38 C
Yangon

မင်းအောင်လှိုင် လက်ကိုင်တုတ် စစ်ရာဇဝတ်မှုများ၏ တရားခံ လူမိုက် ဗိုလ်ချုပ်နီလင်းအောင်

Must read

မင်းအောင်လှိုင် လက်ကိုင်တုတ် စစ်ရာဇဝတ်မှုများ၏ တရားခံ လူမိုက် ဗိုလ်ချုပ်နီလင်းအောင်

By ရန်ကုန်ခေတ်သစ်

အကြမ်းဖက်မင်းအောင်လှိုင်မှာ လက်မရွံ့ သတ်ရဲ ဖြတ်ရဲ လူသားချင်းစာနာထောက်ထားမှု မရှိတဲ့ လူမဆန်အောင် မိုက်ရူးတဲ့ လူမိုက် ဗိုလ်ချုပ်တွေ များစွာထဲမှာ ဗိုလ်ချုပ်နီလင်းအောင်လည်း တစ်ဦးအပါအဝင် ဖြစ်ပါတယ်။ ဗိုလ်ချုပ်နီလင်းအောင်က စစ်တက္ကသိုလ် အပတ်စဉ် ၃၇ ကျောင်းဆင်းဖြစ်ပါတယ်။

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ်မှ တြိဂံတိုင်းစစ်ဌာနချုပ် တိုင်းမှူး ရာထူးတာဝန်တွေ ပြောင်းရွှေ့ ထမ်းဆောင်နေတဲ့ ဗိုလ်ချုပ်နီလင်းအောင်က ကရင်နီပြည်နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပြည်သူလူထု အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ၊ ရှမ်းပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပြည်သူ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုတွေမှာ အဓိက တာဝန်ရှိသူဖြစ်ပါတယ်။

ဗိုလ်ချုပ်နီလင်းအောင်က ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်မှာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး အဖြစ် တာဝန် ထမ်းဆောင်နေခဲ့တာဖြစ်ပါတယ်။ သူတိုင်းမှူးလုပ်နေတဲ့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်က ရှမ်းပြည်နယ် တောင်ပိုင်းနှင့် ကရင်နီပြည်နယ် ခြေလျင်တပ်ရင်းတွေကို ကွပ်ကဲရပါတယ်။

သူ အဓိက ကွပ်ကဲရတဲ့ တပ်တွေထဲမှာ ကရင်နီပြည်နယ်မှာ ပြည်သူတွေကို အကြီးအကျယ် သတ်ဖြတ်ကျူးလွန်တဲ့ ခြေမြန် တပ်ရင်း ၅၃၁ နှင့် ခြေမြန်တပ်မ ၆၆ တို့ပါဝင်ပြီး အဲဒီတပ်တွေက သူ့လက်အောက်ခံတပ်တွေဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်မှ ၂၀၂၂ ခုနှစ် ဩဂုတ်လအထိ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် သူ တာဝန်ထမ်းဆောင်နေချိန်မှာ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေက ကရင်နီပြည်နယ်အတွင်း ဥပဒေမဲ့သတ်ဖြတ်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ မတရားဖမ်းဆီးခြင်း၊ လုယက်ခြင်းနှင့် မီးရှို့ခြင်းများအပြင် အရပ်သားများကို ပစ်မှတ်ထားထိုးစစ်ဆင်ခြင်း၊ စစ်ဖက်အရပ်ဖက် မခွဲခြားဘဲ တိုက်ခိုက်ခြင်းနှင့် မြေမြှုပ်မိုင်းများ အသုံးပြုခြင်းများ ကျူးလွန်ခဲ့ပါတယ်။

သူတိုင်းမှူး လုပ်စဉ်ကာလ နာမည်ကျော် ဝမ်းနည်းဖွယ်ရာ ပြည်သူလူထု အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုက ၂၀၂၁၊ ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ ဖြစ်ပွားခဲ့ပါတယ်။ ကရင်နီပြည်နယ်၊ ဖရူးဆိုးမြို့နယ်တွင် နိုင်ငံတကာအဖွဲ့ Save the Children မှ ကလေး ၄ ဦးနှင့် ဝန်ထမ်း ၂ ဦး အပါအ၀င် ပြည်သူ အနည်းဆုံး ၃၉ ဦးကို ဗိုလ်ချုပ်နီလင်းအောင် ကွပ်ကဲတဲ့ တပ်မ ၆၆ က ဖမ်းဆီးပြီး အရှင်လတ် လတ်မီးတင်ရှို့သတ်ဖြတ် ခဲ့ပါတယ်။ ဒါက ဗိုလ်ချုပ်နီလင်းအောင် ကွပ်ကဲကျူးလွန်ခဲ့တဲ့ ထင်သာမြင်သာရှိတဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်ပါတယ်။

ဒါ့အပြင် ဗိုလ်ချုပ်နီလင်းအောင်က အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ယူနေချိန် ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်မှာ ဧပြီလအလယ်ပိုင်း ရွာသူရွာသား ၉ ဦးကို သတ်ဖြတ်ခဲ့ပါတယ်။ ပြည်သူလူထုအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံ ခြေလျင်တပ်ရင်း ၄ ခုထက်မနည်း ပါဝင်ပတ်သက်ခဲ့ပါတယ်။

အဲဒီအချိန်က အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင် နဲ့ အထူးစစ်ဆင်ရေးဗျူရို အမှတ် (၂) ကွပ်ကဲရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေးတို့က လက်တွဲညီညီနဲ့ ရှမ်းပြည်နယ်နဲ့ ကရင်နီပြည်နယ်အတွင်း ပြည်သူတွေကို သတ်ဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။

သစ္စာစောင့်သိတဲ့ အတွက် ဗိုလ်ချုပ်နီလင်းအောင်ကို ၂၀၂၂ခုနှစ် ဩဂုတ်လမှာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ်ကနေ တြိဂံတိုင်းစစ်ဌာနချုပ်တိုင်းမှူးအဖြစ် မင်းအောင်လှိုင်က ပြောင်းရွှေ့ပေးခဲ့ပါတယ်။ တြိဂံတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဖြစ်သွားချိန်မှာ ဗိုလ်ချုပ်နီလင်းအောင် အနေအစားအတော်ချောင်သွားပါတော့တယ်။

၀စိပိတ်ဘုန်းကြီးလို့ လူသိများတဲ့ မင်းအောင်လှိုင်ရဲ့ဆရာ ဘုန်းကြီးအတွက် တိုင်းမှူး ဗိုလ်ချုပ် နီလင်း အောင်က မင်းအောင်လှိုင်ညွှန်ကြားချက်နဲ့အမြဲမပြတ် ကြည့်ရှုစောင့်ရှောက် ပေးရပါတယ်။ ၀စိပိတ် တည်နေတဲ့ ကျောင်းဆောက်၊ ဘုရားတည် လုပ်ငန်းတွေမှာ သူက ဝင်ရောက်ပါဝင် ကူညီကြီးကြပ်ပေးရပါတယ်။

လူသတ်တရားခံ ဗိုလ်ချုပ် နီလင်းအောင်ကို လေ့လာခြင်း

===================================

မင်းအောင်လှိုင်အားထားရတဲ့ ဗိုလ်ချုပ်နီလင်းအောင်မှာ သားသမီး ၂ ဦးရှိပြီး ဇနီး ဒေါ်လဲ့လဲ့မာ နဲ့အတူ နေထိုင်ကြပါတယ်။ နီလင်းအောင်နဲ့ ဇနီးတို့ဟာ တပ်ထဲမှာလည်း အလွန်နာမည်ပျက်လှပါတယ်။

တပ်ထဲမှာလည်း တိုင်းမှူးက လူတန်းစားခွဲခြားဆက်ဆံပြီး ဇနီး ဒေါ်လဲ့လဲ့မာက စစ်သည်နဲ့ အရာရှိတွေအပေါ် ယုတ်မာ ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံလေ့ရှိတယ်လို့ သိရပါတယ်။

“တပ်မိသားစုတွေအပေါ် တိုင်းမှူးနဲ့ မိန်းမက မောက်မာရိုင်းစိုင်းစွာ ဆက်ဆံနေကြပေမယ့် သူတို့ကိုကြောက်လို့ ဘယ်သူမှ ပြန်လည်း မပြောရဲ တိုင်လည်းမတိုင်ရဲဘဲ ကြိတ်ခံနေကြရပါတယ်။ ရဲမေ အရာရှိကတော်တွေကို တိုင်းမှူးဇနီးက သူအခကြေးငွေပေးခေါ်ထားတဲ့သူတွေလို နှိပ်ခိုင်းတာတွေ ဘယ်သွားသွားသူ့ဖိနပ်ချွတ်သွားလို့ရင် ပြန်ထွက်လာအသင့်စီးရအောင် အဲ့ဒီဖိနပ်နားမှာ အရာရှိဇနီးတယောက်ကစောင့်ပြီးလှည့်ပေးရပါတယ်။ တိုင်းမှူး PSO၊ တိုင်းမှူးဇနီး PSO၊ အိမ်အတွက် PSO ဆိုပြီး အိမ်မှာ သူတို့လင်မယား၊ သူ့သားနဲ့သမီးခိုင်းစေဖို့ အရာရှိ ၄ ယောက်၊ အခြားအဆင့်လက်ဖြောင့် ၁၀ယောက်ကျော်၊ အိမ်အကူရဲမေ ၅ယောက်နဲ့နေထိုင်တယ်”လို့ စစ်တပ်သတင်းရင်းမြစ်က ပြောပါတယ်။

တိုင်းမှူးအိမ်မှာ ခေါ်ခိုင်းခံနေရတဲ့ စစ်သည်ရဲမေတွေဟာ သူတို့ထမင်း သူတို့စား သူတို့လစာနဲ့သူတို့ တိုင်းမှူးအိမ်မှာကျွန်သဖွယ်လုပ်ကိုင်ပေးရပြီး တိုင်းမှူးကတော်နဲ့သမီးရဲ့ အတွင်းခံဘောင်းဘီကအစ အကုန်လျှော်ပေးရပါတယ်။

တိုင်းမှူးဇနီးက အရာရှိကတော်မှန်သမျှ ဦးကျိုးစေရမယ်ဆိုပြီး တပ်ဧည့် ရိပ်သာမှာ အရာရှိကတော်တွေကို ကြမ်း တိုက်ခိုင်း၊ အိမ်သာရေချိုးခန်းဆေးခိုင်းတာ အပြင် သူခိုင်းတာမလုပ်ရင် ပြင်းပြင်းထန်ထန်ဒဏ်ပေးပြန်ပါတယ်။ ဒီလို ဖိနှိပ်မှုတွေအတွက်လည်း တိုင်ချင်ရာ တိုင်နိုင်တယ်ဆိုပြီး စိန်ခေါ်လေ့ရှိပါတယ်။

လာဘ်ပေးလာဘ်ယူမှုများစွာကျူးလွန်ခြင်း

===============================

တြိဂံတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဖြစ်လာချိန်မှာ ဗိုလ်ချုပ်နီလင်းအောင်က လာဘ်ပေးလာဘ်ယူမှုများစွာ ပါဝင်ပတ်သက်နေပါတယ်။ ကျိုင်းတုံ၊ တာချီလိတ်မှာရှိတဲ့ မြေကွက်တွေ၊ အဆောက်အအုံတွေကို သူ့အမိန့်နဲ့ သိမ်းယူတာ၊ ရောင်းစားတာတွေအပြင် မူးယစ်ဆေးဝါး ဂိုဏ်းတွေနဲ့ပတ်သက် ဆက်နွယ်တဲ့ တရားမဝင် လာဘ်ငွေ ရယူတာတွေလည်း ရှိနေပါတယ်။

တရားမဝင်ကုန်သွယ်မှုနဲ့ တရားမဝင် လောင်းကစားလုပ်ငန်းများစွာကိုလည်း ဆက်ကြေးရယူထားပါသေးတယ်။ ကျိုင်းတုံ တာချီလိတ်က သူတို့ကိုပိုက်ဆံပေးနေတဲ့ စီးပွားရေးသမားမှန်သမျှကို ဧည့်ခံစားပွဲတွေလုပ်ပေး၊ အရက်ခွက်တွေတိုက်ပြီး အမြဲလိုလို ထိတွေ့ဆက်ဆံပါတယ်။

၀ိုင်အရက်ကြိုက်သော တိုင်းမှူးကတော်နှင့် အဆိုတော်ကို ပါးရိုက်ခြင်း

=====================================================

ထူးထူးခြားခြား တိုင်းမှူးကတော် လဲ့လဲ့မာက အရက်ဂျိုး အသောက်သမားပါ။ စစ်တပ် ဧည့်ခံပွဲတွေမှာ ဝိုင်ပုလင်းနဲ့ အရက် တစ်လုံးပြီး တစ်လုံးမှောက်ပေမယ့် သူက မမှောက်ပါဘူး ။

အဲဒီမှာ တိုင်းမှူးကတော် မူးရူး ရမ်းကားတဲ့ ဖြစ်စဉ်တစ်ခုလည်းရှိနေပါသေးတယ်။ ဒီနှစ်သင်္ကြန်တွင်းမှာ အဆိုတော်ဝိုင်းစုခိုင်သိန်း၊ ဂျင်းနီ၊ အယ်ဇိုင်းဇီနဲ့ ဩရသတို့ကို ငှားရမ်းပြီး တြိဂံတိုင်းစစ်ဌာနချုပ် တပ်သင်္ကြန်မဏ္ဍပ်မှာ ဖျော်ဖြေခိုင်းပါတယ်။

တိုင်းမှူးက အဆိုတော်မတွေနဲ့ကဲနေချိန် တိုင်းမှူးကတော်က ဩရသနဲ့တွဲလို့ မူးရူးကကြပါတယ်။ သင်္ကြန်တွင်းတစ်လျှောက်လုံး ညတိုင်း ည ၁ နာရီ ၂နာရီမှ မဏ္ဍပ်ပိတ်ပါတယ်။

ဗိုလ်ချုပ်နီလင်းအောင်က အဆိုတော်အမျိုးသမီး ၁ ဦးကို သီချင်းဆိုတဲ့ အခါတိုင်း ငွေတွေ တက်ပေးပြီးဆုချပါတယ်။ ကြာလာတော့ တိုင်းမှူးကတော် လဲ့လဲ့မာက သူ့ ယောင်္ကျား ဗိုလ်ချုပ်နီလင်းအောင် ငွေပေးဆုချတဲ့ အဆိုတော်အမျိုးသမီးကို စင်ပေါ် ဆင်းလာချိန်မှာ ဆံပင်ဆွဲပြီး ပါးရိုက်ချလိုက်ပါတယ်။ နောက်မှ လျှော်ကြေးအဖြစ် သိန်းရာချီပေးလိုက်လို့ အမှုမဖြစ်ဘဲ ကျေအေးသွားခဲ့တာပါ။

သင်္ကြန်ကာလအတွင်းမှာ တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင်မိန်းမ လဲ့လဲ့မာ အရက်သောက်နေတုန်း Happy Water ပါတဲ့ အရက်အတိုက်ခံရလို့ လူမှန်း သူမှန်းသမိဘဲ ရုပ်ပျက်ဆင်းပျက် ဖြစ်တဲ့အထိ မူးရူးရမ်းကားလို့ ပွဲပျက်သွားခဲ့ရပါတယ်။

မင်းအောင်လှိုင်ရဲ့ လူယုံ ဗိုလ်ချုပ်နီလင်းအောင်

======================================

ဗိုလ်ချုပ်နီလင်းအောင်နဲ့ မိန်းမဖြစ်သူတို့ ဆိုးသွမ်းမှုတွေက တြိဂံတိုင်းစစ်ဌာနချုပ်မှာရော နေပြည်တော် စစ်ရုံးချုပ်မှာပါ အလွန်ပြန့်နှံ့ပါတယ်။ ဒါပေမယ့် မင်းအောင်လှိုင်ရဲ့ လူယုံဖြစ်တာ၊ လက်မရွံ့ လူမိုက်ဖြစ်တာတွေကြောင့် ဗိုလ်ချုပ် နီလင်းအောင်ကို ထိဖို့ခက်ခဲနေပါတယ်။

ဗိုလ်ချုပ်နီလင်းအောင်ကလည်း နေပြည်တော် မင်းအောင်လှိုင်အိမ်အထိ ကို စစ်ရဟတ်ယာဉ်နဲ့ အစားအသောက်တွေပို့တာ၊ အဝတ်အထည်တွေပို့ တာ၊ မင်းအောင်လှိုင်မြေးတွေအတွက် ကစားစရာနဲ့ အသုံးအဆောင်ပစ္စည်း လိုအပ်တာတွေကို ပေးပို့နေပါတယ်။

အဲဒီအတွက်ကြောင့် လာဘ်ပေးလာဘ်ယူတွေ၊ တပ်တွင်း အနိုင်ကျင့်မှုတွေ၊ အကျင့်ပျက်ခြစားမှုတွေ၊ ဆိုးသွမ်း သောင်းကျန်းမှုတွေရှိနေပေမယ့်လည်း မင်းအောင်လှိုင်က ဗိုလ်ချုပ်နီလင်းအောင်နဲ့ မိန်းမ လဲ့လဲ့မာတို့ကို အရေးယူတာမျိုးမလုပ်ဘဲ ရာထူးနေရာမှာ ဆက်လက် ခန့်ထားတာလည်းဖြစ်ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article