36 C
Yangon

တရားမဝင် ဟန်ပြရွေးကောက်ပွဲလုပ်ပြီး ခွေးတိုးပေါက်က ပြန်ထွက်ဖို့ ကြံစီနေတဲ့ အကြမ်းဖက် စစ်အုပ်စု

Must read

တရားမဝင် ဟန်ပြရွေးကောက်ပွဲလုပ်ပြီး ခွေးတိုးပေါက်က ပြန်ထွက်ဖို့ ကြံစီနေတဲ့ အကြမ်းဖက် စစ်အုပ်စု

By လမ်းသစ်

သူတစ်ပါးအိမ်ထဲကို အိမ်ကြီးရှင်ဟန်နဲ့ ဝင်ရောက်ပြီး မြင်မြင်ကရာကို ခိုးယူ စားသုံး မူးယစ်ကာ ဘယ်အပေါက်ကနေ ပြန်ထွက်ရမှန်းမသိဘဲ ပိတ်မိနေတဲ့ ‌ေ-ွး တကောင်နှယ် လူတစ်စု လက်ရှိ မြန်မာနိုင်ငံမှာ ရှိနေပါတယ်။ သူတို့က တခြားတော့ မဟုတ်ပါဘူး။ အာဏာသူခိုး မင်းအောင်လှိုင် ဦးဆောင်တဲ့ ဖက်ဆစ် စစ်အုပ်စုပဲ ဖြစ်ပါတယ်။

မတရားမှုကို လက်မခံတဲ့ အိမ်ရှင် ပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်ရင်း ဂျောင်ပိတ်မိလာတဲ့ တရားမဝင် အာဏာသူခိုးအဖွဲ့ဟာ ပြန်ထွက်လို့ရမယ့် လမ်းကြောင်းကိုလည်း ရှာဖွေလာကြရပါတယ်။

စစ်အာဏာရှင်တွေ အာဏာသိမ်းပြီးတိုင်း ပြည်သူတွေကို ပြန်ပြီးချွေးသိပ်လေ့ရှိတဲ့ အနှစ်သာရ မပါတဲ့ ဟန်ပြရွေးကောက်ပွဲကို ကျင်းပပေးမယ်လို့ မင်းအောင်လှိုင်တို့ စစ်အုပ်စုက မကြာခဏ ပြောနေခဲ့တာပါ။

ပြီးခဲ့တဲ့ မေလ ၂၂ ရက်နေ့ကလည်း အသေးစားအလတ်စား လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံချိန်မှာ ရွေးကောက်ပွဲလုပ်ပြီး အာဏာပြန်လွှဲပေးမယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောခဲ့ပါတယ်။

တပ်ထဲမှာလည်း မှတ်ပုံတင်မရှိတဲ့သူတွေကို မှတ်ပုံတင်လုပ်ခိုင်းထားပြီး စစ်တပ်ရဲ့မဟာမိတ်ပါတီကိုသာ မဲပေးဖို့ စေခိုင်းထားတယ်လို့ ဖရဲသီးတချို့က ပြောနေကြပါတယ်။

စစ်ကောင်စီက ပြုလုပ်မယ်ဆိုတဲ့ ရွေးကောက်ပွဲကို အမေရိကန်က အသိအမှတ်မပြုဘူးလို့ ကြေညာထားပေမယ့် တရုတ်၊ အိန္ဒိယနဲ့ ရုရှားကတော့ စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်နဲ့ တွေ့ဆုံနေကြပါတယ်။

ရုရှား ဒူးမားလွှတ်တော် ဒုတိယဥက္ကဌ ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အကြမ်းဖက် မင်းအောင်လှိုင်နဲ့တွေ့ဆုံခဲ့ပြီး လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲ ပေါ်ပေါက်အောင် ကူညီမယ်လို့ ပြောဆိုခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။

အဲ့လို ကူညီမယ့် ရုရှားနိုင်ငံကိုယ်တိုင်က နှစ်ပေါင်း ၂ဝ ကျော်ကြာအောင် လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲ မပေါ်ပေါက်ခဲ့ဘဲ ပူတင် တစ်ယောက်တည်း ၄ ကြိမ်မြောက် သမ္မတအဖြစ် ဆက်လက်အုပ်ချုပ်နေတာပါ။

ပူတင် လက်ထက်ကစလို့ ခြောက်နှစ်တစ်ကြိမ် ပြန်လည်ကျင်းပတဲ့ သမ္မတ ရွေးချယ်ပွဲတွေမှာ အတိုက်အခံ ခေါင်းဆောင်တွေ အသတ်ခံရတာတွေ၊ မဲမသမာမှုတွေ အများကြီးရှိခဲ့တာ ဖြစ်ပါတယ်။

မြန်မာစစ်တပ်ဟာ မဲစာရင်း အကြောင်းပြချက်နဲ့ အာဏာသိမ်းပြီးတဲ့နောက် ၂ဝ၂ဝ ရွေးကောက်ပွဲမှာ ပြတ်ပြတ်သားသား အနိုင်ရထားတဲ့ NLD ပါတီနဲ့ အစိုးရအဖွဲ့ခေါင်းဆောင်တွေ၊ လွှတ်တော်အမတ်တွေ၊ နိုင်ငံရေးသမားတွေနဲ့ စစ်တပ်ကို ဆန့်ကျင်တဲ့ပြည်သူတွေကို အုံလိုက်ကျင်းလိုက် အကျဉ်းချထားတာပါ။

လက်ရှိ ပြည်သူထောက်ခံမှု အများဆုံးရနေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက စစ်ကောင်စီကို ရွေးကောက်ပွဲ ကတစ်ဆင့် ထွက်ပေါက်မပေးဖို့ NUG ရဲ့ ၇၁ ကြိမ်မြောက် အစည်းအဝေးမှာ ပြောထားပါတယ်။

“စစ်ကောင်စီဟာ ၂ဝ၂၃ ရွေးကောက်ပွဲကို သူ့အတွက် နိုင်ငံရေး ထွက်ပေါက်အဖြစ် မျှော်လင့်ထားတာ ထင်ရှားတယ်။ စစ်တပ်လက်ဝေခံ ကြံ့ခိုင်ရေးပါတီထဲမှာလည်း ခေါင်းဆောင်မှု အပြောင်းအလဲ လုပ်ပြီး သူ့စီမံချက်ထဲမှာ စနစ်တကျ အကွက်ဝင်အောင် စီမံနေတာကို ကျနော်တို့ တွေ့နေရပါတယ်။ ဒါတွေကို သတိကြီးကြီးထားပြီး စစ်ကောင်စီကို နိုင်ငံရေးအရ ထွက်ပေါက်မရှိအောင် လုပ်ထားဖို့ လိုပါတယ်” လို့ သူက ပြောခဲ့တာပါ။

မြန်မာစစ်အုပ်စုရဲ့ လက်ပါးစေ ရွေးကောက်ပွဲကော်မရှင်ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အပါအဝင် နိုင်ငံရေးပါတီ ၄ဝ ကျော်ကို မှတ်ပုံပြန်မတင်လို့ ဆိုပြီး ပါတီဖျက်သိမ်းကြောင်း ကြေညာထားပါတယ်။

အရင်ရွေးကောက်ပွဲတွေမှာ အနိုင်ရသူ အကုန်ယူ (FPTP) စနစ် ကျင့်သုံးခဲ့ရာကနေ လာမယ့် ရွေးကောက်ပွဲမှာ အချိုးကျကိုယ်စားပြု (PR) စနစ်ကို ပြောင်းလဲ ကျင့်သုံးမယ်လို့ စစ်ကောင်စီက ပြောဆိုထားတာကြောင့် နိုင်ငံရေးမှာ ခုံနေရာ ငတ်မွတ်နေတဲ့ ပါတီတွေကတော့ သွားရည်ကျစရာ ဖြစ်နေပါတယ်။

ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်ထားတဲ့ ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီးက မြန်မာစစ်တပ်ကို အပြုတ်တိုက်ပြီးမှ ကျန်တာကို ဖြေရှင်းမယ်ဆိုတာမျိုး မဟုတ်ဘဲ စစ်တပ်နဲ့ အတူယှဉ်တွဲနေထိုင်နိုင်တဲ့ အခင်းအကျင်းမျိုးကို ရှာရမယ်လို့ CNI သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောထားပါတယ်။

အာဏာရှင်ကို တော်လှန်နေကြတဲ့ သပိတ်အင်အားစုအဖွဲ့ပေါင်း ၄၁ ဖွဲ့ စုပေါင်းထားတဲ့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) ကတော့ အကြမ်းဖက်စစ်အုပ်စု ဖော်ဆောင်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်ကြောင်းနဲ့ ပူးပေါင်းပါဝင်သူမှန်သမျှ ပြည်သူပေးတဲ့ နိုင်ငံရေးပြစ်ဒဏ်ကို ခံရမယ်လို့ သတိပေးထားပါတယ်။

အာဏာသူခိုး မင်းအောင်လှိုင်ရဲ့ စစ်ကောင်စီဟာ လာမယ့် သြဂုတ်လမှာ သက်တမ်းကုန်ဆုံးမှာဖြစ်လို့ သြဂုတ်လမှာ ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ ပြောဆိုခဲ့ပေမယ့် သူတို့အကြမ်းဖက်အုပ်စုရဲ့ ပြောခွင့်ရသူ ဇော်မင်းထွန်းကတော့ ရွေးကောက်ပွဲကို ၂ဝ၂၃ခုနှစ်အတွင်း ကျင်းပဖြစ်မယ်လို့ တပ်အပ် မပြောနိုင်သေးကြောင်း VOA Burmese သတင်းဌာနကို ပြောဆိုထားပါတယ်။

စစ်ကောင်စီအနေနဲ့ သက်တမ်းမကုန်ခင် ရွေးကောက်ပွဲကို ကြံဖန်လုပ်နိုင်ပေမယ့် လက်တွေ့မှာ နိုင်ငံအနှံ့ တရားမျှတတဲ့ ရွေးကောက်ပွဲ လုပ်နိုင်မှာမဟုတ်သလို လုံခြုံရေးအကြောင်းပြချက်ပေးပြီး စစ်အုပ်ချုပ်ရေးသက်တမ်း ထပ်မံတိုးမြှင့်သွားတာမျိုးလည်း ဖြစ်နိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က မှတ်ချက်ပေးထားပါတယ်။

ပြည်သူ့တော်လှန်ရေးကနေ ပေါက်ဖွားလာတဲ့ မြို့ပြပြောက်ကျား တပ်ဖွဲ့ဝင်တွေကလည်း ဖက်ဆစ် စစ်တပ်က ပြုလုပ်မယ့် ရွေးကောက်ပွဲကို နည်းမျိုးစုံနဲ့ တားဆီးမှာဖြစ်ပြီး ရွေးကောက်ပွဲအတွက် ပူးပေါင်း ဆောင်ရွက်တာတွေ မလုပ်ကြဖို့ အစောပိုင်းကာလတွေကတည်းက သတိပေး တောင်းဆိုထားကြပါတယ်။ ဖြစ်ပေါ်လာမယ့် အကျိုးဆက်က စစ်တပ်နဲ့ ပါဝင်ပတ်သက်နေသူတွေရဲ့ တာဝန်သာဖြစ်တယ်လို့ ပြတ်ပြတ်သားသား ပြောဆိုထားတာပါ။

ကြိုတင် သတိပေးထားတဲ့အတိုင်းပဲ စစ်ကောင်စီရဲ့ တရားမဝင် ရွေးကောက်ပွဲကော်မရှင် ဒုညွှန်ကြားရေးမှူးချုပ်၊ အငြိမ်းစား ဒုဗိုလ်မှူးကြီး စိုင်းကျော်သူဟာ ပြီးခဲ့တဲ့ ဧပြီလတုန်းက ပြောက်ကျားတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ပါတယ်။

စိုင်းကျော်သူဟာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ရွေးကောက်ပွဲ မလျော်သြဇာသုံးမှု ပုဒ်မ ၁၃ဝ(က) နဲ့ လိမ်လည်တရားစွဲဆိုရာမှာ တရားလိုပြ သက်သေအနေနဲ့ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။

အကြမ်းဖက် မင်းအောင်လှိုင်အနေနဲ့ စစ်ပွဲကို နည်းလမ်းပေါင်းစုံနဲ့ ဆင်နွှဲနေရတာကြောင့် ဟန်ပြရွေးကောက်ပွဲကိုပင် အမှန်တကယ် ကျင်းပနိုင်ခြင်း ရှိမှာ မဟုတ်ဘဲ ဖိအားတွေ အများကြီးရှိနေတယ်လို့ မြန်မာ့အရေး သုံးသပ်ချက်တွေ ရေးသားနေတဲ့ အီဂေါ ဗလာဇီဗစ်က နိုင်ငံတကာရေးရာ ဆောင်းပါးတစ်ခုမှာ ထည့်သွင်းရေးသားထားတာ တွေ့ရပါတယ်။

တကယ်တော့ မြန်မာပြည်သူတွေအပေါ် အစုလိုက်အပြုံလိုက် သတ်ဖြတ်ထားတဲ့ အာဏာသူခိုး မင်းအောင်လှိုင်တို့ စစ်အုပ်စုဟာ တရားမဝင် ဟန်ပြရွေးကောက်ပွဲဆိုတဲ့ နိုင်ငံရေး ခွေးတိုးပေါက်ကနေ ထွက်ပြေးဖို့တောင် မလွယ်တော့ပါဘူး။

မြန်မာ့နွေဦးတော်လှန်ရေးမှာ သိသာထင်ရှားတဲ့အချက်က ခေတ်အဆက်ဆက် ရက်ရက်စက်စက် ဖိနှိပ်ခံခဲ့ရတဲ့ ပြည်သူတွေဟာ ဒီအတိတ်ဆိုးကို မျိုးဆက်သစ်တွေဆီ လက်ဆင့်ကမ်းမိတဲ့ အဖြစ်မျိုး အရောက်မခံတော့ဘဲ မိမိတို့မျိုးဆက်မှာပဲ အပြီးသတ်စေဖို့ စိတ်ထဲပိုင်းဖြတ်ထားပြီးဆိုတာ သိသာလှပါတယ်။

တော်လှန်ပြည်သူတွေကတော့ အခက်အခဲ ပေါင်းစုံကြားက “ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်” ဆိုတဲ့ ကြွေးကြော်သံကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း စစ်အာဏာရှင်တွေကို အမြစ်ကနေ ဆွဲလှန်ပြီး နိဂုံးချုပ်ပေးမယ့်နေ့ရက်ဆီကို တစ်လှမ်းချင်း လျှောက်လှမ်းလို့ လာနေပြီပဲ ဖြစ်ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article