26 C
Yangon

ရခိုင်တွင် မိုခါမုန်တိုင်းဒဏ်ကြောင့် မွတ်စလင်ကျေး ရွာများမှ ရိုဟင်ဂျာပြည်သူများ မုန်တိုင်းဒီရေနှင့်အတူ မျှောပါ‌ သေဆုံးမှုများနှင့် ပျောက်ဆုံးမှုများစွာ ရှိနေ

Must read

ရခိုင်တွင် မိုခါမုန်တိုင်းဒဏ်ကြောင့် မွတ်စလင်ကျေး ရွာများမှ ရိုဟင်ဂျာပြည်သူများ မုန်တိုင်းဒီရေနှင့်အတူ မျှောပါ‌ သေဆုံးမှုများနှင့် ပျောက်ဆုံးမှုများစွာ ရှိနေ

■ မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်သူများ အရေးပေါ် အကူအညီများစွာ လိုအပ်နေသော်လည်း မည်သည့်အဖွဲ့အစည်းမှ ရောက်မလာ

ရန်ကုန်၊ မေ ၁၆

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် မေလ ၁၄ ရက်နေ့ မိုခါ ဆိုင်ကလုန်း မုန်တိုင်းတိုက်ခတ်မှုကြောင့် မွတ်စလင်ကျေးရွာများမှ ရိုဟင်ဂျာပြည်သူများ မျှောပါသေဆုံးမှုများ၊ ပျောက်ဆုံးမှုများစွာရှိနေကြောင်း ဒေသပြည်သူများနှင့် ရိုဟင်ဂျာ အသိုင်းအ၀ိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၁၄ ရက်နေ့ မွန်းလွဲပိုင်း မုန်တိုင်းဗဟိုချက်က စစ်တွေမြို့အနီးမှ ဖြတ်သန်းစဉ် မွတ်စလင် ကျေးရွာများ မုန်တိုင်းဒီရေနှင့်အတူ ရိုဟင်ဂျာ ပြည်သူ အများအပြား မျှောပါသေဆုံးမှုများ ရှိခြင်းဖြစ်ကြောင်း သဲချောင်း၊ ဒါးပိုင်ကျေးရွာမှ ရိုဟင်ဂျာများနှင့်အတူ အဆက်အသွယ်ရှိနေသူ အကူအညီပေးရေးသမားတစ်ဦးက ပြောသည်။

“စစ်တွေ ကမ်းနားဘက် သဲချောင်းနဲ့ ဒါးပိုင်ဘက်မှာ အသေအပျောက်များတယ်။ ပျောက်ဆုံးနေတာတွေလည်းများတယ်။ အရေအတွက်က တချို့လည်း မုန်တိုင်းကြောက်ပြီး ပြောင်းရွှေ့ကြတော့ ပြန်မလာသေးတာတွေကြောင့် အတိအကျ မရေတွက်နိုင်သေးဘူး။ ဆယ်ဂဏန်းအထက်မှာ သေဆုံးမှု ရှိ​နေပါတယ်။ သေဆုံးတာက မုန်တိုင်းဒီရေတွေ တဟုန်ထိုးတက်လာပြီးတော့ လှိုင်းတွေနဲ့ မျှောသွားတာ” ဟု အကူအညီပေးရေးသမားက ပြောသည်။

ရိုဟင်ဂျာအသိုင်းအ၀ိုင်းကမူ စစ်တွေမြို့မှ ရိုဟင်ဂျာ မွတ်စလင် အမျိုးသမီး၊ ကလေးသူငယ် ၄၀၀ ကျော် ရေနစ် သေဆုံးသည်ဆိုသော သတင်းများ ရရှိထားကြောင်း၊ ကယ်ဆယ်ရေး မသွားနိုင်သေးဘဲ သဲချောင်း၊ ဒါးပိုင် ရော်ဘာခြံနှင့် မင်းဂံသွားလမ်း တံတားများ ပျက်စီးကာ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေကြောင်း၊ အတည်မပြုနိုင်သော စာရင်းဇယားများအရ စံပြကျေးရွာမှ ၅၀ ဦး၊ ဗေဒမှ ၁၁၀ ဦး၊ ဒါးပိုင်မှ ၂၀၀ နီးပါး ဘောဒူဖ (အောင်ပင်လယ်) ၅၀ ကျော်၊ တခြားမှ ၅၀ နီးပါး ရေမျှောပြီး ပျောက်ဆုံးနေသည်ဟု သတင်းများရရှိထားကြောင်း၊ အသေးစိတ်ကိုမူ ဆက်လက် အတည်ပြုရန် ကြိုးပမ်းနေဆဲဖြစ်ကြောင်း ပြောဆိုသည်။

ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူ ရိုနေဆန်းလွင်ကလည်း ရိုဟင်ဂျာများ မုန်တိုင်းဒီရေနှင့်မျှောပါသေဆုံးမှုများရှိနေသည်ဆိုသော သတင်းများ ရရှိထားသော်လည်း အတည်မပြုနိုင်သေးဟု ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“ရိုဟင်ဂျာ တစ်ရာကျော်သေတယ်ဆိုပြီး ကြားတယ်။ ဒါပေမယ့် အတိအကျ ဘာမှ မသိရသေးဘူး။ သေတာတော့ သေချာတယ်။ အတိအကျ အတွက်က အချိန်လိုပါမယ်။ လိုင်းတွေလည်း ပြတ်နေတော့၊ ဆက်သွယ်ရေးတွေ ပြတ်တာကြောင့် အဓိကဖြစ်မယ်” ဟု ရိုနေဆန်းလွင်က ပြောဆိုသည်။

ထို့ပြင် မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် စစ်တွေ၊ မြောက်ဦး၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မင်းပြား အပါအဝင် မြို့ များအားလုံး ပျက်စီးသွားပြီး ကျေးရွာများအားလုံးမှာလည်း ၉၀ ရာခိုင်နှုန်းကျော် ပျက်စီးသွားကြောင်း၊ လက်ရှိအချိန် မုန်တိုင်းပြီး ၂ ရက်အကြာအထိ မည်သည့် အကူအညီမှ ရောက်ရှိလာခြင်းမရှိကြောင်း ရခိုင်ဒေသပြည်သူများက ပြောဆိုသည်။

စစ်တွေမြို့ သင်္ဂနက် ကျေးရွာမှ မုန်တိုင်းသင့်ပြည်သူတစ်ဦးက ၎င်းတို့ကျေးရွာတွင် ရွာလုံးကျွတ် ပျက်စီးဆုံးရှုံးမှု ကြီးမားပြီး မည်သည့်အကူအညီမှ ရောက်မလာသဖြင့် အရေးပေါ် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် နေအိမ်များ ပြန်လည် ပြုပြင်ရေး ပစ္စည်းများ လိုအပ်နေကြောင်း၊ မုန်တိုင်းသင့် ပြည်သူများ အလွန်ဒုက္ခရောက်နေကြောင်း ပြောဆိုသည်။

“ပျက်စီ ဆုံးရှုံးမှုက ရွာလုံးကျွတ်ကို ဖြစ်သွားတာ။ လူတွေ တအား အခက်ခဲဖြစ်ပြီး ဒုက္ခရောက်နေပါတယ်။ ကျနော်တို့ရွာဆိုရင် စစ်တွေနဲ့ သိပ်မဝေးဘူး။ လက်ဝဲသလုံးတော်ဘုရားနားမှာ သင်္ဂနက်ရွာက ။ ဘာအကူအညီမှ ရောက်မလာဘူး။ ရွာမှာလည်း ပြည်သူတွေ အားလုံး ဒုက္ခရောက်နေကြတယ်။ စားနပ်ရိက္ခာ၊ ရေ၊ ဆေးဝါး၊ ပြန်လည်ထူထောင်ရေး ပစ္စည်းတွေ အရမ်းလိုနေပါတယ်။ ကူညီကြပါဦးခင်ဗျာ” ဟု စစ်တွေမြို့ သင်္ဂနက် ကျေးရွာမှ မုန်တိုင်းသင့်ပြည်သူက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက မုန်တိုင်းသင့် မြို့များကို သဘာ၀ဘေးအန္တရာယ်ကြုံတွေ့ရသည့် မြို့များအဖြစ် ကြေညာထားသော်လည်း မည်သည့် ထိရောက်သည့် အကူအညီမှ ပေးနိုင်ခြင်းမရှိသေးဘဲ ရခိုင်ပြည်နယ်တစ်ဝန်းလုံးတွင် မုန်တိုင်းသင့် ပြည်သူ သန်းချီ ရှိကြောင်း မုန်တိုင်းသင့် ပြည်သူများကို ကူညီပေးရေး လုပ်ဆောင်နေသော ပရဟိတ အဖွဲ့တချို့က ပြောဆိုသည်။

ဓာတ်ပုံ- မိုခါမုန်တိုင်းကြောင့် ရွာလုံးကျွတ် ပျက်စီးသွားသော စစ်တွေမြို့ သင်္ဂနက် ကျေးရွာ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article