38 C
Yangon

ရခိုင်တွင် စစ်တပ်က ဂိတ်ကြေး တောင်းသည့် သတင်းဖော်ပြသော Narinjara အယ်ဒီတာချုပ်ကို ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်၊ Border News Agency ကိုလည်း ပုဒ်မ ၅၀၅ (က) ၊ ပုဒ်မ ၆၆ (ဃ) ဖြင့်တရားစွဲ

Must read

ရခိုင်တွင် စစ်တပ်က ဂိတ်ကြေး တောင်းသည့် သတင်းဖော်ပြသော Narinjara အယ်ဒီတာချုပ်ကို ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်၊ Border News Agency ကိုလည်း ပုဒ်မ ၅၀၅ (က) ၊ ပုဒ်မ ၆၆ (ဃ) ဖြင့်တရားစွဲ

ရန်ကုန်| မတ် ၁၂

ရခိုင်အခြေစိုက် သတင်းမီဒီယာ ၂ ခုဖြစ်သည့် Narinjara သတင်းဌာနနှင့် Border News Agency (BNA) သတင်းဌာနတို့ကို စစ်တပ်၏ သတင်းများဖော်ပြမှုနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်စစ်ကောင်စီက ပုဒ်မ ၅၀၅ (က) ၊ ပုဒ်မ ၆၆ (ဃ) တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရခိုင်စစ်ကောင်စီ၏ သတင်းဌာန ရခိုင်နေ့စဉ်က သတင်းဖော်ပြသည်။

၂၀၂၃ ခုနှစ်၊ မတ်လ ၇ ရက်နေ့တွင် Narinjara သတင်းဌာနက ကုန်းလမ်း၊ ရေလမ်းရှိ ဌာနပေါင်းစုံစစ်ဆေးရေးဂိတ်များက ငွေကြေးအဓမ္မတောင်းခံနေကြောင်း၊ ကုန်ပစ္စည်းနှင့် မှတ်ပုံတင်များအား မလိုအပ်ဘဲ အသေးစိတ်စစ်ဆေးနေ ကြောင်း၊ ခရီးသွားလာသူများ အခက်အခဲဖြစ်နေကြောင်း၊ ရခိုင်လူထုကို ဗိုလ်ကျအနိုင်ကျင့်နေကြောင်း ရေးသား ဖော်ပြချက်ထားမှုဖြင့် Narinjara သတင်းဌာနမှ တာဝန်ခံအယ်ဒီတာချုပ်ကို မတ်လ ၁၁ ရက်နေ့တွင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် ထပ်မံအမှုဖွင့်အရေးယူထားပြီး ဖမ်းဆီးနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း ရခိုင် ပြည်နယ်စစ်ကောင်စီဘက်က သတင်းထုတ်ပြန်သည်။

ထို့ပြင် Narinjara သတင်းဌာန၊ BNA သတင်းဌာနတို့က ရခိုင်တွင် စစ်တပ်က ဂိတ်များ ထပ်မံတိုးချဲ့ဖွင့်ခြင်း၊ မလို အပ်ဘဲ စစ်ဆေးခြင်း၊ ငွေကြေးတောင်းခံခြင်းများရှိကြောင်းဖော်ပြသဖြင့် Narinjara သတင်းဌာနကို ၂၀၂၂ ခုနှစ်၊ မေလနှင့် အောက်တိုဘာလ အတွင်း ပုဒ်မ ၅၀၅-က၊ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ)တို့ဖြင့် သတင်းရေးသားသူနှင့် တာဝန်ခံအယ်ဒီတာတို့ကို အမှုဖွင့်ခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီအနေဖြင့် အောက်ခြေက တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်သူများကို စစ်ဆေးအရေးမယူဘဲ သတင်းမီဒီယာများကိုသာ ခြိမ်းခြောက်နေပြီး စစ်အာဏာရှင်၏ လုပ်ရိုးလုပ်စဉ်ဖြစ်ကြောင်းနှင့် အမှန်တကယ်ဟုတ်မဟုတ်ကို ရခိုင်ပြည်သူလူထုတစ်ရပ်လုံးက သိသည်ဟု BNA အယ်ဒီတာချုပ် ဦးကောင်းမြတ်နိုင်က ပြောသည်။

“ ကျနော်တို့ ရေးသားဖော်ပြခဲ့တဲ့ သတင်းတွေ အကုန်လုံးက အမှန်တွေပါပဲ။ ကျနော်တို့ကို အတည်ပြုဖြေကြားသူတွေထဲမှာ စကစ လူကြီးတွေ၊ စစ်တပ်အရာရှိတွေအထိ ပါပါတယ်။ ကျနော်တို့မှာ ခိုင်လုံသေချာတဲ့ အထောက် အထားတွေရှိပါတယ်။ ကျနော်တို့ဆီ စစ်ကောင်စီက ခုထိ ဘယ်ပုဒ်မတွေနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ အသိပေးအကြောင်းကြားလာတာ မရှိသေးပါဘူး။ ဒါပေမယ့် စစ်ကောင်စီ လူကြီးအရာရှိတချို့က စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောမှာ ပုဒ်မ ၁၁ ခုလောက်အထိနဲ့ အမှုဖွင့်ထားတာမို့ ရှောင်နေဖို့ သတိပေးထားပါတယ်။ ကျနော်တို့ ရှောင်နေရတာလည်း ၆ လကျော်ရှိနေပါပြီ။ “ ဟု ပြောသည်။

ရခိုင်အခြေစိုက်ရှိသည့် မီဒီယာများမှာ နိရဉ္စရာသတင်းဌာန၊ DMG သတင်းဌာန၊ Western News သတင်းဌာနနှင့် BNA သတင်းဌာနတို့ ရှိကြပြီး ယင်းမီဒီယာအားလုံးသည် မြန်မာစစ်ကောင်စီက အမှုဖွင့် အရေးယူထားကြောင်း သိရှိရသည်။

(Western News-WNသည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article