမှာ ကျွန်တော် အရင်ပြောချင်တာကတော့ စစ်ကောင်စီကတော့ သူလုပ်နိုင်သမျှ နည်းလမ်းအားလုံးကို အကုန်သုံးပြီးတော့ လုပ်နေတယ်၊ လုပ်နေဆဲလို့ ကျွန်တော် ပြောလို့ရတယ်။ ထပ်ပြီးတော့လည်း သူ သုံးနိုင်သမျှ နည်းလမ်းကို အကုန်သုံးလာမှာပဲလို့ ကျွန်တော်တို့ ကောင်းကောင်းကို ကျွန်တော်တို့ ပြောလို့ရပါတယ်။

ဒီ ပြည်သူ့စစ်မှုထမ်းဥပဒေက ဒါ နဂိုကတည်းက စစ်တပ်ထဲက စစ်ခေါင်းဆောင်တွေ အိပ်မက် မက်ထားတဲ့ ရည်ရွယ်ထားတဲ့ ဥပဒေတစ်ခုဆိုတာ ကျွန်တော်တို့ စစ်တပ်ထဲမှာကတည်းက ကြားသိရပါတယ်။ နောက်ပြီးတော့ ဒီအာဏာသိမ်းကာလမပေါ်ခင်ကတည်းက တစ်ခုခုဆို သူတို့ရဲ့ စစ်အင်အားလျော့နည်းလာပြီဆို ဒီ ဥပဒေကို အမြဲတမ်းပဲ မျက်စောင်းထိုးတာကို ကျွန်တော်တို့ ခဏခဏ တွေ့ရတယ်။

ဒီဥပဒေကနေပြီးတော့ အဓိကတော့ ကျွန်တော်တို့နိုင်ငံရဲ့ အများပြောကြသလို ပြည်သူချင်း ရန်တိုက်ပေးတဲ့ ပုံစံမျိုးပေါ့။ ဒီလိုမျိုးဥစ္စာတွေလည်း ကျွန်တော်တို့ အများကြီးဖြစ်လာနိုင်တယ်။ နောက်ပြီးတော့ ကျွန်တော်တို့ အဓိကတော့ အောက်ခြေလူတန်းစားတွေ၊ အခြေခံလူတန်းစားတွေ အတွက်ကတော့ ကြီးကြီးမားမား ရင်ဆိုင်ကြုံတွေ့ရမယ့် အခက်အခဲတွေ အများကြီး ဖြစ်လာနိုင်မယ်လို့ ကျွန်တော် ယူဆတယ်။ အဓိကကတော့ သူတို့ရဲ့အားနည်းနေတဲ့ အင်အားကို ဖြည့်ဆည်းဖို့အတွက် သူတို့ရဲ့ လုပ်နိုင်သမျှနည်းလမ်းတွေထဲက နောက်ဆုံးနည်းလမ်း၊ အင်အားနဲ့ ပတ်သက်တဲ့ နောက်ဆုံးနည်းလမ်းကို ထုတ်သုံးလိုက်တယ်လို့ ကျွန်တော်တို့ ပြောလို့ရတယ်။

မေး။ ။ ဒီဥပဒေက နိုင်ငံရေးအရရော ဘယ်လိုဆိုးကျိုးတွေရှိလဲ။ နွေဦးတော်လှန်ရေးအပေါ်မှာရော ဘယ်လောက်အထိ သက် ရောက်မှုကြီးနိုင်သလဲ။

ဖြေ။ ။ အခုကတော့ ဥပဒေ ထွက်ထွက်ချင်းမှာပဲ လူထုဆီကနေ တုံ့ပြန်မှု တွေ တော်တော်များများတွေ့ရတယ်။ ပြောရမယ်ဆိုလို့ရှိရင် ဒီ ဥပဒေကို ဘယ်သူမှ သိပ်ပြီးတော့ နှစ်သက်ပုံကတော့ မရဘူးလို့ ထင်တယ်။ သူတို့ရဲ့ ထောက်ခံသူတွေ ကိုယ်၌ကိုက ဒီဥပဒေမှာ နည်းနည်းလေး ဝေဖန်မှုတွေ ရှိတယ်။ တပ်တွင်းမှာလည်း ရိုက်ခတ်မှုတွေလည်း အနည်းငယ်ရှိတယ်လို့ ကျွန်တော်တို့ သိထားတယ်။

ဒီဥပဒေသည် နိုင်ငံရေးအရ သွေးကွဲ လမ်းလွဲအောင် လုပ်မယ့် ရည်ရွယ်ချက်တွေလည်း ပါမယ်လို့ ကျွန်တော် ထင်တယ်။ အဓိကက သူတို့သည် သတင်းတု သတင်းမှားတွေနဲ့ ဒီရက်ပိုင်းဆိုလည်း လုပ်တာ အများကြီးတွေ့ရတယ်။ သူတို့ရဲ့ အကြမ်းဖက်တဲ့ ဖြစ်စဉ်တွေ အွန်လိုင်းပေါ်တက်လာတဲ့အခါမှာ နောက်မှာ ဆက်တိုက် တခြားသော သတင်းတု သတင်းမှားတွေနဲ့ ဖုံးဖိဖို့ လမ်းလွဲဖို့ နည်းလမ်းတွေလည်း လုပ်လာတာ‌ တွေ့ရတယ်။ ဒီဥစ္စာသည် ဒီရဲ့ ဥပဒေရဲ့ အရာကတော့ တော်လှန်ရေးအပေါ်မှာတော့ အဲဒီလောက်ကြီး ကြီးကြီးမားမားဖြစ်သွားမယ်လို့တော့ ကျွန်တော် မထင်ဘူး။ အဓိကကတော့ တော်လှန်ရေးနဲ့သိပ်ပြီး မဆိုင်သလို နေတဲ့ သူတွေ၊ နောက်ပြီးတော့ မြို့ပေါ်လူတန်းစားတွေအတွက်ကတော့ ကြီးကြီးမားမား သက်ရောက်မှုဖြစ်သွားမယ်။

နောက်ပြီးတော့ စစ်ကောင်စီရဲ့ အုပ်ချုပ်ခွင့် အပြည်အဝထိန်းချုပ်ခွင့်ရနေတဲ့ မြို့ရွာအချို့မှာတော့ ဒါက ကြီးကြီးမားမား ထိရောက်မှုတွေ သက်ရောက်မှုတွေ ဖြစ်သွားမယ်လို့ ကျွန်တော် ထင်တယ်။ တော်လှန်ရေးဘက်ခြမ်းမှာတော့ ကြီးကြီးမားမား သက်ရောက်မှုဆိုတာထက် တော်လှန်ရေးဘက်က အင်အားတစ်ခုတောင်မှ ထပ်တိုးမယ့် အလားအလာပုံစံမျိုးတွေတော့ ကျွန်တော်တို့ တွေ့ရတယ်။

မေး။ ။ အဲဒီတော့ အခုဆိုလို့ရှိရင် လူငယ်လူရွယ်တွေက ဝင်ရေးကြတယ်။ စစ်တပ်ရဲ့ ပေးတဲ့ သေနတ်ကို ယူပြီးတော့ သေနတ်ပြောင်းပြန်လှည့်မယ်။ သူတို့ကို ပြန်ပစ်မယ် ဒါမျိုးတွေ ပြောကြတဲ့ လူငယ်တွေလည်း ရှိတယ်ပေါ့နော်။ ဒီလောက်ကြီးထိ သူတို့က ဒီလူငယ်တွေကို သေနတ်တပ်ပေးလိုက်ပြီးတော့ မင်းတို့ ရော့ သေနတ်ယူ သွားပစ်ကြဆိုပြီး‌တော့ ဒီလိုမျိုး ယုံကြည်စိတ်ချစွာနဲ့ လက်နက်တပ်ပေးပါ့မလား။ ဘယ်လိုနေရာတွေမှာ လူငယ်တွေကို စစ်ရေးအလေ့အကျင့်မရှိတဲ့ ဒီလိုလူငယ်တွေ စစ်မတိုက်ဖူးတဲ့ လူငယ်တွေကို စစ်တပ်က ဘယ်လိုနေရာတွေမှာ သုံးနိုင်လဲ။

ဖြေ။ ။ ကျွန်တော်ကလေ ဒီနေရာမှာ လူထုကနေပြီးတော့ ဒီအပေါ်မှာ အရင်တုန်းကလည်း စုဆောင်းတာတွေနဲ့ ပတ်သက်ပြီးတော့ သတင်းတွေ ထွက်လာပြီဆိုရင် လူထုက ပြန်တုံ့ပြန်လေ့ရှိတယ်။ သူ့ လက်နက်နဲ့ သူ့ပြန်ရိုက်မယ်ပေါ့။ ကျွန်တော်ကတော့ အဲဒါမထင်ဘူး။ ဖြစ်နိုင်ခြေနည်းတယ်။ ဖြစ်နိုင်ခြေနည်းတယ် ဆိုတာထက် ပြောရမယ်ဆိုတာတော့ အဲဒီလို လုပ်မယ်လို့ ရည်ရွယ်ချက်ရှိတဲ့ လူကိုယ်၌က စစ်တပ်ရဲ့ ထိန်းချုပ်ထားတဲ့ ဘောင်အတွင်းကို ရောက်သွားတာ။ စစ်တပ်ရဲ့ မျက်စိဒေါက်ထောက်ကြည့်နေတဲ့ ဘောင်အတွင်းကို ရောက်သွားတာ အဲဒီတော့ အဲဒါကို လုပ်နိုင်ဖို့ဆိုတာ တော်တော်ကို ခဲယဉ်းတယ်။

ကျွန်တော်ကတော့ အဲဒီဟာကို စိတ်ကူးမယဉ်စေချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒါသည် မဖြစ်နိုင်ဘူး။ ကျွန်တော်တို့ ဒီဥပဒေနဲ့ ပတ်သက်ပြီးတော့ လုပ်ရမှာ ၂ ခုပဲ ရှိတယ်။ တစ်ခုက စစ်တပ်ထဲကို ဝင်မလား၊ ဒီ မရှောင်လွဲလို့ရတဲ့ အချိန်မှာ စစ်တပ်ထဲကို ဝင်မလား ဒါမှမဟုတ် တော်လှန်ရေးဘက်ကို အပြည့်အဝ ပူးပေါင်းမလား။ ဒီ လမ်း ၂ ခုပဲ ရှိတယ်လို့ ကျွန်တော်ကတော့ မြင်တယ်။ စစ်တပ်ထဲကို ရောက်သွားပြီဆိုရင် ပထမတစ်ခုက စစ်တပ်မှာ အချိန်ကာလ သိပ်မရှိပါဘူး။

ဘာဖြစ်လို့ အချိန်ကာလသိပ်မရှိဘူးလို့ ကျွန်တော် ပြောလဲဆို အခုအချိန်မှာ နေရာအနှံ့မှာ စစ်မျက်နှာပြင်ဖွင့်ထားတယ်။ အထူးသဖြင့် ရခိုင် စစ်မျက်နှာပြင်ဆို သူတို့အတော်ကို ရှုံးနိမ့်နေတယ်။ ရေတပ်တွေက အစ သင်္ဘောတွေကအစ နစ်မြှုပ်နေတဲ့ အနေအထားကို တွေ့ရတယ်။ နောက်ပြီးတော့ သူတို့ရဲ့ ခြေလျင်တပ်အင်အားက အတော်လေးကို လျော့နည်းသွားတယ်။ သောင်းနဲ့ ချီပြီးတော့ကို လျော့နည်းနေတာ။ ဒါနည်းနည်းလေး လျော့နည်းတာ မဟုတ်ဘူး။

တပ်တွေရဲ့ ဖွဲ့စည်းပုံပျက်တဲ့အထိကို လျော့နည်းနေတာ တစ်ခုဖြစ်တယ်။ ဒီထဲကို ထည့်မယ့်သူတွေသည် အချိန်ကာလတိုအတွင်းမှာပဲ လေ့ကျင့်သင်ကြားမှုမျိုးတွေ လုပ်လာတယ်။ စစ်ပညာတွေ မပြည့်ဝဘဲနဲ့ ရှေ့တန်းတွေ၊ အဓိကကတော့ ခြေလျင်တပ်အင်အားမျိုးမှာ အဓိက သုံးမယ်လို့ ထင်တယ်။ အဓိက ရှေ့တန်းစစ်မျက်နှာပြင်မှာ သုံးမယ်လို့ ကျွန်တော် ထင်တယ်။ နောက် ကျွမ်းကျင်သူ။ ငါကတော့ ဆရာဝန်၊ သူက ဆရာဝန်လို့ ကိုယ့်ကိုယ်ကိုယ်မှတ်ယူထားသော်လည်း စစ်မြေပြင်မှာ ဆေးကုရတဲ့ ဆရာဝန်ဖြစ်သွားနိုင်တယ်။ ငါကတော့ အင်ဂျင်နီယာ၊ ငါကတော့ စစ်တပ်ထဲမှာ အင်ဂျင်နီယာ အလုပ်ပဲ လုပ်ရမယ်။ ဒါပေမဲ့ စစ်မြေပြင်အင်ဂျင်နီယာ ဖြစ်သွားနိုင်တယ်။ ဒီလိုမျိုး ပုံစံတွေ ရှိသွားနိုင်ပါတယ်။

ငါကတော့ အပြင်မှာတော့ တခြား ကျွမ်းကျင်မှုတစ်ခုကို လုပ်နေရတဲ့ သူ၊ ဒါပေမဲ့ စစ်တပ်မှာ ရှေ့တန်းမှာ အသုံးခံရတဲ့ လူ ဖြစ်သွားမယ်။ အဲဒီတော့ ဒီရဲ့ ဥပဒေရဲ့ သဘောတရား စစ်တပ်က ကျင့်သုံးချင်တဲ့သဘောတရားအရသည် သေချာတာတစ်ခုက လူသားဒိုင်းကာတစ်ခုအနေနဲ့ သေသေချာချာ စစ်ပညာမတတ်မြောက်သေးတဲ့ လူငယ်တွေကို လူသားဒိုင်းကာအနေနဲ့ သုံးချင်တဲ့ ရည်ရွယ်ချက်ကတော့ ပိုများတယ်လို့ ကျွန်တော် ထင်တယ်။ အခုချိန်မှာ သူတို့က သူတို့ရဲ့ ပြည်သူ့စစ်မဟာဗျူဟာကို ကျင့်သုံးတယ်လို့ ဇော်မင်းထွန်း ကိုယ်တိုင်က ပြောသော်ငြား မဟုတ်ပါဘူး။

အဓိက ပြည်သူ့စစ်မဟာဗျူဟာရဲ့ ပြောင်းပြန်ဖြစ်တဲ့ ပြည်သူကို လူသားဒိုင်းကာအဖြစ် သုံးစွဲမယ့် အလားသဏ္ဍာန်တွေကတော့ ပိုများမယ်လို့ ကျွန်တော် ဒီနေရာမှာ တိတိကျကျကို ပြောလိုတယ်။ သေချာတာတစ်ခုကတော့ ကိုယ်ကတော့ သူ့သေနတ်နဲ့ သူ့ကို ပြန်တိုက်မယ်ဆိုတဲ့ဟာကတော့ လုံးဝ စစ်တပ်ထဲမှာ မဖြစ်နိုင်တဲ့ အခြေအနေတစ်ခုလို့ ကျွန်တော်ကတော့ ပြောချင်တယ်။

မေး။ ။ အခုဆိုရင် လူငယ်လူရွယ်တွေက စစ်ထဲ မဝင်ကြဘူး။ စစ်ထဲ မဝင်ချင်ကြဘူးပေါ့နော်။ ကြားနေနေတဲ့ လူငယ်တွေ ရှိတယ်ပေါ့လေ။ အဲဒီလို လူငယ်တွေကို ဘယ်လို အကြံပေးချင်လဲ။ သူတို့ ဒါကို ဘယ်လိုရှောင်လွှဲလို့ရမလဲ။ မိဘတွေရော လူငယ်တွေရောက‌ မေးနေကြတယ်။ အဲဒီဟာအပေါ်ကိုရော ဗိုလ်ကြီး ဘယ်လိုအကြံပေးချင်လဲ။

ဖြေ။ ။ အခုချိန်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ကောင်းကောင်းကို ထိန်းချုပ်နိုင်နေတဲ့ မြို့ပြတွေ နယ်ရွာတွေကတော့ ဒီဥစ္စာကို ရှောင်လွှဲဖို့ကတော့ အတော်ကို ခက်ခဲမယ်လို့ ကျွန်တော် ထင်တယ်။ ဒါပေမဲ့ သူတို့ရဲ့ ဒီ အများပြောနေကြသလို့ ဥပဒေကို အသုံးချပြီးတော့ ကိုယ်ကျိုးစီးပွားအတွက် လုပ်စားမယ့်ဟာတွေလည်း အများကြီးရှိမယ်။ ဥပမာ ငွေပေးတာပေါ့။ အလွှာ လူတန်းစား တစ်ခုအတွက် ဖြစ်တာပေါ့။ ဥပဒေရဲ့ တခြားလွတ်လပ်ခွင့်ဆိုတဲ့ ဝင်ရောက်ဖို့ မလိုတဲ့ အတန်းအစားလည်းရှိတယ်ပေါ့လေ။

ဒါတွေနဲ့ ပတ်သက်လို့သူ့ဟာသူ လွတ်ကင်းခွင့်တော့ ရှိရင် ရှိလိမ့်မယ်။ သို့ပင်သော်ငြား သေချာတာတစ်ခုကတော့ ဝင်ကို ဝင်ရမယ်ဆိုတဲ့ အခြေအနေတစ်ခုကတော့ ရှောင်လွှဲဖို့ ခက်ပါလိမ့်မယ်။ အဲဒီကျတော့ ကျွန်တော်ကတော့ အခုအချိန်မှာ ကြားနေဆိုတဲ့ လူတန်းစားတစ်ခုအတွက်ပါ စစ်ကောင်စီက သူ့ဘက်ကိုယ့်ဘက်ခွဲဖို့အတွက် နည်းလမ်းတစ်ခုကို သုံးလိုက်တယ်လို့ ထင်မိတယ်။ ကျွန်တော်တို့ အခုအချိန်မှာ သေချာခွဲရမှာပါ။ ကျွန်တော်တို့ စစ်တပ်ထဲကို ဝင်ရင် အခုချိန်ရဲ့ စစ်ရေးအခြေအနေအရ လက်နက်ကြီးတွေ ရှိတယ်။ သင်္ဘောတွေ ရှိတယ်။ လေယာဉ်တွေ ရှိသော်ငြားလည်း စစ်မြေပြင်မှာ မရှုမလှနဲ့ ရှုံးနိမ့်တဲ့အခြေအနေကို ရောက်နေပြီ။ သေချာတာတစ်ခုကတော့ စစ်တပ်ထဲကို မရှောင်မလွှဲသာလို့ ဝင်လိုက်ရပြီဆိုတာနဲ့ ပြည်သူနဲ့ ရန်ဖြစ်ပြီးတော့ သေမယ်။ ဒါမှမဟုတ်ဘူးဆိုရင်တောင်မှာ မသေဘူးဆိုရင်တောင်မှ သေချာတာတစ်ခုကတော့ ကမ္ဘာမှာ ကျဆုံးတော့မယ့် စစ်တပ်ထဲက အကြမ်းဖက်စစ်သားတစ်ဦးအဖြစ် ဆက်လက်ရပ်တည်သွားရလိမ့်မယ်။

သေရင် သေမယ်၊ ဒါမှမဟုတ် ပြည်သူမုန်းတဲ့စစ်သားအဖြစ် အကြမ်းဖက်စစ်သားအဖြစ် ရပ်တည်ရလိမ့်မယ်။ အဲဒီတော့ ကျွန်တော်တို့ ရွေးချယ်စရာ ၂ ခုပဲ ရှိပါတယ်။ တော်လှန်ရေးဘက် သွားချင်သွားပါ။ ဒါမှမဟုတ် စစ်တပ်ထဲဝင်ပါ။ ဒါပဲ ရှိတယ်။ သေချာတာတစ်ခုကတော့ အခုအချိန်မှာ ဒီ စစ်တပ်သည် အင်အားဘယ်လောက်ဖြစ်ဖြစ် သူတို့ရဲ့ နည်းဗျူဟာ မဟာဗျူဟာတွေသည် ပြည်သူကို ရန်တိုက် သတ်ဖြတ်နေရတဲ့ အကြမ်းဖက်ဆန်ဆန်လုပ်ရပ်တွေ ဖြစ်တဲ့အတွက် စစ်မြေပြင်တွေမှာ လုံးဝကို မအောင်မြင်တော့ပါဘူး။

ဒါ ကျွန်တော်တို့ အခုတလော ဒီနှစ်အတောအတွင်းထဲမှာ ၂၀၂၃၊ ၁၀၂၇ ကစပြီးတော့ ဒီဘက် စစ်ဆင်ရေးတွေမှာ ကောင်းကောင်းကို မြင်တွေ့နေရပါတယ်။ ဘယ်လောက်ကို ခံစစ်ကို ခိုင်မာအောင် လုပ်ထားသော်ငြား၊ ကြည်း ရေ လေ ပူးပေါင်းစစ်ဆင်ရေးတွေ ဘယ်လောက် လုပ်သော်ငြား လုံးဝကို မအောင်မြင်တဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ အဲဒီတော့ ဒီစစ်တပ်ကို ယုံရင်တော့ မှားလိမ့်မယ်။ ကြားနေလူတန်းစားတစ်ရပ်ဟာ ရဲရဲဝံ့ဝံ့နဲ့ တော်လှန်ရေးဘက် ရပ်တည်တာကတော့ အကောင်းဆုံးဖြစ်လိမ့်မယ်။

အကောင်းဆုံးဖြစ်မယ်။

တော်လှန်ရေးဘက် ရပ်တည်တာမှာ အခက်အခဲတွေ အတားအဆီးတွေ ပင်ပန်းကြမ်းတမ်းမှုတွေ ရှိကောင်းရှိနိုင်မယ်။ ဒါပေမဲ့ စိတ်ဓာတ်နဲ့ လုပ်ရပ်အပေါ်အခြေခံပြီးတော့ လုပ်ဆောင်နိုင်မှုက တော်လှန်ရေးအတွက် အကောင်းဆုံးပေးဆပ်နိုင်မယ်ဆိုရင်တော့ မိမိရဲ့ သမိုင်းရော နိုင်ငံရဲ့ သမိုင်းမှာပါ အရေးပါ အရာရောက်တဲ့ လူတွေ ဖြစ်သွားလိမ့်မယ်လို့ ကျွန်တော်ကတော့ ဒီနေရာကနေ ပြောချင်တယ်။

မေး။ ။ နောက်ထပ် စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီးတော့ ဒီနေ့ မနက်မှာပဲ မုံရွာမှာနဲ့ မုံရွာ မန္တလေး လမ်းပေါ်မှာ ပေါ်တာဆွဲသလို ဖမ်းဆီးတာတွေ၊ စစ်ကိုင်းမြို့နယ်ဘက်တွေမှာ စစ်ကိုင်းမြို့နယ်နဲ့ မုံရွာမြို့နယ်မှာ စပြီးတော့ ဖြစ်နေပြီ။ အဲဒီဟာတွေက ဒီဥပဒေထုတ်ပြီးတော့ တရားဝင်ပေါ်တာဆွဲတယ်လို့ ဗိုလ်ကြီး မှတ်ယူသလား၊ ပြောလို့ရသလား ။

ဖြေ။ ။ ပြောလို့ရတယ်။ စစ်တပ်ကတော့ ဒီနေ့လို ဖြစ်စဉ်တွေ ၊ မုံရွာဘက်က ဖြစ်စဉ်လိုသာမက နဂိုကတည်းက ဒါ ဆရာတို့ ခေတ်သစ်မှာလည်း တင်ခဲ့တဲ့ သတင်းတွေ ကျွန်တော်တို့ တွေ့ရပါတယ်။ အလုပ်ခေါ်စာကနေ လိမ်လည်တဲ့ ဥစ္စာကနေ လူသစ်စုဆောင်းခြင်းခံရတဲ့ နည်းလမ်းတွေ၊ အကုန်လုံး အကုန်လုံးကို စစ်တပ်ကတော့ လူသစ်စုဆောင်းဖို့ကို လုပ်ခဲ့တာပဲ။ ဒီအချိန်မှာလည်း ဒါတွေကို ပိုပြီးတော့ လုပ်မှာပဲ။ သေချာတာတစ်ခုကတော့ ဒီစစ်တပ်မှာ တိုက်ခိုက်လိုတဲ့ စစ်သား မရှိတော့ဘူး။

တိုက်ခိုက်ရဲတဲ့ စစ်သားအင်အားနည်းပါးသွားပြီ။ အဲဒါကြောင့် ဒီအင်အားကို ကာဖို့အတွက် နောက်ထပ်အင်အားတစ်ခုကို ဥပဒေကို သူတို့ အကောင်အထည်ဖော်ဖို့ အမြန်ဆုံးတော့ ကြိုးစားပါလိမ့်မယ်။ ဒါပေမဲ့ ကြိုးစားနေတဲ့ ကာလအတွင်းမှာလည်း မရရတဲ့ နည်းနဲ့ သူတို့ရဲ့ အင်အားကို အလျင်အမြန်ဖြည့်နေရတာပါ။ အဲဒီတော့ ကျွန်တော်တို့ ဒီဘက်ထဲတွေမှာဆိုရင် ဗိုလ်မှူးချုပ်တွေကအစ စစ်မြေပြင်မှာ ဖမ်းဆီးခံရတာတွေရှိတယ်။ တပ်တွေပျက်သွားတဲ့ တပ်တွေ အများကြီးရှိတယ်။

ဒီတပ်တွေကို ပြန်လည်ကုစားဖို့အတွက်က ပြည်သူဆီက လာတဲ့ အင်အားကိုပဲ အသုံးချဖို့ရပါမယ်။ စစ်တပ်ထဲကို လိုလိုချင်ချင်ဝင်တဲ့ အင်အား လုံးဝကို မရှိတော့ဘူး။ သူတို့နည်းပေါင်းစုံနဲ့ အခုလို နည်းပေါင်းစုံနဲ့ လုပ်သော်ငြားလည်း ဒီ အင်အားက ပြန်ပြီးတော့ ပြည့်မီလာတာ မဟုတ်ဘူး။ အခုချိန်မှာ သူတို့လုပ်တဲ့ လုပ်ရပ်တိုင်းက တရားဝင် ပေါ်တာဆွဲတယ်လို့ ပြောကို ပြောလို့ရတယ်။ နောက်ကျရင် ကျွန်တော်မြင်တယ် စစ်တပ်ထဲ ဝင်ဖို့အတွက်ကို အတင်း။ အိမ်တွေထဲထိ ဝင်ရောက်ဖမ်းဆီးပြီးတော့ စစ်တပ်ထဲ ဝင်ခိုင်းတဲ့အနေအထားအထိကို ဖြစ်လာနိုင်တယ်လို့ ကျွန်တော်ထင်တယ်။

ဘာဖြစ်လို့လဲဆိုတော့ အခု ကျွန်တော်တို့ ကြားတဲ့ သတင်းတွေအရ လေးလပတ် အစည်းအဝေးတွေမှာတင်မက လစဉ် လစဉ်မှာ မြေပြင်တပ်မှူးတွေ ဌာနချုပ်တပ်ခွဲမှူးတွေ တပ်ရေးဗိုလ်ကြီးတွေကို တိုင်းစစ်ဌာနချုပ်တွေက လူသစ်စုဆောင်းမှုနဲ့ပတ်သက်ပြီးတော့ အတင်းအကျပ်ဖိအားပေးမှုတွေနဲ့ ခံရတယ်လို့ ကျွန်တော်တို့ သိရတယ်။ အဲဒါကြောင့် ဒီမြေပြင်တပ်တွေအနေနဲ့ကတော့ သူတို့ရဲ့ တပ်သားသစ်က လုံးဝမရတော့တယ်ဆိုတဲ့ အခြေအနေမှာ ပိုက်ဆံနဲ့လည်း ဝယ်တယ်။ ဒါပေမဲ့ ဈေးနှုန်းတွေက တအားတက်တယ်။ အဲဒီဟာကိုလည်း မရရအောင် လိုက်ဝယ်သော်ငြား အဲဒီလို ဝယ်ရမယ့် အခြေအနေတောင်မှ သူတို့မှ သိပ်မရှိတော့ဘူးလို့ ကြားတယ်။

အဲဒါကြောင့်မို့လို့ ဒီအခြေအနေမှာ မရရတဲ့ နည်းလမ်းနဲ့ သူတို့ မြေပြင်တပ်တွေက လုပ်မှာပဲ။ အဓိကက အထက်ဌာနကို တင်ပြတဲ့အချိန်မှာ တပ်သားသစ်စုဆောင်းရရှိမှုအခြေအနေကိုပဲ အဓိက ထားပြီးတော့ တင်ပြမှာ။ အဲဒါကြောင့် ဒီဥစ္စာက သေချာတယ်။ အထက်က ခိုင်းသော်ငြား စစ်တပ်ထဲမှာ တပ်သားသစ်ရရှိဖို့က အဓိက ရည်မှန်းချက်၊ အင်အားအတွက် အဓိက လိုအပ်ချက်က ကြီးကြီးမားမားဖြစ်နေတဲ့အတွက်ကြောင့် ဒီလိုမျိုး ဖြစ်စဉ်တွေက ပိုမိုမျိုး ဖြစ်စဉ်တွေက ပိုမိုများပြားပြီးဖြစ်လာမယ်ဆိုတာ ဒီနေရာကနေ ပြည်သူတွေကို အသိပေးလိုတယ်။ သတိပေးလိုတယ်။

မေး။ ။ အခုလက်ရှိ ကိုယ့်သားသမီးတွေအတွက် စိတ်ပူနေကြတဲ့ မိဘတွေ။ ဗိုလ်ကြီးအနေနဲ့ ဘယ်လိုအကြံပေးချင်လဲ ။ ဘယ်လိုမှတ်ချက် မျှဝေပေးချင်လဲ။

ဖြေ။ ။ ဟုတ်ကဲ့ပါ ခင်ဗျာ။ အရင်တုန်းကလို စစ်တပ်ထဲ ရောက်ပြီဆိုတာနဲ့ ယူနီဖောင်းဝတ်ပြီးတော့ ကောင်းစားတဲ့ ကာလတွေက အခုချိန်မှာ တဖြည်းဖြည်း ကုန်လာပါပြီ။ မြို့ပေါ်တွေမှာလည်း တချို့စစ်တပ်ထဲက လူတွေ ကောင်းစားချင်လည်း ကောင်းစားနေလိမ့်မယ်။ မတရားသော နည်းလမ်းတွေနဲ့။ ပိုက်ဆံတွေ ရှာထားတာ။ အဲဒီဟာတွေလည်း မကြာခင် သူတို့ရှာထားတဲ့ စီးပွားတွေက ပျက်စီးတော့မယ့် အခြေအနေကို ရောက်တော့မယ်။ အဲဒီတော့ သေချာတာ တစ်ခုကတော့ စစ်တပ်ထဲ သွင်းလိုက်လို့ ဘဝတွေ ကောင်းစားမယ်ဆိုတဲ့ အခြေအနေမျိုး မရှိတော့ပါဘူး။

ပြည်သူမုန်းတဲ့ အသေဆိုးနဲ့ သေမယ့်၊ ဒါမှမဟုတ် ဘယ်အချိန်ဖမ်းဆီးခံရမလဲ ဒီလိုမျိုး စိတ်ပူပန်မှုတွေက စစ်တပ်ထဲရောက်မှ ကြီးကြီးမားဖြစ်မှာ။ အဲဒီတော့ အခုချိန်မှာတော့ ဒါကို ရှောင်လွှဲလို့ရတဲ့ နည်းလမ်းကတော့ တော်လှန်ရေးဘက်က ရပ်တည်တာတော့ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ တော်လှန်ရေးဘက်မှာ စနစ်ကျတဲ့ တည်ဆောက်မှုတွေ တဖြည်းဖြည်းပေါ်လာပါပြီ။

ဥပမာဆို တချို့တပ်တွေဆို တပ်သားသစ်စုဆောင်းမှုတွေကအစ တော်လှန်ရေးတပ်တွေမှာ စနစ်တကျ လုပ်လာနိုင်တဲ့တပ်တွေ ကျွန်တော်တို့ တွေ့ရပါတယ်။ ဒီလိုမျိုး သေချာတဲ့ စနစ်ကျတဲ့ တပ်တွေနဲ့ တော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းခိုင်းတာက မိမိတို့ ကလေးတွေအတွက် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ မတတ်သာလို့ ကိုယ့်သားသမီး စစ်တပ်ထဲ ထည့်လိုက်ပြီဆိုရင်တော့ အဲဒီ မိဘတွေ အနေနဲ့ကတော့ ဘုရားစင်ရှေ့ကနေကို ထရမှာ မဟုတ်ဘူးဆိုတာကတော့ လုံးဝကို သေချာပါတယ်။

အဲဒီတော့ သေသေချာချာတော့ စဉ်းစားစေချင်ပါတယ်။ အဓမ္မနဲ့ ဓမ္မဘက်ကို သေသေချာချာတော့ ရွေးရမယ့် အချိန်ကာလတစ်ခုကို မကြာခင် လက်တွေ့ကို ခံစားရတော့မှာပါ။ အဲဒီကျမှ အဓမ္မဘက်ကို ထည့်လိုက်လို့ စစ်ရေးစွမ်းရည်၊ စွမ်းရည်ပိုင်းဆိုင်ရာတွေ အများကြီးကို တိုးတက်လာတဲ့ တော်လှန်ရေးတပ်တွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ ဒီအကြမ်းဖက်စစ်တပ်ထဲက လူတွေက အမြဲတမ်းကို ကျဆုံးနေတာပါ။ ပြေးတာတောင်မှ ခွေးပြေးဝက်ပြေးပြေးရတဲ့ အခြေအနေတွေကို လက်တွေ့လည်း မြင်နေရပါပြီ။

နောက်ကျရင်လည်း အဲဒါတွေက ထပ်ဖြစ်လာဖို့ပဲ ရှိပါတယ်။ စစ်တပ်မှာ အင်အားဖြည့်ပေးလိုက်လို့ ဒီစစ်ပွဲကို နိုင်သွားမယ်ဆိုတဲ့ အခြေအနေကောင်းကို စစ်တပ်မှာ မရှိတော့ပါဘူး။ အဲဒီတော့ ပရမ်းပတာဖြစ်နေတဲ့ စစ်ခေါင်းဆောင်မှုနဲ့ ပရမ်းပတာဖြစ်နေတဲ့ စစ်တပ်ထဲကို မိမိတို့ရဲ့ သားသမီးတွေကိုတော့ မျက်စိမှိတ်စုံထည့်လိုက်ရတဲ့ အခြေအနေမျိုးမဖြစ်အောင်လို့ မိဘတွေအနေနဲ့ အခုချိန်ကတည်းကကို သေသေချာချာကို စဉ်းစားထားစေချင်တယ်လို့ပဲ ကျွန်တော်ကတော့ ပြောချင်ပါတယ်။

မေး။ ။ အခုဆိုလို့ရှိရင် လူမှုကွန်ရက်တွေမှာ ပြောကြတယ်။ ငါတို့ကတော့ အသက်ကျော်သွားပြီ ငါတို့ သွားစရာမလိုတော့ဘူး။ ငါတို့ကတော့ ကျွမ်းကျင်သူလည်း မဟုတ်တော့ဘူး သွားစရာမလိုတော့ဘူး။ သူတို့အောက်ကို ဝင်စရာမလိုတော့ဘူး။ ငါတို့ကတော့ သာသနာ့ဝန်ထမ်းလုပ်လိုက်မယ်။ ဒါဆို ဝင်စရာမလိုတော့ဘူး စသည်ဖြင့်ပေါ့လေ၊ ဒီလိုတွေ ပြောကြတယ်။

ဆိုတော့ တကယ်တမ်းက ဒီစစ်ကောင်စီက သူ့မှာ တရားဝင်မှုမရှိဘဲ ဒီလို ဥပဒေတွေ ပြဋ္ဌာန်း ဒီလိုတွေ လုပ်ဆိုတော့ အခုဆို သူ ပြဋ္ဌာန်းထားတဲ့ ဥပဒေကလည်း သူ အချိန်မရွေးပြင်လို့ရတဲ့ဟာဆိုတော့ သူတို့ပြောထားတဲ့ ကန့်သတ်ချက်တို့ ဘာတို့ကို သူတို့ လိုက်နာပါ့မလား။ ဘာလို့ဆို ရွာတွေမှာဆိုလို့ရှိရင် ပြည်သူ့စစ်ဆိုလို့ရှိရင် အသက် ၁၈ နှစ်ကနေ အသက် ၆၀ အထိ အကုန်လုံးကို ခေါ်နေတဲ့အခါကျတော့ သူ ပြဋ္ဌာန်းထားတဲ့ ကန့်သတ်ချက်တွေ သူလိုက်နာပါ့မလား။

ဖြေ။ ။ ကျွန်တော်ကတော့ ဒီစစ်တပ်ကို ဘယ်အရာမှ ယုံလို့မရဘူးလို့ ကျွန်တော်ကတော့ မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုအချိန်မှာတောင်မှ သူတို့ တချို့ ဥပဒေတွေ ဘာတွေ သူတို့ စိတ်ကြိုက်လုပ်နေတာပဲလေ ။ ပြင်တယ် ပြောင်းတယ် သူတို့စိတ်ကြိုက်လုပ်နေတာပဲ။ အဲဒီတော့ကျတော့ သူတို့ရဲ့ လိုအပ်ချက် ကြီးကြီးမားမားဖြစ်လာရင်တော့ သူတို့ ကြိုက်တဲ့ အကန့်အသတ်ကို ခေါ်မှာပဲ အခုဆိုရင်တောင် စစ်မှုထမ်းဟောင်းတွေကို ပြန်ပြီးတော့ ခေါ်နေတာတွေ ရှိတယ်။ တခြားဥစ္စာတွေ အများကြီးရှိတယ်။

အဲဒီတော့ သူတို့ကတော့ လုပ်မှာပဲ။ ဒီဥပဒေကို ကြိုက်တဲ့နည်းလမ်းနဲ့ သူတို့ လုပ်လို့ရတဲ့ ပုံစံပေါင်းစုံနဲ့ လုပ်မှာပဲ။ ဒီဥပဒေသည် ဒီအတိုင်းသာဖြစ်တယ်၊ ငါတို့ကတော့ ဘယ်လိုရှောင်တိမ်းလို့ ရနိုင်မယ်ဆိုတဲ့ဥစ္စာတွေကို ကျွန်တော်ကတော့ ၊ မှန်ပါတယ်။ ဥပဒေမှာတော့ သူ့ဘာသာသူ ဟာကွက်တွေ ရှိနေတာပေါ့။ ဒါပေမဲ့ ဒါတွေကိုလည်း မျက်စိမှိတ်ပြီးတော့ ငါတို့တော့ ရှောင်တိမ်းမယ်ဆိုပြီးတော့ စိတ်အေးလက်အေးလည်း မနေစေချင်ဘူး။ ကျွန်တော် ဒီလိုတွေ ပြောလို့ အရမ်းကြီးလည်း စိုးရိမ်ရမယ်လို့ ပြောခြင်းမဟုတ်ပါဘူး။ ဒါပေမဲ့လည်း စိုးရိမ်ရမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီစစ်ကောင်စီကို ဘာမှ ယုံလို့မရပါဘူး။

ပြောရမယ်ဆိုရင် သေသေချာချာစနစ်တကျနဲ့ လုပ်တဲ့ ပြုပြင်ပြောင်းလဲမှုမျိုးတွေ မဟုတ်ပါဘူး။ သူတို့ရဲ့ စိတ်ထဲမှာ ရှိတဲ့ သူတို့ရဲ့ တစ်ဦးတစ်ယောက်ချင်းစီက ထွက်လာတဲ့အရာတွေကကို မှားယွင်းနေတဲ့ အရာတွေ အများကြီးရှိပါတယ်။ အဲဒီတော့ သူတို့သည် ဖြစ်နိုင်တဲ့ နည်းလမ်းပေါင်းစုံနဲ့ သူတို့ လုပ်မှာပါ။ ဥပမာ ကျေးရွာတွေကို ဖျက်ဆီးပြီးတော့ စစ်ကိုင်းတို့ မကွေးတို့မှာ အတော်များများ ခံရပါတယ်။ ကျေးရွာတွေမှာဆိုရင် အတင်းအဓမ္မ ပြည်သူ့စစ်တပ်ခိုင်းတာတို့ နောက်ပြီးတော့ အတင်းအဓမ္မ သူတို့တပ်တွေ အဖြစ် ဖွဲ့စည်းတာတို့ ဒီလိုပုံစံမျိုးတွေ အများကြီးရှိပါတယ်။ အဲဒီတော့ သူတို့သည် ဥပဒေကို လက်တစ်လုံးကြား ဥပဒေအပေါ်က ထိုင်ပြီးတော့ လုပ်ချင်သလို လုပ်နေတဲ့ လူတွေဖြစ်တဲ့အတွက် ရှောင်ဖို့ တိမ်းဖို့ဆိုတဲ့အဖြစ်တွေက ဟာသတစ်ခုအဖြစ်သာ ကျွန်တော်ကတော့ ရှိနေမယ်လို့ ကျွန်တော်ထင်တယ်။

အဲဒီပိုပြီးတော့ လုပ်နိုင်မယ်လို့ ကျွန်တော်ကတော့ မထင်ပါဘူး။ ဒါပေမဲ့ တစ်ခုပဲပေါ့နော် သူတို့အတွက် အတန်းအစားတစ်ခုပေါ့နော် သူတို့ရဲ့ ပတ်သက်တဲ့ သူတွေ၊ ဒါမှမဟုတ် ငွေကြေးတတ်နိုင်တဲ့ သူတွေအတွက်ကတော့ သူတို့အတွက် လမ်းတစ်ခုတော့ ဖွင့်ထားမှာပေါ့။ အဲဒီအခြေအနေကို မပိုင်ဆိုင်နိုင်တဲ့ မလုပ်နိုင်တဲ့ လူတွေအတွက်ကတော့ ဘယ်လိုရှောင်လွှဲမှုမျိုးကမှ ရမယ်လို့ ကျွန်တော်ကတော့ မထင်ပါဘူး။

မေး။ ။ ဟုတ်ကဲ့ နောက်ဆုံးမေးခွန်းပါ။ အခုလက်ရှိမှာ ဗိုလ်ကြီးတို့ရဲ့ အဖွဲ့ရှိတယ်။ ဗိုလ်ကြီးတို့ လုပ်နေတဲ့ အဖွဲ့ပေါ့။ အဲဒီအဖွဲ့ကိုလည်း မိတ်ဆက်ပေးရင်း တကယ်လို့ စစ်ထဲဝင်ရတော့မယ် လူငယ်တွေ အကျပ်အတည်းဖြစ်လာပြီဆိုရင် ဗိုလ်ကြီးတို့ အဖွဲ့နဲ့ ဗိုလ်ကြီးတို့ CDM အဖွဲ့နဲ့ ဘယ်လိုဆက်သွယ်လို့ရမလဲ။ ဘယ်လိုတွေ လုပ်လို့ရမလဲ။ ဘယ်လိုတွေ နည်းလမ်းတွေ ရှိမလဲ။ ဘယ်လိုတွေ လုပ်ပေးမလဲဆိုတာလေးကို နောက်ဆုံးအပိတ်မေးခွန်းအနေနဲ့ ဖြေကြားပေးပါခင်ဗျာ။

ဖြေ။ ။ ဟုတ်ကဲ့ ကျွန်တော်ကိုယ်တိုင်လည်း ပါဝင်ထားတဲ့ ပြည်သူ့ရင်ခွင် အဖွဲ့ရှိပါတယ်။ အဲဒီလိုပဲ တော်လှန်ရေးအစကတည်းက တခြားသောအဖွဲ့အစည်းတွေ CDM စစ်သားတွေ၊ ရဲတွေကို ကူညီဖို့အတွက် ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းတွေလည်း ရှိပါတယ်။ အဲဒီထဲမှာမှ ကျွန်တော်ကိုယ်တိုင် ပါဝင်ထားတဲ့ ပြည်သူ့ရင်ခွင်အဖွဲ့လည်း ရှိပါတယ်။ ဒါကို Facebook ပေါ်မှာ ပြည်သူ့ရင်ခွင့် ပေ့စ်ကို မြန်မာလိုပဲ ဖြစ်ပါစေ၊ အင်္ဂလိပ်လို People’s Embrace လို့ပဲဖြစ်ပါစေ ရိုက်ရှာပြီးတော့ ကျွန်တော်တို့ ရှာလို့ရပါတယ်။

အဲဒီမှာလည်းအခုဆို ပို့စ်တစ်ခု စတင်ထားပြီပေါ့နော်။ မလွှဲမရှောင်သာလို့ ဝင်ရတော့မယ်ဆိုရင် ကျွန်တော်တို့နဲ့ ကြိုပြီးတော့ ဆက်သွယ်ထားပါ။ ဒါပေမဲ့ စစ်တပ်ထဲကို ရောက်ရင် ကြုံရမယ့်အရာတွေ အများကြီး ရှိပါတယ်။ ဥပမာ ဖုန်းမသုံးရတော့တာတို့ ဘာတို့ဆိုရင် ကျွန်တော်တို့အနေနဲ့ ဘယ်လိုပုံစံမျိုးကနေ ကျွန်တော်တို့ကို ဆက်သွယ်လို့ရနိုင်တယ်ဆိုတဲ့ အကြံပြုချက်တွေ ကျွန်တော်တို့ ပေးနိုင်ပါတယ်။ ဒီထက်ကနေ မဝင်မနေဖြစ်ရလို့ အထဲကို ရောက်သွားပြီဆိုတာနဲ့ အမြန်ဆုံးပြန်လည်လွတ်မြောက်ဖို့ နည်းလမ်းတွေကိုလည်း ကျွန်တော်တို့ ရှာပေးနိုင်ပါတယ်။

ဒါကြောင့်မို့လို့ မိမိတို့အနေနဲ့ ပြည်သူတွေအနေနဲ့ မလွှဲမရှောင်သာလို့ စစ်တပ်ထဲရောက်ပြီဆိုလို့ရှိရင် ကျွန်တော်Facebook စာမျက်နှာကနေ တစ်ဆင့် Telegram Application လိပ်စာကို တင်ပေးထားပါတယ်။ ဒီပေ့ကနေ တစ်ဆင့် ကျွန်တော်တို့ကို ဆက်သွယ်ပေးပါ။ အခုအချိန်မှာလည်း လာရောက်ဆက်သွယ်သူတွေ မနေ့ကတုန်းက ကျွန်တော်တို့ ပို့စ်တင်ထားတဲ့အချိန်မှာ လာရောက်ဆက်သွယ်သူတွေ ရှိပါတယ်။ အဲဒီမှာလည်း ဘာတွေ ဘယ်လိုလုပ်ရမယ်ဆိုတဲ့ အကြံပြုချက်တွေ စပြီးတော့ ပေးနေပါပြီ။ ဒါပေမဲ့ မိမိကိုယ်တိုင် ဒီအခြေအနေ ဒီဥပဒေတွေကြောင့် မလွှဲမရှောင်သာလို့ ကြုံနေရပြီဆိုရင် အကောင်းဆုံး အခြေအနေကနေ အမြန်ဆုံးလွတ်မြောက်ဖို့ အခုအခြေအနေကနေ ကြိုတင်စီစဉ်ထားပါတယ်။ ဆောင်ရွက်ထားပါတယ်။

သေချာတာတစ်ခုကတော့ ကျွန်တော်တို့ အနေနဲ့ အလုံးစုံအကူအညီမပေးနိုင်ဘူးဆိုရင်တောင်မှာ အတတ်နိုင်ဆုံး အကြံဉာဏ်နဲ့ စစ်တပ်ထဲက ဘယ်လိုရုန်းထွက်ရမလဲဆိုတာလောက်ကိုတော့ ကျွန်တော်တို့ နောက်ဆုံးပေးနိုင်တယ်။ ဒီထက်ပိုပြီးတော့ ပေးနိုင်အောင်လည်း ကျွန်တော်တို့ သေချာကို စီစဉ်ဆောင်ရွက်ထားပါတယ်။ ဥပမာ ထွက်လာချင်တဲ့ လူတွေအတွက် ဘယ်လိုထွက်လာရမယ်၊ ဘယ်လိုချိတ်ဆက်ရမယ်၊ ဘယ်လိုနယ်မြေတွေကို သွားသင့်တယ်၊ ဘယ်လိုချိတ်ဆက်ကူညီပေးမယ်၊ ပို့ဆောင်ပေးမယ်ဆိုတာတွေလည်း ကျွန်တော်တို့ ဆက်တိုက်ကို လုပ်ထားတာဖြစ်တဲ့အတွက် ကျွန်တော်တို့လို့အဖွဲ့တွေမှာ အတွေ့အကြုံကောင်းတွေ အများကြီးရှိပါတယ်။

ဒါကြောင့်မို့လို့ မလွှဲမရှောင်သာ ကြုံရမယ်ဆိုရင် ပြည်သူ့ရင်ခွင်အဖွဲ့သော်လည်းကောင်း တခြားသော အဖွဲ့အစည်းတွေကိုသော် လည်းကောင်း ဆက်သွယ်ပြီးတော့ စစ်တပ်ထဲကနေ အမြန်ဆုံးလွတ်မြောက်ဖို့အတွက် လုပ်လို့ရပါတယ်ဆိုတဲ့အကြောင်းကိုလည်း ကျွန်တော် ပြည်သူတွေကို ဒီနေရာကနေ အသိပေးလိုပါတယ် ခင်ဗျာ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article