38 C
Yangon

အာဆီယံအနေနှင့် မြန်မာပြည်သူများ၏ဆန္ဒကို အသိအမှတ်ပြုရမည်ဖြစ်ပြီး စစ်ကောင်စီအား တရားဝင်မှုပေးသည့် မည်သည့် ထိတွေ့ဆက်ဆံမှုမျိုးကိုမဆို ရပ်တန့်ရန် လိုအပ်

Must read

အာဆီယံအနေနှင့် မြန်မာပြည်သူများ၏ဆန္ဒကို အသိအမှတ်ပြုရမည်ဖြစ်ပြီး စစ်ကောင်စီအား တရားဝင်မှုပေးသည့် မည်သည့် ထိတွေ့ဆက်ဆံမှုမျိုးကိုမဆို ရပ်တန့်ရန် လိုအပ်

By လမ်းသစ်

လက်ရှိမြန်မာနိုင်ငံမှာ ပြည်သူတွေရဲ့ အမုန်းဆုံးအဖွဲ့အစည်းကို ပြပါဆိုရင် မြန်မာစစ်တပ်ကို ထိပ်ဆုံးက ပြေးမြင်ပါလိမ့်မယ်။ မြန်မာစစ်တပ်ကို မမုန်းတဲ့လူတွေဆိုလို့ စစ်တပ်ရဲ့ လက်ပါးစေတွေနဲ့ တိုင်းပြည်ချောက်ထဲကျမှ စားရသောက်ရ ဗိုက်ဝမယ့်သူတွေပဲ ရှိမှာပါ။

ပြည်သူတွေ မုန်းလောက်အောင်လည်း စစ်တပ်ဟာ ပြည်သူ့အာဏာကို အတင်းအဓမ္မ လုယူ၊ ပြည်သူ့ အိုးအိမ်စည်းစိမ်ကို ဖျက်ဆီးပြီးမှ သူတို့ကိုယ်သူတို့ တရားဝင်အစိုးရလို့ အရှက်ကင်းမဲ့စွာ အော်ဟစ်ကြေညာနေတာ ဖြစ်ပါတယ်။

မင်းအောင်လှိုင်တို့ စစ်အုပ်စုဟာ မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို လိုက်နာမှုမရှိတာကြောင့် သီတင်းပတ်က ပြုလုပ်ခဲ့တဲ့ အာဆီယံထိပ်သီး အစည်းအဝေးမှာလည်း တက်ရောက်ခွင့် မရခဲ့ပြန်ပါဘူး။ ဒါပေမယ့် အဲ့ဒီထိပ်သီးအစည်းအဝေးမှာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ အားရစရာကောင်းတဲ့ ရလဒ်တွေလည်း ဘာမှထွက်ပေါ် မလာခဲ့ပါဘူး။

မြန်မာပြည်သူတွေ ထောက်ခံထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ မြန်မာ့အရေးနဲ့ ပတ်သက်လို့ စိုးရိမ်ရုံမျှသာ ဖော်ပြခဲ့တဲ့ အာဆီယံရဲ့ ဆုံးဖြတ်ချက်အပေါ် စိတ်ပျက်မိတယ်လို့ တရားဝင်ထုတ်ပြန်ကြေညာခဲ့ပါတယ်။

တရားမဝင် အကြမ်းဖက်စစ်အုပ်စုအနေနဲ့ အာဆီယံထိပ်သီးအစည်းအဝေးကို တက်ရောက်ခွင့်မရပေမယ့် ဒေသတွင်း ခေါင်းဆောင်မှုရာထူးတချို့ကို အာဆီယံကနေ ပေးအပ်ချီးမြှင့်ခံထားရပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်အတွင်း အာဆီယံထိပ်သီး အစည်းအဝေးနဲ့အတူ ဖိလစ်ပိုင်ရေတပ်က အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ အာဆီယံ ရေတပ်စစ်ဦးစီးချုပ်များ အစည်းအဝေး (ANCM) မှာ မြန်မာရေတပ်ဦးစီးချုပ် မိုးအောင် ပါဝင်လာပြီး ၂ဝ၂၄ခုနှစ်အတွက် ANCM ရဲ့ ဦးဆောင်မှုကို ပေးအပ်ခံခဲ့ပါတယ်။ နိုင်ငံတကာရဲ့ အရေးယူပိတ်ဆို့မှုခံထားရတဲ့ မိုးအောင် လို လူမျိုးကို အခုလိုရာထူးအပ်နှင်းတာဟာ လုံးဝ မဖြစ်သင့်တဲ့ ကိစ္စတစ်ခုပါ။

ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုရဲ့ လေတပ်ဦးစီးချုပ် ထွန်းအောင်ကိုလည်း အာဆီယံလေတပ်ဦးစီးချုပ်များ ညီလာခံ (AACC) ရဲ့ ခေါင်းဆောင်အဖြစ် ပြီးခဲ့တဲ့ ၂ဝ၂၂ခုနှစ် နိုဝင်ဘာလမှာ ခန့်အပ်ပြီး ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးတွေကို ကြီးကြပ်ကွပ်ကဲဖို့ အခွင့်အာဏာတွေ ပေးအပ်ထားတယ်လို့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများအဖွဲ့ဖြစ်တဲ့ Justice for Myanmar (JFM) က ထုတ်ပြန်ထားပါတယ်။

ထွန်းအောင်ဟာလည်း စစ်ကိုင်းတိုင်း ပဇီကြီးကျေးရွာအပါအဝင် မြန်မာပြည်သူ အများအပြား သေကြေထိခိုက်ခဲ့ရတဲ့ စစ်တပ်ရဲ့ လေကြောင်းထိုးစစ်ဆင်မှုတွေအတွက် အဓိက တာဝန်ရှိသူတစ်ယောက် ဖြစ်ပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်ပြီး ထားရှိထားတဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ချက်ကို ပြန်ပြောင်းပြောရမယ်ဆိုရင်-

(၁)အကြမ်းဖက်မှုအားလုံး ချက်ချင်းရပ်ဖို့နဲ့ သက်ဆိုင်သူအဘက်ဘက်က ထိန်းထိန်းသိမ်းသိမ်း လုပ်ကြရန်၊ (၂)သက်ဆိုင်သူတွေကြား အပြုသဘောဆောင် တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းတဲ့အဖြေရှာကြရန်၊ (၃)အာဆီယံအတွင်းရေးမှူးချုပ်ရဲ့ ကူညီမှုကို ရယူပြီး ဥက္ကဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က တွေ့ဆုံဆွေးနွေးရေးလုပ်ငန်းစဉ်တွေကို ညှိနှိုင်းပေးရန်၊

(၄)အာဆီယံဘက်က လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းကူညီပေးရေးဌာနကတစ်ဆင့် လူသားချင်းစာနာမှု အကူအညီများ ပေးသွားရန်၊

(၅)အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖွဲ့က မြန်မာနိုင်ငံကိုသွားရောက်ပြီး ပြည်တွင်းက သက်ဆိုင်သူ ဘက်ပေါင်းစုံနဲ့ တွေ့ဆုံရန် ဆိုတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

အာဆီယံအလှည့်ကျ ဥက္ကဌ တာဝန်ယူထားတဲ့ အင်ဒိုနီးရှားသမ္မတ ဂျိုဂိုဝီဒိုဒိုကတော့ ဘုံသဘောတူညီမှုချပ် ၅ ရပ်ကို ဆက်လက်ကိုင်စွဲပြီး “ထိတွေ့ဆက်ဆံမှု ပြုလုပ်တာက တရားဝင်မှု၊ အသိအမှတ်ပြုမှုပေးတဲ့ အဓိပ္ပာယ် မသက်ရောက်ပါဘူး။ ဒီအရေးမှာ ပါဝင်ပတ်သက်နေသူတွေဟာ စစ်ကောင်စီ သက်သက် မဟုတ်ပါဘူး။ တခြားအဖွဲ့အစည်းတွေနဲ့ ဘက်ပေါင်းစုံရှိနေပါတယ်။ မတူညီတဲ့ အကျိုးစီးပွားတွေ အသီးသီး ရှိနေပါတယ်” လို့ ပြောထားပါတယ်။

အာဆီယံအဖွဲ့ဝင်အဖြစ် ဖြစ်တည်နေမှုအရ အကြမ်းဖက် စစ်အုပ်စုနဲ့ ထိတွေ့ဆက်ဆံတာကို မပြောလိုပေမယ့် ရာထူးအာဏာတွေ အပ်နှင်းထားတာကတော့ လွန်ရာကျတယ်လို့ မြင်မိပါတယ်။ ဒါတွေတင် မကသေးဘဲ အာဏာသိမ်းမှု မလိုလားတဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒပြပွဲတွေကို ရက်ရက်စက်စက် ဖြိုခွင်းခဲ့တဲ့ စစ်တပ်ရဲ့လက်ကိုင်တုတ် မြန်မာရဲတပ်ဖွဲ့ကို ၂ဝ၂၂ ခုနှစ်မှာ အာဆီယံရဲတပ်ဖွဲ့ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ASEANPOL က အလုပ်အမှုဆောင် ဒါရိုက်တာအဖြစ် ခန့်အပ်ထားတာပါ။

ဒီလို တရားမဝင်အဖွဲ့အစည်းကို တရားဝင်မှုတွေ ပေးအပ်တာဟာ ရာဇဝတ်ကောင်တွေကို ကူညီအားပေးရာ ရောက်နေတာကြောင့် အာဆီယံအနေနဲ့ မြန်မာ့အရေးကို အမှန်တကယ် အလေးထားရင် စစ်အုပ်စုကို ချက်ချင်း ဖယ်ရှားပြီး အစည်းအဝေး ကိုယ်စားပြုမှုတွေကို ပိတ်ပစ်ရမယ်လို့ JFM က တိုက်တွန်းထားပါတယ်။

အာဆီယံအနေနဲ့ ဘုံသဘောတူညီချက်တွေကို မလိုက်နာဘဲ မထီမဲ့မြင်ပြုနေတဲ့ စစ်ကောင်စီကို အရေးမယူနိုင်ဘူးဆိုရင် နိုင်ငံတကာကနေ လိုအပ်တဲ့ အကူအညီ ရယူဖို့ တောင်းဆိုသင့်ပြီလို့ NUG ရဲ့ သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇောက ပြောဆိုထားပါတယ်။

ထိပ်သီးအစည်းအဝေး ဆွေးနွေးပွဲကနေ ထွက်ပေါ်လာတဲ့ ထုတ်ပြန်ချက်တွေအရ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ထူးခြားတဲ့ရလဒ်မျိုး မတွေ့ရဘဲ အင်ဒိုနီးရှား သမ္မတ ဝီဒိုဒိုကတော့ ဘက်ပေါင်းစုံနဲ့ ထိတွေ့ဆက်ဆံရေး ဖော်ဆောင်ဖို့ အရေးကြီးကြောင်း သတင်းစာရှင်းလင်းပွဲမှာ မီးမောင်းထိုး ပြောဆိုသွားပါတယ်။

အာဆီယံ ကြိုးပမ်းဆောင်ရွက်နေတဲ့အရာတွေက အမှန်တကယ်ပဲ အကျိုးသက်ရောက်မှု ရှိနိုင်ပါသလား။

၈၈ ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်ကတော့ အာဆီယံနဲ့ ပတ်သက်ပြီး “စကစ ငြိုငြင်မှာကို စိုးရိမ်လို့ NUG နဲ့ တော်လှန်ရေး အင်အားစုတွေကို အဓိက Stakeholders တွေအဖြစ် အတိအလင်း မဆက်ဆံရဲသရွေ့ကတော့ သူတို့ရဲ့ ကြိုးပမ်းချက်တွေဟာ နေပူကျဲမှာ ရေခဲပန်းပု ထုသလိုနေမှာပဲ” လို့ ပြောဆိုထားပါတယ်။

လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ ပါလီမန်အမတ်များအဖွဲ့ APHR ရဲ့ ဥက္ကဌဖြစ်သူ ဝါရင့် မလေးရှား ပါလီမန်အမတ် ချားလ်စ်ဆန်တီယာဂိုကတော့ အာဆီယံအနေနဲ့ မြန်မာစစ်တပ်ကို မိတ်ဖြစ်ဆွေဖြစ် စကားစမြည် ပြောဆိုစည်းရုံးရုံမျှနဲ့ အောင်မြင်မှာ မဟုတ်ဘဲ စီးပွားရေး၊ နိုင်ငံရေး အဘက်ဘက်ကနေ ဖိအားပေးနိုင်မှ အကြမ်းဖက်စစ်အုပ်စုက သတ်ဖြတ်တာတွေရပ်ပြီး စကားပြောလာလိမ့်မယ်လို့ BBC နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောခဲ့ပါတယ်။

“အထိရောက်ဆုံးနဲ့ အရှင်းဆုံး အတိုဆုံးနည်းကတော့ NUG ကိုသာ မြန်မာနိုင်ငံရဲ့ ဥပဒေနဲ့ ညီညွတ်တဲ့ တရားဝင်အစိုးရအဖြစ် အသိအမှတ် ပြုလိုက်ပါ။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စကားပြော လာပါလိမ့်မယ်။ ဒါမျိုး အာဆီယံအနေနဲ့ လုပ်နိုင်စွမ်း မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အာဆီယံအတွင်းမှာကို ညီညွတ်စည်းရုံးမှု မရှိဘဲ ရပ်တည်မှုတွေ ကွဲပြားနေလို့ ဖြစ်ပါတယ်” လို့ ချားစ်ဆန်တီယာဂိုက ပြောဆိုထားတာပါ။

နောက်လာမယ့် အာဆီယံအလှည့်ကျ ဥက္ကဌ လာအိုနိုင်ငံအနေနဲ့ ဒီလိုအကြပ်အတည်း ပြဿနာမျိုးကို ဖြေရှင်းနိုင်စွမ်း မရှိသလို မြန်မာ အာဏာသိမ်း စစ်ခေါင်းဆောင်ဘက်ကို ယိမ်းတဲ့ထဲမှာ လာအိုနိုင်ငံလည်း ပါနေတယ်လို့ သူက ဆက်ပြောခဲ့ပါတယ်။

ပြည်သူ့ဆန္ဒမပါဘဲ အာဏာပုလ္လင်ထက် အတင်းအလုအယက် တက်ထိုင်နေတဲ့ အကြမ်းဖက် ခေါင်းဆောင် မင်းအောင်လှိုင်တို့ စစ်အုပ်စုကို ပြတ်ပြတ်သားသား မရှင်းထုတ်သေးသရွေ့တော့ မြန်မာပြည်သူတွေဟာ ဒုက္ခတွေ ခါးစည်းခံနေရအုံးမှာပါ။

အာဆီယံအနေနဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို အသိအမှတ်ပြု ကူညီပေးချင်တယ်ဆိုရင်တော့ တရားမဝင် စစ်အုပ်စုကို အသိအမှတ်မပြုရေး နဲ့ စစ်ကောင်စီကို တရားဝင်မှုပေးတဲ့ ဘယ်လိုထိတွေ့ ဆက်ဆံမှုမျိုးကိုမဆို ရပ်တန့်ရေး တို့ဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article