30 C
Yangon

ရေစကြိုမြို့နယ်တွင် စစ်တပ်က ၃ ရက်ဆက်တိုက် ကျေးရွာ ၁၈ ရွာကို မီးရှို့ဖျက်ဆီး၊ ကနဦးစာရင်းအရ နေအိမ် ၃၇၇ လုံးနှင့် မော်တော် ၁၅ စီး ပြာကျ

Must read

ရေစကြိုမြို့နယ်တွင် စစ်တပ်က ၃ ရက်ဆက်တိုက် ကျေးရွာ ၁၈ ရွာကို မီးရှို့ဖျက်ဆီး၊ ကနဦးစာရင်းအရ နေအိမ် ၃၇၇ လုံးနှင့် မော်တော် ၁၅ စီး ပြာကျ

ရန်ကုန်၊ မေ ၂၈

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် စစ်တပ်က ကျေးရွာ ၁၈ ရွာကို ၃ ရက်ဆက်တိုက် မီးရှို့ခဲ့​ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့ အထိ အကြမ်းဖက် စစ်တပ်က ကျေးရွာ ၁၈ ရွာကို ဝင်ရောက် မီးရှို့ ဖျက်ဆီးခဲ့ပြီး ကနဦး ကောက်ခံရရှိထားသည့် စာရင်းအရ လူနေအိမ် ၂၄၅ လုံး၊ ကျေးလက်ဆေးပေးခန်း ၁ ခန်း၊ ပဲမှော်စင် ၁ လုံး၊ မော်တော်ကြီး ၁၅ စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ယနေ့ မေလ ၂၈ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ချင်းယားရွာ၊ မိုးကွဲရွာ၊ မိုးဖြူရွာ၊ ကံဦးရွာ၊ တောင်ကုန်းရွာ၊ ညောင်မွှေးပင်ရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ စစ်တပ် မီးရှို့ ဖျက်ဆီးမှုကြောင့် ချင်းယားကျေးရွာတွင် နေအိမ် ၆၅ လုံး၊ ညောင်မွှေးပင်ရွာတွင် နေအိမ် ၃၂ လုံး မီးလောင်ပျက်စီးခဲ့ကြောင်းသိရသည်။

မေလ ၂၇ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က မြေတော်ကျေးရွာ၊ မြေစွန်းရွာ၊ ရေယှားရွာ၊ နွယ်နီကျေးရွာ ၊ နန်းဦးရွာ၊ ဆည်သည့်မြင်ရွာတို့ကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ စစ်တပ် မီးရှို့ဖျက်ဆီးမှုကြောင့် ရေယှားရွာတွင် နေအိမ် ၁၃၂ လုံး၊ နွယ်နီကျေးရွာတွင် လူနေအိမ် ၂၆ လုံးနှင့် ကျေးလက်ဆေးပေးခန်း ၁ လုံး၊ ဆည်သည့်မြင်ရွာတွင် နေအိမ် ၁၈ လုံး နှင့် မြေစွန်းရွာတွင်မူ နေအိမ် ၁၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

မေလ ၂၆ ရက်နေ့တွင်မူ မိဖုရားရွာ၊ လှေခုတ်ရွာ၊ နွယ်နီကျေးရွာ၊ ကြွယ်ကုန်းရွာအရှေ့ဖျား၊ ဆင်တဲရွာ၊ ပေါက်အူရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးမှုကြောင့် မိဖုရားရွာတွင် နေအိမ် ၄ လုံးနှင့် ပဲမှော်စင် ၁ လုံး၊ ဆင်တဲရွာတွင် နေအိမ် ၂၅ လုံး၊

ကြွယ်ကုန်းရွာတွင် နေအိမ် ၈ လုံး၊ လှေခုတ်ရွာတွင် နေအိမ် ၅၄ လုံး မီးလောင် ဆုံးရှုံးခဲ့ရခြင်းဖြစ်ကြောင်း၊ ကျန်ရွာများ၏ ပျက်စီး ဆုံးရှုံးရမှုအခြေအနေကို မသိရှိရသေးကြောင်း ဒေသပြည်သူများထံမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့‌ ပြောကြားသည်။

ထို့ပြင် မေလ ၂၆ ရက်နေ့တွင် မိဖုရားရွာတွင် စစ်ကောင်စီပစ်သည့်လက်နက်ကြီးထိမှန်၍ ကလေး၂ ဦး မိခင် အမျိုးသမီး ၁ ဦး သေဆုံးပြီး မဲကုန်းရွာမှ ပြည်သူ ၁ ဦးကိုလည်း ကျည်ထိမှန်ခဲ့ကြောင်း၊ မေလ ၂၈ ရက်နေ့တွင်မူ ထန်းတောရွာတွင် ညအိပ်တပ်စွဲခဲ့သည့် အကြမ်းဖက် စစ်ကောင်စီဝင်များနှင့် ပျူစောထီးများက နံနက် ၈ နာရီ ၅၃ မိနစ် အချိန်တွင် ကူနီရွာနှင့် ရေယှားရွာကြားရှိ စစ်ရှောင် ၂၀၀ ဝန်းကျင်ခန့် တိမ်းရှောင်နေသောနေရာသို့ ပစ်ခတ်ဝင်ရောက်ခဲ့ကြောင်း၊ ပြည်သူအမျိုးသား ၂ ဦးကို ပစ်သတ်ပြီး သေနတ်မှန်ထားသော အမျိုးသမီးများနှင့် အခြားဓားစာခံပြည်သူအမျိုးသမီးများကို ဖမ်းဆီးခေါ်သွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article