38 C
Yangon

ယင်းမာပင်တွင် အပြစ်မဲ့ ပြည်သူ ၄ ဦးကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်ပြီး အိမ်ခြေ ၁၀၀၀ နီးပါးကို မီးရှို့ဖျက်ဆီး

Must read

ယင်းမာပင်တွင် အပြစ်မဲ့ ပြည်သူ ၄ ဦးကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်ပြီး အိမ်ခြေ ၁၀၀၀ နီးပါးကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ မတ် ၃

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် စစ်တပ်က အပြစ်မဲ့ ကျေးရွာသား အမျိုး သား ၄ ဦးကို ပစ်ခတ်သတ်ဖြတ်ပြီး ကျေးရွာများမှ အိမ်ခြေ ၁၀၀၀ နီးပါးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများနှင့် ယင်းမာပင်မြို့နယ် ဒေသကာကွယ် ရေးတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်သံမဏိ၏ ပြောကြားချက်များအရ သိရှိရသည်။

စစ်တပ်က ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှစတင်၍ ယင်းမာပင်မြို့နယ်အတွင် ဝင်ရောက် ဖျက်ဆီး သတ်ဖြတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း ၊ စစ်တပ်က ကိုတင်ထွန်းဦး ( အသက် ၅၀ နှစ်-ကုန်းရွာ)၊ ကိုအေးလွင် ( အသက် ၄၀ နှစ်- ကုန်းရွာ)၊ ကိုစန်းလင်း (အသက် ၅၇ နှစ်- ကုန်းရွာ)၊ ကိုကျော်သူ (အသက် ၃၅နှစ်- အင်တော) ကျေးရွာ စုစုပေါင်း ၄ ဦးကို အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဗိုလ်သံမဏိက ပြောကြားသည်။

စစ်တပ်က ယင်းမာပင်မြို့နယ် ကုန်းရွာကျေးရွာ နှင့် တာဝ‌‌ကျေးရွာများသို့ ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် သေနတ်များပစ်ဖောက်ကာ ဝင်ရောက်ခဲ့ပြီးကျေးရွာအတွင်း တပ်စွဲနေထိုင်ခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ညနနေ ၆ နာရီ ၃၀ မိနစ် အချိန်ခန့်မှစ၍ ပြည်သူ့နေအိမ်များကိုစတင်မီးရှို့ဖျက်ဆီးခဲ့ရာ ညအချိန်ထိမီးများလောင်ကျွမ်းခဲ့ကြောင်း ၊ မတ်လ ၁ ရက်နေ့တွင် ကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့ရာ ကုန်းရွာမှ အိမ်ခြေ ၇၈၀ ၊ တာဝရွာ အိမ်ခြေ ၂၂ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း သိရှိရသည်။

“ကုန်းရွာနဲ့ တာ၀ ကျေးရွာ နှစ်ရွာပေါင်းကို အိမ်ခြေ ၈၀၀ ကျော် ၁၀၀၀ နီးပါး မီးရှို့ခံရပါတယ်။ ပြည်သူ ၄ ဦး အသတ်ခံရပါတယ်။ အခု ပြည်သူတွေက တောတွေထဲမှာ စစ်ဘေးရှောင်နေရတယ်။ ရွာတွေကလည်း ကုန်ပြီဆိုတော့ ပြန်ပြီး အခြေချဖို့ ခက်ဦးမယ်။ စစ်ကြောင်းတွေ ပြန်ဝင်လာမှာလည်း ကြောက်ရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောသည် ။

ယင်းမာပင်မြို့နယ် ဒေသကာကွယ်ရေးခေါင်းဆောင် ဗိုလ်သံမဏိကမူ အကြမ်းဖက်စစ်တပ် ၏ မီးရှို့ဖျက်ဆီးမှုနှင့် စစ်ကြောင်းထိုးမွှေနှောက်မှုကြောင့် စစ်ဘေးရှောင် ပြည်သူများ စားနပ်ရိက္ခာနှင့် ဆေးဝါးအကူအညီများ လိုအပ်လျက်ရှိသည့်အတွက် ဝိုင်းဝန်း လှူဒါန်းကြရန် တိုက်တွန်းနှိုးဆော်ထားသည်။

ဓာတ်ပုံ- ဖေဖော်ဝါရီလ ၂၈ ရက်နေ့နှင့် မတ်လ ၁ ရက်နေ့တွင် စစ်တပ်က မီးရှို့ ဖျက်ဆီးသွားသော ယင်းမာပင်မြို့နယ်၊ ကုန်းရွာကျေးရွာ မြင်ကွင်းများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article