29.6 C
Yangon

စီးပွားရေးပညာရှင် ဦးစိန်ဌေးနှင့် တွေ့ဆုံခြင်း နိဂုံးပိုင်း

Must read

“ဇော်မဲလုံး ဘာပြောလဲဗျာ၊ အခုထိနေပြီ အားလုံး သက်သေပြနေပြီ။ တိုင်းပြည် စီးပွားရေး စီမံခန့်ခွဲ တဲ့အခါမှာ လွဲမှားတဲ့ အလွဲလွဲအမှားမှားတွေ စီမံခန့်ခွဲတယ်။ ဘာမူဝါဒမှ မရှိဘူး။ လုပ်ချင်ရာ လုပ် တယ်။ စိတ်ထဲထင်ရာ လျှောက်လုပ်ပြီးတော့မှ ကျွန်တော်တို့ စကားနဲ့ သုံးရရင်တော့ဗျာ Mismanagement “

စီးပွားရေးပညာရှင် ဦးစိန်ဌေးနှင့် တွေ့ဆုံခြင်း နိဂုံးပိုင်း

By ရန်ကုန်ခေတ်သစ်

အကြမ်းဖက်စစ်ကောင်စီက ငွေကြေးဖောင်းပွမှုနှုန်း ဂဏန်းနှစ်လုံးရှိနေသည့် Hyper Inflation ရှိနေချိန် ကျပ်ငွေ နှစ်သောင်းတန် ငွေစက္ကူသစ်များ ထုတ်ဝေမည်ဖြစ်ကြောင်း ကြေညာလိုက်ရာ ယင်းအခြေအနေကြောင့် ဖြစ်ပေါ်လာနိုင်သော စီးပွားရေး ပျက်စီးမှုများနှင့်ပတ်သက်ပြီး အမေရိကန်အခြေစိုက် မြန်မာ့စီးပွားရေးပညာရှင် ဦးစိန်ဌေးကို ရန်ကုန် ခေတ်သစ်က တွေ့ဆုံမေးမြန်းထားပါသည်။

မေး။ ။ လက်ရှိ ကျွန်တော်တို့ စီးပွားရေးတစ်ခုလုံးကို စီးပွားရေကတော့ ပြိုလဲပြီးသားပေါ့လေ။ အဖတ်ဆယ်မရတဲ့အထိ လုံးဝပြိုလဲသွားနိုင်တဲ့အနေအထားမျိုးရော မြင်ရလား ဆရာ။

ဖြေ။ ။ မြင်တော့ မြင်နေရတယ် ဆရာ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် နည်းနည်းလေး တင်ပြချင်တာက နဝတ နအဖ ခေတ်မှာ ဒီလိုပဲ ပြဿနာတက်တယ်။ တက်တဲ့အခါမှာ ပြန်ကြည့်ပါ။ တိုင်းပြည်က နည်းနည်းတော့ တောင့်ခံနိုင်သေးတယ်။ တစ်နိုင်ငံလုံးကလည်း ဆန့်ကျင်တာ မဟုတ်ဘူး။ သူတို့ကို ထောက်ခံသူလည်း ရှိတယ်။

ဒီလိုအကျပ်အတည်းဖြစ်တဲ့အခါ နိုင်ငံတကာ ပိတ်ဆို့မှုလည်း ဆရာတို့ သိတဲ့အတိုင်း Sanction တွေ လုပ်တယ်။ လုပ်တဲ့အခါမှာလည်း EU ကတော့ Strong မဖြစ်ဘူး။ အမေရိကန်တစ်ခုတည်း လုပ်တာ ဒါတောင် သူက Targeted ပဲ သွားတာ ။ အဲဒီအခြေအနေမှာတောင် နည်းနည်းလေး အကျပ် အတည်းဖြစ်တဲ့အခါမှာ သူတို့က ကုစားတယ်။ ဘယ် လိုကုစားသလဲဆရာ ဗိုလ်သန်းရွှေတို့က FDI လို့ခေါ်တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ဟ ပေးတယ်။ အဲဒါတွေကလည်း ငွေကြေးခုန အကျပ်အတည်း ပံ့ပိုးမှုကို ကူညီစေတာပဲ ။ ဘတ်ဂျက်တွေ ဘာတွေပေါ့နော်။ ကျွန်တော်ပြောတဲ့ ဘတ်ဂျက်လိုငွေတွေ ဘာတွေ ဖြည့်ပေးနိုင်တယ်။

နောက်တစ်ခုက ခရိုနီလူတန်းစားကို မွေးတယ်။ အများပြောတော့ ကုန်သည်ကြီးများ။ တကယ်တော့ ခရိုနီတွေ။ မွေးပြီးမှ သူတို့က ဘာလုပ်လဲ။ သူများနိုင်ငံတွေလို ဆောင်ရွက်မှုတွေ ထုတ်လုပ်မှု တက်အောင် လုပ်တာ မဟုတ်ဘူး။ မြေတွေ သိမ်းတယ်။ စိုက်တော့ ပြတာပေါ့ဗျာ။ ယာတွေ သိမ်းတယ်။ တိုင်းပြည်ရဲ့ ကုန်ထုတ်လုပ်မှုကို ရိုက်ချိုးတာ။ အဲဒီ တစ်ချက်အပြင် သယံဇာတထုတ်ရောင်းတယ်။ ထုတ်ရောင်းလို့ ရတဲ့ ငွေတွေနဲ့ Export လုပ်ပြီးတော့ အဲဒီကနေ Exploit လုပ်တယ်။ ပြီးရင် ဗိုလ်ချုပ်တွေ လာဘ်ထိုးတယ်။ ဒါ တစ်လမ်း။

နောက်တစ်ခါ စစ်တပ်ပိုင် စီးပွားရေး ဦးပိုင်လီမိတက်ကြီးကို တည်ထောင်တယ်။ ၁၉၉၀ မှာ ။တည်ထောင်ပြီးတော့ ချဲ့လာတယ်။ ဦးပိုင်လီမိတက်ပြီးတဲ့အခါ စီးပွားရေးကော်မရှင်လုပ်ပြီး တိုင်းပြည်စီးပွားရေးကို လက်ဝါးကြီး အုပ်ပြီးမှ အဲဒီ ခရိုနီ လူတန်းစားနဲ့ ကုမ္ပဏီထောင်ပြီး လုပ်တာ။ အဲဒီမှာ ကျွန်တော်တင်ပြတဲ့ Civic Sector ၊ Private Sector နည်းတယ်။ ရှိတဲ့ ပစ္စည်းထုတ်ပြီးမှ နိုင်ငံခြားပို့တယ်။ ရှိတဲ့ ပစ္စည်းထုတ်ပြီးမှ နောက်ထပ်ပြန်မထုတ်နိုင်ပြဿနာ ရှိတာပေါ့။

အဲဒီ အကျိုးဆက်ဖြစ်ခဲ့တယ်။ တစ်ဖက်ကလည်း ဘိန်းရာဇာတွေ။ တည့်ပဲ ပြောမယ်။ ဘိန်းရာဇာ လူတန်းစား၊ ဘိန်းတွေ ရောင်းတယ်။ အဲဒီ ဘိန်းက ရတဲ့ဟာတွေနဲ့ Illegal Trade ခေါ်တာပေါ့ဗျာ။ Money Laundry လည်းခေါ်လို့ရတယ်။ အဲဒီ ပိုက်ဆံနဲ့ ကျားကန်ခဲ့တယ်။အဲဒါတွေနဲ့ အနှစ် ၂၀ လောက် ကျားကန်ပြီး သူတို့က လုပ်ခဲ့တာ။ အဲဒီလို ရပ်တည်ခဲ့တာ။ ဒီနည်းနဲ့ ထွက်ပေါက်ရှာ တယ်ပေါ့ဗျာ။ အခုက ပြန်ကြည့်ပါ။

အခုနက ကျွန်တော်တို့ တင်ပြခဲ့တဲ့ ငွေကြေး မူဝါဒ၊ ဘဏ္ဍာရေး မူဝါဒတွေလည်းတစ်ခုမှ မဟုတ်ဘဲ စိတ်ထဲထင်ရာ လျှောက်လုပ်တဲ့ အကျိုးဆက်တွေ ခံစားနေရပြီ။ အဲဒီမှာ နိုင်ငံတကာကလည်း မပူးပေါင်းဘူး ။ ပြီးရင် ထပ်ဘာလို့ဆိုရင် သူတို့က ရွာတွေကို မီးရှို့တယ်။ ပြည်သူတွေကို သတ်တယ်။ လည်ပင်းဖြတ်သတ်တယ်။ မီးအစိမ်းရှို့တယ်။ မုဒိမ်းကျင့်တယ်။ အဲဒီတော့ ဘာဖြစ်လဲ နိုင်ငံ တကာက အိုကေ နိုင်ငံရေးအရတော့ ဗီတိုနဲ့ သုံးတာ နှစ်နိုင်ငံရှိတာကိုး။ အဲဒီတော့ ဒီဘက်က Sanction ကို မြှင့်တယ်။

မြှင့်တဲ့အခါ အားလုံးသိတဲ့အတိုင်း Targeted Sanction က မြှင့် မြှင့် မြှင့်လာတဲ့အခါမှာ သူတို့ရဲ့ ဝင်ငွေရပေါက်ရလမ်းဖြစ်တဲ့ MOGE ကို ချတာ။ ချတော့ ဆရာတို့ သိတယ်။ ရှိလာတဲ့အခါကျတော့ ကျွန်တော်တို့ ပြည်သူကတော့ မထူးတော့ဘူး သူတို့ပြောတာ ကျွန်တော်တို့ မထိပါဘူး။ စတော့ ကြည့်လေ ဇော်မဲလုံးဘာပြောလဲဗျာ၊ အခုထိနေပြီ အားလုံး သက်သေပြနေပြီ။ သူတို့ကို ပံ့ပိုးခဲ့တဲ့ စင်ကာပူတို့လို နိုင်ငံ။ ထိုင်းပဲ ထိုင်းတောင်မှ သူတို့ဘက် သိပ်မပါချင်တော့ဘူး။ တရုတ်ကပဲ ရှိတယ်။ စင်ကာပူတောင် တွေ့တဲ့အတိုင်းပဲ ဆိုတော့ သူတို့ရဲ့ ရပေါက်ရလမ်း ၊ ဘာလဲဆိုတော့ သူတို့ကို ကျုံးသွင်းလာတဲ့ အဝန်းအဝိုင်းထဲ သွင်းတာ နိုင်ငံရေးအရ၊ စီးပွားရေးအရ ကျပ်တည်းအောင်လုပ်လာတာ။

အကျပ်အတည်းဖြစ်လာတဲ့အခါ အဲဒီအကျပ်အတည်းက မျက်ဖြူဆိုက်လာတဲ့အခါ ခုန ပြည်တွင်း ပြဿနာကို လတ်တလောဖြေရှင်းနည်းနဲ့ ဒါဖြေရှင်းတာပဲ။ ဒါကြောင့်မို့လို့ သူတို့မှာတော့ ဒီတိုင်း ဆက်သွားရင် ကုရာနတ္ထိဆေးမရှိ။ သို့သော် ဆေးမြီးတို သုံးလိမ့်မယ်၊ အဲဒါတွေနဲ့ ကျားကန်လိမ့်မယ်။ ဒါပေမဲ့ ဘာဖြစ်လဲဆိုရင် သူတို့က ပြည်သူတွေကို ချကျွေးလိမ့်မယ်။ ပြည်သူပိုင်တဲ့ ပိုက်ဆံနဲ့ Bond တွေ စာချုပ်တွေ ဝယ်ခိုင်းတာပဲလေ။ ဘယ်သူက ဆပ်မှာလဲ။ ဘယ်သူက ဆပ်မှာ အဲဒီဟာတွေကို။ ပြည်သူ့ပိုက်ဆံ ဆုံးသွားလိမ့်မယ်။ ဒေဝါလီခံလိုက်ပြီးပြီလေ။ ပြောချင်တာက သူတို့နဲ့ အပေါင်းပါများသည် တိုင်းပြည်အာဏာကိုလည်းလုတယ်။ တရားလည်းမဝင်ဘူး။ စီးပွားရေးနဲ့ ပတ်သက်ရင်လည်း မူဝါဒတွေ ဘာမှ မရှိဘူး စိတ်ထဲထင်ရာ လျှောက်လုပ်ပြီးတော့မှ ကျွန်တော်တို့ စကားနဲ့ သုံးရရင်တော့ဗျာ Mismanagement ဒါဆို ပြတ်သွားပြီ။

တိုင်းပြည်စီးပွားရေးစီမံခန့်ခွဲတဲ့အခါမှာ လွဲမှားတဲ့ အလွဲလွဲအမှားမှားတွေ စီမံခန့်ခွဲတယ်။ ဘာမူဝါဒမှ မရှိဘူး။ လုပ်ချင်ရာ လုပ်တယ်။ ကြည့်လေ ဗဟိုဘဏ်က လုပ်ချင်ရာ အခု တစ်မျိုး၊ တော်ကြာတစ်မျိုး လာပြန်ပြီ အွန်လိုင်းတွေ ပိတ်လိုပိတ်၊ ပြည်သူတွေကို သက်သက်မဲ့ အငြိုးနဲ့ လုပ်တယ်။ ဒီပြဿနာတွေ ကြီးထွားတယ်။ နောက်ဆုံးအချုပ်ကတော့ အဲဒီ အကျိုးဆက်သည် သူတို့ လာမှာပဲ။ သို့သော် ပြည်သူကတော့ ဒီကြားကာလမှာ ခါးစည်းခံရမယ်။ သိပ်ပြီးတော့လည်း မထူးတော့ပါဘူးဗျာ။

ပွင့်ပွင့်လင်းလင်း ပြောလို့ရှိရင် ပြီးခဲ့တဲ့ လေး ငါးရက်က ဆိုရင် ပြည်တွင်းအခြေအနေ ကျွန်တော်တို့ ကြားနေတာပဲ။ အဲဒီကြောင့် တိုင်းပြည်အခြေအနေမကောင်းဘူး။ သို့သော် ပြည်သူလူထုကတော့ သန်းခေါင်ထက် ညဉ့်မနက်ဘူး။ နောက်ဆုံးကျတော့ ထိတာတော့ သူတို့ ထိမှာပဲ မထိခင်ကြားမှာ နည်းမျိုးစုံနဲ့ မိုးရွာတော့ ထန်းလျက်နဲ့ ကာမှာပေါ့ ဆရာရယ်။ အဲဒီနည်းနဲ့သွားမယ်လို့ ကျွန်တော် ယူဆလို့ ရပါတယ် ခင်ဗျာ။

မေး။ ။ ပြည်သူလူထုကို ဒီလို ငွေကြေးတွေ Hyper Inflation ဖြစ်နေတဲ့ ကာလ ၊ နောက်ပြီးတော့ ဒီလို နှစ်သောင်းတန်တွေ ထွက်တဲ့ ကာလမှာ ပြည်သူလူထုကို ဘယ်လိုမျိုးနေထိုင်ပြီးတော့ ၊ ဘယ်လို စီးပွားရေးတွေ လုပ်ပြီးတော့ ဘယ်လိုရှင်သန် ရပ်တည်ရမလဲပေါ့နော်။ ဆရာ ပြည်သူလူထုကို အကြံပေးပေးပါဦး။ ပြည်သူလူထုက ဘာလုပ်ရမှန်း မသိဘူးပေါ့နော်။ အရမ်းကြောက်ကြတယ်။

ဈေးကွက်တွေ ပိတ်ကြတယ်။ ရွှေတွေ လိုက်ဝယ်ကြတယ်။ ဒေါ်လာတွေ လိုက်ဝယ်ကြတယ်။ စားသောက်တဲ့ ကုန်စည်ဒိုင်တွေ ပိတ်တယ်။ ဆေးဝါးရောင်းနေတာတွေ ပိတ်တယ် စသည်ဖြင့်ပေါ့ ဒီလိုမျိုး ဂယက်တွေ ဖြစ်နေတဲ့အခါမှာ ဒီလောက်ကျပ်တည်းခက်ခဲနေတဲ့ ပြည်သူလူထုက ဘယ်လို အသက်ရှင်နေထိုင်သင့်သလဲ ။ ဆရာ့အနေနဲ့ စီးပွားရေးကို ထဲထဲဝင်ဝင်လေ့လာ တတ်ကျွမ်းနားလည်တဲ့ ပညာရှင်တစ်ဦးအနေနဲ့ ပြည်သူကို အကြံပေးပေးပါဦး။ ပြည်သူက ဘယ်လို နေရမလဲ သူတို့ ဒါကို သိချင်တယ်ပေါ့လေ။

ဖြေ။ ။ ဆရာ့ မေးခွန်းက အတော်ဖြေရကျပ်တယ်။ ခုန ကျွန်တော် ပြောသလို သူတို့ကရွာတွေ မီးရှို့ လူတွေကို သတ် အရှင်လတ်လတ်တယ် ၊ ခေါင်းဖြတ်တယ်ဗျာ၊ ဘယ်လောက်ရက်စက်ယုတ်မာလဲ ကမ္ဘာမှာ မရှိဘူး။ အလွန်တရာ ဆိုးဝါးပါတယ်ဆိုတဲ့ နိုင်ငံတွေမှာ ဖြစ်တာတောင် အဲဒီလောက် မဖြစ်ဘူးဆိုတော့ သူတို့တော့ ကန်းကုန်နေပြီ။

အဲဒီတော့ ပြည်သူလူထုက ခါးစည်းခံရတော့ လောလောဆယ် ကျွန်တော်တို့ စဉ်းစားရတဲ့ နည်းလမ်းကတော့ မြို့နေ လူတန်းစားကတော့ နည်းနည်း သက်သာတယ်ပေါ့ဗျာ။ စစ်ဒဏ်လည်း မခံရဘူး ခုန စားဝတ်နေရေးဒဏ်ပဲ ခံရတယ်။ မြို့ကြီးတွေ ပေါ့နော်။ ဒါတောင် ပြည်နယ်မြို့တွေတောင် ကူးစက်နေတော့ ဒါတွေကတော့ ရှောင်မလွဲတဲ့ အနေ အထားရှိတယ်။ စစ်ပြေးရတဲ့ လူတွေကတော့ ပြည်သူတွေ တတ်နိုင်တာနဲ့ မသေရုံပေါ့ အဲဒီလို သွားရလိမ့်မယ်။

မေး။ ။ ကျွန်တော် မေးချင်တဲ့ မေးခွန်းရဲ့ ရည်ရွယ်ချက်က ဆရာ ကျွန်တော်တို့ မြန်မာငွေ ဆက်ကိုင်ရမလား၊ ရွှေဝယ်ရမှာလား ၊ ငွေဝယ်ရမှာလား ၊ အိမ်ဝယ်ရမလား။ အဲဒီလို ပြည်သူလူထုရဲ့ ကြောက်လန့်မှုပေါ့ ။ မြို့ရော တောရော မြန်မာငွေ ကိုင်ထားတဲ့ လူတွေ ဒီငွေတွေကို နောက်ပိုင်း တန်ဖိုးမရှိ ဖြစ်သွားတော့မှာလား။ ဘဏ်ထဲ ဆက်ထားရမလား ။ ဒီမေးခွန်း သဘောမျိုးပါ ဆရာ။

ဖြေ။ ။ ဘဏ်ထဲ ငွေ ဆက်ထားလည်း ဘဏ်က ပြန်ထုတ်မပေးဘူး။ ဘာမှ အားကိုးမရဘူး။ ဘဏ်ကလည်း သူတို့ ဘဏ်တွေ။ သူတို့ ခရိုနီဘဏ်ပဲ။ ခင်ဗျားတို့ ပိုသိတယ်။ ကျွန်တော်တောင် တချို့ သိတယ်။ ဘဏ်အားကိုးလို့တော့ မရဘူး။ ခင်ဗျာ သုံးလိုက် စုန်းစုန်းမြုပ်သွားမှာ ဘာမှ မထူးဘူး။

အခုလည်း Bond တွေ ဝယ်တာပဲ။ ဘဏ်အားကိုးလို့ မရဘူး ငွေထားလို့ရှိရင်လည်း ဒီငွေက တန်ဖိုးကျမယ်။ နောက် ပြည်သူတွေမှာ ငွေလည်း မရှိတော့ဘူး။ ဒါကြောင့် ခုန ဟာကို ကျွန်တော် ပြောတာ။ ပြည်သူချင်း ရံပေးရမယ်။ တောနေ။ မြို့က ပိုက်ဆံရှိတဲ့ လူကတော့ ဒေါ်လာကတော့ Limited ဗျာ။ သူက ချုပ်ထားတယ် ဒေါ်လာသွားဝယ်။ ရှိတဲ့ လူကတော့ ဝယ်တာတော့ ဝယ်ကြပေါ့။ ဒေါ်လာ ရှိရင်တော့ အဆင်ပြေတာပဲ။ တစ်ချိန်ရမှာပဲ။

ဒီလိုပဲ ရွှေလည်း Limited ဗျာ။ ရွှေဝယ်နိုင်တဲ့ လူ ဒေါ်လာဝယ်နိုင်တဲ့ လူ အိုကေပေါ့။ ဒါကတော့ မာတယ် ကျစ်လျစ်တယ်လေ၊ Liquidity ဖြစ်တယ် ခေါ်တယ် ကျွန်တော်တို့ စကားနဲ့တော့ ။ ဒါက တတ်နိုင်တဲ့ လူကတော့ စားဖို့အပြင် ဝယ်နိုင်တဲ့ လူ ဝယ်တာကတော့ နည်းနည်းလေး သက်သာတာပေါ့။ တောကလူကတော့ ဘယ်မှာလဲ ဘဏ်လည်း မရှိဘူး။ သွားလည်း ထားလို့ မရဘူး။ ပိုက်ဆံလည်း မရှိဘူးတော့ ။ ပြန်ကြည့်ရင် Class က နှစ်ခု သုံးခု ရှိတယ်။

သူတို့တော့ ဘေးဖယ်လောက် သူတို့နဲ့ ခရိုနီကတော့ အိုကေပဲ။ ကျွန်တော်တို့ သာမန်ပြည်သူတွေနဲ့ လူလတ်တန်းစားပေါ့ သူဌေးက ထားလိုက် ။ သူဌေးက အခုပဲ ဘန်ကောက်ထွက်ပြီး ကွန်ဒိုဝယ်ပြီး နှပ်နေလို့ရတယ်။ ဟုတ်တယ်မလား။ အဲဒီတော့ သာမန် ပြည်သူလူထု ၂ တန်းစားမှာ တောက ကိုယ့်ဘာသာ ကယ်ရ ကူညီရမယ်။ ခုနကတော့ ရွှေလေး ငွေလေး ရှိရင် ခုကတည်းက ဝယ်ထားကြပေါ့။ အဲဒါဖြစ်မယ်။ ဒါပေမဲ့ နောက်တစ်နည်းရှိတယ်ဗျ။ နိုင်ငံတကာ အကူအညီကို ကျွန်တော်တို့ ယူလို့ရတယ်။

Humanitarian Aids အားလုံးသိတဲ့ ကိစ္စပဲ အဲဒါကို ကျွန်တော်တို့ တောင်းဆိုလို့ရတယ်။ သူတို့ကတော့ ပိတ်မှာပဲ ဘယ်လိုတောင်းဆို ဘယ်သူတွေ တောင်းဆိုရမလဲ ။ ကျွန်တော်တို့လည်း အတွေ့အကြုံရှိတာပဲ။ အခု ကျွန်တော်တို့မှာ Stakeholder တွေ ရှိတယ်။ Stakeholder ဆိုတာ တိုင်းပြည်မှာ ဦးစီးနေတဲ့ NUG တို့လို့ပေါ့ဗျာ။ နောက် NGO တွေ ရှိတယ်ဗျာ။ အဲဒါတွေက နိုင်ငံတကာမှာ နိုင်ငံသားတွေက ပေးသလို သူတို့ အလုံးနဲ့ အထည်နဲ့ ပေးလို့ရတယ်။ အဲဒါတွေကို စနစ်တကျ ပြည်သူတွေဆီ ရောက်အောင် လုပ်ပေးရင် သက်သာတာပေါ့။

ဒီပြင်ဟာ မကြည့်နဲ့ ဟိုတစ်နေ့က ဆရာတို့ တွေ့တယ်မလား၊ ရိုဟင်ဂျာ ခေါ် သူတို့ အခေါ် ရိုဟင်ဂျာပေါ့ ။ ဒုဝန်ကြီးသွားတယ်။ ဘင်္ဂလားဒေ့ရှ်မှာ ၆၈ သန်းပေးတာ။ ဟုတ်တယ်နော် ။ အများကြီးရှိတယ်။ အခုပဲ ကျွန်တော် နည်းနည်းပြောပါ့မယ်။ အခုပဲ အမေရိကန်နိုင်ငံအောက်လွှတ်တော်က Approve ထွက်သွားပြီ မြန်မာနိုင်ငံအရေးအတွက်ပါတယ်။ အဲဒီမှာ ကျွန်တော်တို့က ကြိုးစားရမယ်။

Stakeholder တွေက ဦးဆောင်ပြီးတော့ ဒီမှာ ရောက်နေတဲ့ NGO တွေ ပြည်သူလူထုတွေ အဲဒီလိုမျိုးနဲ့ ကယ်မ ကူညီလို့ရမယ်။ ဒါ အမေရိကန်၊ ဒီလိုပဲ Europe မှာလည်း ရှိတာပဲ။ အဲဒီတော့ နိုင်ငံတကာမှာ ရှိတဲ့ အေဂျင်စီတွေနဲ့ ဥပမာ World Food Program တို့ USAID တို့လို နိုင်ငံအလိုက်တွေ အများကြီးရှိတယ်။ နိုင်ငံတကာက ပေးတဲ့ အကူအညီတွေကို ရအောင်တောင်း၊ ကျွန်တော်တို့ကလည်း ပို့လို့ရတယ်။

မေး။ ။ ဆရာ ပြောတဲ့ဟာကတော့ နိုင်ငံတကာက NGO တွေ အကူအညီပေါ့လေ။ ဒီအပြင် အဲဒီလို မဟုတ်ဘဲ ဒီဟာတွေကကျတော့ Process တွေ ငွေလွှဲတွေ စသည်ဖြင့် စစ်ကောင်စီရဲ့ တားမြစ်မှာတွေ အခက်အခဲတွေ ရှိသေးတဲ့အခါကျတော့ လက်တွေ့ကျကျ ပြည်သူတွေအနေနဲ့ အခြေခံကျကျ သူတို့ကိုယ်တိုင် ဘယ်လိုလုပ်လို့ရနိုင်လဲ။

ဖြေ။ ။ သူတို့ကိုယ်တိုင်ကတော့ မလွယ်ဘူးဆရာ။ ကျွန်တော့်အတွေ့အကြုံလေး တစ်ခုပေါ့နော်။ ၆၇ ထင်တယ်ဗျ။ ကျွန်တော် ကလေးဘဝ မူလတန်းကျောင်းသားဘဝလောက်မှာ ကျွန်တော်တို့ ဆန်တွေ ရှားတယ်ဗျာ။ ဆန်တွေ ရှားတဲ့အခါ ကျွန်တော်က တောသား။ တကယ့် အခြေခံ လူတန်းစားကတော့ ဆန်မရှိတဲ့အခါ Share ကြတယ် တစ်ယောက်နဲ့ တစ်ယောက် မျှစားတယ်။

နောက်ဆုံး ဆန်ပါ မရှိတဲ့အခါကျတော့ ကျွန်တော်တို့ အဖေက တောင်သူဆိုတော့ ကျွန်တော်တို့မှာ ပဲတွေ၊ ပြောင်းတွေ၊ နှမ်းတွေ ရှိတယ် ။ အဲဒါတွေကို ပြုတ်စားကြတယ်။ ကျွန်တော်တို့ နီးစပ်ရာတွေ ပေးကြရတယ်။ တချို့ကျတော့လည်းဗျာ လုပ်အားပြန်ဆပ်တာပေါ့ ။ ဒီလိုနည်းရှိတယ်။

ဥပမာ ကျွန်တော်ပြောချင်တာက ကျွန်တော်တို့က စားဖို့ ပြဿနာ တက်နေတာ။ ချမ်းသာဖို့ မစဉ်းစားနဲ့ ။ ချမ်းသာတဲ့ လူက သူ့ဘာသာ သွားမှာ။ အခုက Food Problem အတွက် နိုင်ငံတကာ အကူအညီ Alternative ပေါ့။ Local ပြဿနာကို Local နည်းနဲ့ ရှင်းလို့ရတယ်။ တချို့ စိုက်လို့ရတဲ့ နေရာတွေ ရှိတယ် စိုက်မယ်ဗျာ။ ရှိပြီးသား Stock ထဲကကို Share ရမယ်။ အဲဒီလို နည်းနဲ့ ရှင်းလို့ရပါတယ် ဆရာ။ ဒါကတော့ မသေရုံပေါ့ ဆရာ။ ကျွန်တော့် ကိုယ်တွေ့အတွေ့အကြုံကို ပြောတာ။ ကျွန်တော် မြင်းခြံသားပါ။ တောမှာမွေးတယ်။ တောမှာကြီးတယ်။ အဲဒီလိုနည်းနဲ့ ရှင်းခဲ့တယ်။ ကျွန်တော်တို့ အဖေက တောင်သူဆိုတော့ ပဲတွေ နှမ်းတွေ ပြောင်းတွေ ရှိတာပေါ့ဗျာ။ အဲဒါတွေက ယာယီနည်းပေါ့။

နောက်တစ်နည်းရှိသေးတယ် သိပ်ချမ်းသာတဲ့ ကုန်သည်ကြီးများ ဆန်တွေ အများကြီးရှိတာပဲ။ သူတို့ကလည်း စာနာစိတ်နဲ့ ပေးလို့ မရနိုင်ဘူးလား။ ဒါ မြို့နေလူတန်းစား သွားတာမျိုး။ တောကတော့ ပြည်သူအချင်းချင်း ကိုယ့်နည်း ကိုယ့်ဟန်နဲ့ရှင်းလို့ရတယ်။ အဲဒီလို သွားရမယ်။ ဒါ လတ်တလော ပြဿနာ ။ အဲဒါကို နောက်ထပ် နိုင်ငံတကာက လာလို့ရတာတွေ ရှိပါတယ်။ ဥပမာ ဆရာတို့လည်း သိမှာပါ။ နာဂစ်ကြီးဖြစ်တယ်ဗျာ။ အမေရိကန်နိုင်ငံက လာတာ နည်းတာမှ မဟုတ်တာ ။ သင်္ဘောကြီးနဲ့ ချပေးတာ ဒါမျိုးလည်း လုပ်လို့ရတယ်။ ဒါ International Crisis ။ ကုလသမဂ္ဂက သွားလို့ရတယ်။ World Food Program ပေးလို့ရတယ်။

ပြောချင်တာ One Way မသွားဘဲနဲ့ ကျွန်တော်တို့ ပြည်သူတွေရဲ့ အခက်အခဲကို တစ်လုံးတည်း သုံးရရင် Humanitarian Assistant ကို နည်းမျိုးစုံနဲ့ ရှာပြီး ပြည်သူကို နည်းမျိုးစုံနဲ့ ပေးလို့ရပါတယ်။ အဲဒီ နည်းနဲ့ သွားရမှာ။ ဒါကြောင့် ပြည်ပရောက်တဲ့ ပြည်သူတွေ မြန်မာနိုင်ငံသားတွေ အဖွဲ့အစည်းတွေ Stakeholder တွေ ပြည်တွင်းက အဲဒီလိုနည်းနဲ့ ရှင်းဖို့တော့ ကျွန်တော်က အကြံပြုချင်တယ်။ အောင်လည်း အောင်မြင်နိုင်တယ်။ ဒါနည်းနဲ့ သွားလို့ရပါတယ် ခင်ဗျာ။

မေး။ ။ လက်ရှိအနေအထားက ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာ ဗဟိုဘဏ်ကနေ စစ်ကောင်စီကနေ နှစ်သောင်းတန်တွေ ငါးသောင်းတန်တွေ မထုတ်ပါဘူးဆိုပြီးတော့ ကြေညာချက်ထုတ်ခဲ့တယ်ပေါ့လေ။ အခု ဒီ တစ်နှစ်ခွဲကျော် ကြာတဲ့အခါမှာ သူတို့ ငြင်းချက်ထုတ်ခဲ့တဲ့ဟာကို ဘာမပြော ဆိုင်းမဆင့် ဘုံမဆင့် သူတို့ ထုတ်လိုက်တယ်ပေါ့နော်။ နှစ်သောင်းတန်ကတော့ ထွက်သွားပြီ တစ်ချိန်က သူတို့ ငြင်းခဲ့တဲ့ ပိုက်ဆံက ။ အဲဒီတော့ အခု ငါးသောင်းတန် ကျန်တယ်။ ငါးသောင်းတန်ရော ထွက်လာနိုင်သလား ဆရာ။

ဖြေ။ ။ ကျွန်တော် ခုန နည်းနည်းပြောသလိုပေါ့ သူတို့မှာ မျက်ဖြူဆိုက်နေပြီ အကူအညီလည်း မရှိတော့ဘူး။ ပြည်သူကလည်း သူတို့ကို Sorry ။ ဦးပိုင်လီမိတက် Boycott ။ အကုန်လုံးကို ချတော့ သူတို့ အကျပ်အတည်းဖြစ်နေပြီ။ နိုင်ငံတကာကလည်း ကူလမ်းမရှိဘူး။ ပိတ်ဆို့မှုတွေလည်း များတဲ့အခါကျတော့ ဘာလုပ်မလဲဆိုရင် ကမ္ဘာမီးလောင် သားကောင်ချနင်းမှာပဲ။

ဒါကြောင့် ကျွန်တော် ခုနပြောသလို ဂျပန်က မြန်မာပြည်မှာတုန်းက ထောင်မလဲ သဲကော်ဖြစ်တယ်။ ရိုက်တဲ့စက်တောင်မှ လက်နဲ့လှည့်တယ်လို့ ကျွန်တော်တို့ မိဘတွေ ပြောတယ်။ ကျွန်တော်တော့ မမီဘူး။ အဲဒီလို ဖြစ်မှာ ။ အခုပဲ ကြည့် ကတိလည်း မတည်ဘူး။ နှစ်သောင်း မထုတ်ပါဘူး ထုတ်လာပြီ။ သူတို့ အဘိုးကြီး ဗိုလ်နေဝင်းခေတ်က ဗိုလ်သန်းရွှေ အဆုံး။ အခုကောင်ကတော့ပြောမနေနဲ့ ဘာမှ ကတိတည်တဲ့ ကောင် မဟုတ်ဘူး။ ဒါကြောင့် အစောကြီးကတည်းက သူတို့က Illegal ။

သူတို့မှာ ကတိလည်း မရှိ။ သစ္စာလည်းမရှိ။ လုပ်ချင်ရာ လုပ်လာနိုင်တယ်။ အခြေအနေ အကျပ်အတည်းဖြစ်‌လေ။ ထပ်လုပ်မှာပဲ။ ကျွန်တော်တော့ မျှော်လင့်တယ်။ ဘာလို့ဆို သူတို့ အကျပ်အတည်းဖြစ်လာပြီ။ ကတိဆိုတာ ဒီကောင်တွေ တည်တာ မဟုတ်ဘူး။ ဘယ်တော့မှ မတည်ဘူး အာဏာရူးနေတဲ့အကောင်တွေ။ ဆိုတော့ ပြောချင်တာ ပွိုင့်က လုပ်ပါလိမ့်မယ်။ သူတို့ မြန်မြန်ပျက်သွားရင်တော့ လုပ်ခွင့်မရရင် မလုပ်ဘူး။

သူတို့ လုပ်ခွင့်ရလို့ အသက်ဆက်ရှည်ရင် လုပ်ဦးမှာပဲ ။ ဘာလို့ဆို ဘတ်ဂျက်အကျပ်အတည်းတစ်နှစ်ထက် တစ်နှစ် ဖြစ်လာပြီ ။ ကျွန်တော် ခုနပြောသလိုပေါ့ ဆရာရယ်။ ဆရာတို့ ပြန်ကြည့်ပါ။ ဆရာတို့ သတင်းတွေမှာလည်း ကျွန်တော် တွေ့နေရတာပဲ။ တိုင်းပြည်ကို တစ်ဝက်လောက်တောင် သူတို့ရဲ့ Influent မရှိသလို အုပ်ချုပ်ရေးအာဏာမရှိတော့ဘူး။ အုပ်ချုပ်ရေးအာဏာရှိမှ ပြည်သူလူထုဆီက အခွန်အကောက်တွေ ရမှာကိုး ဆရာရဲ့။ Revenue မရှိတော့ဘူးဆိုတာ ဒါကို ကျွန်တော် စောစောက တင်ပြတာ။

အဲဒီတော့ ဘာမှလည်း လုပ်မရလေလေ တစ်ဖက်က စစ်ရှိန်က မြှင့်လို့ စရိတ်တွေက များလေလေ သူတို့မှာ မဟုတ်တဲ့ Waste ခေါ်တာပေါ့။ အသုံးစရိတ်တွေမှာလည်း အလဟဿဖြစ်တဲ့ဟာတွေကို သုံးတယ်။ တစ်ဖက်ကလည်း စရိတ်မြှင့်တာကြောင့် အဲဒီ လိုငွေ ဘယ်လို ဖြည့်မလဲ။ အဲဒီ လိုငွေက Bond တွေ ဘာတွေ ထုတ်ရောင်းတယ်။ Monetary Policy လည်း သူ သုံးလို့ မရတော့ဘူး။ သုံးလိုက်ပြီးပြီ လက်ကုန်နေပြီ။ အဲဒီတော့ နောက်ဆုံးနည်း ဒီနည်းပဲ။ အလွယ်နည်း။

ဒါကြောင့်မို့လို့ ဦးနေဝင်းခေတ်ကတည်းက စတဲ့ ဇာတ်လမ်း။ မြန်မာနိုင်ငံမှာ ဝါဇီစက်ရုံစတည်ကတည်းက Inflation ဖြစ်တဲ့ ဇာတ်လမ်းက စခဲ့တာ။ အဲဒါက ဗိုလ်သန်းရွှေခေတ်မှာ ပြန်ကြည့် ဘယ်လောက် အဆ တက်သွားသလဲ။ ကျွန်တော် ကိန်းဂဏန်းနဲ့ ပြောလို့ရတယ်။ ပြောချင်တာ အဆပေါင်းများစွာ တက်သွားတယ်။ ရိုးရိုးလေး ပြောမယ်ဗျာ။ ကျွန်တော်တို့ ခေတ်မှာ အကြော်တစ်ခုကို ငါးပြား။ အဲဒါ ၁၉၆၅ လောက် ဖြစ်မှာပေါ့။ လွန်ခဲ့တဲ့ နှစ်နဲ့ ပြန်ကြည့်ရင် နှစ် ၅၀ ပဲ ထားပါတော့ဆရာ။ အခု အကြော် တစ်ခုကို ဘယ်လောက်လဲ ဆရာ။ ကျွန်တော် မသိတော့ဘူး။ ၁၀၀၀ ဆို အဆ ဘယ်လောက်လဲ ။ အဆပေါင်း နှစ်သောင်း တက်သွားပြီ။ အဲဒါ Inflation ပဲ ။ အခု ကာကကြည့် ကြက်ဥတစ်လုံး ဘယ်လောက်ဖြစ်သွားပြီလဲ။ နောက်ထပ် ထပ်ဖြစ်မယ်။

မေး။ ။ အဲဒီတော့ ဆရာ ကျွန်တော်တို့က သူတို့ပြောတဲ့ ပုံစံအတိုင်းဆိုလို့ရှိရင် ငါးသောင်းတန် မထုတ်ဘူး၊ နှစ်သောင်းတန် မထုတ်ဘူးလို့ ပြောခဲ့တယ်။ ထုတ်သွားတယ်။ ငါးသောင်းတန်ပဲ ကျန်တယ်။ အဲဒီတော့ အဲဒီအပြင်မှာလည်းပဲ ငွေစက္ကူတွေကို မဖျက်သိမ်းဘူးလို့ ပြောပေမယ့် ဖျက်သိမ်းတာမျိုးရော ဖြစ်လာနိုင်လား။

ဖြေ။ ။ ဖြစ်နိုင်တာပေါ့။ ခုန ကျွန်တော် ပြောတာ နောက်ဆုံးနည်းတွေ ထုတ်ထုတ်သုံးတယ်ဆိုတာ ဦးနေဝင်းကြည့်ဗျာ။ ဦးနေဝင်း စတက်တော့ အကျပ်အတည်းလေး ဖြစ်ကာစမှာ ကျွန်တော် မှတ်မိ တယ် ကလေးဘဝ။ ၅၀ တန် ၁၀၀ တန် စကြိတ်တာပဲ။ အဲဒီ ပိုက်ဆံတွေ လုချင် ဓားပြ တိုက်လိုက် တာပဲ။ ပြည်သူ့ ပိုက်ဆံကို။ ဒီနည်းသုံးခဲ့တယ်။ အဲဒီနည်းနဲ့ ရှင်းလိုက်တယ်။ အဲဒီမှာ ဗိုလ်နေဝင်းက Survive ဖြစ်တယ်။ ၆၄ လား၊ ၅ လား ကျွန်တော် မေ့တေ့တေ့ ဖြစ်နေပြီ။ ၅၀ တန် ၊ ရာတန် စံလင်း။ ကျွန်တော် မှတ်မိတယ်။

ကျွန်တော့် အဖေတွေ အမေတွေဆီမှာ ရှိတယ်။ အဲဒီတုန်းက ။ အဲဒါ စသိမ်းတယ်။ ဒီနည်းနဲ့ ပြည်သူ့ပိုက်ဆံ ဓားပြတိုက်ပြီး‌တော့ ပြဿနာကို ရှင်းတယ်။ နောက်တစ်ခါ အားလုံးသိတယ်။ ကျောင်းသားအရေးအခင်းဖြစ်ခါနီးမှာ ၈၇ ထင်တယ်ဗျ။ ၂ ကြိမ်လုပ်တယ်။ ရာတန်တွေ သိမ်းတယ်။ အဲဒီမှာ ကျွန်တော် ဝန်ထမ်းဖြစ်နေပြီ။ ရာတန်တွေ သိမ်းတယ်။ ၇၅ ကျပ်တန် သိမ်းတယ်။ အဲဒီနည်းနဲ့ ရှင်းတယ်။ Inflation ကို Money Supply လျှော့တယ် ခေါ်တာပေါ့။ Money Supply လျော့တယ်ဆိုတာ Interest Rate ထိန်းရတာ။ စာချုပ်စာတန်း စသည်ပေါ့။ အဲဒီနည်းကို သုံးလို့မရတော့ လူပြိန်းနည်း ၊ လူမိုက်နည်း စစ်တပ်ရဲ့ ထုံးစံအတိုင်း လူမိုက် ၊ လူပြိန်း၊ လူရမ်းကားနည်းနဲ့ သိမ်းတာ နှစ်ကြိမ်။

ဗိုလ်နေဝင်း အဲဒီမှာ ဗိုလ်နေဝင်းပြုတ်ကျတာပဲ။ အဲဒီမှာ ကျောင်းသား ၈၈ ထဖြစ်ရော။ သွား‌ရော အကျပ်အတည်း။ အခုတစ်ခါ လာပြန်ပြီ သူ့ရဲ့ မွေးထားတဲ့ကောင်က မအလက လာပြီ မလုပ်ဘူး မပြောနိုင်ဘူး။ သူတို့မှာ ကတိမတည်ဘူး။ ဒါကြောင့် သူတို့မှာလည်း ရနိုင်သလောက် ဒါကို ကြည့်ပြီး …… သူတို့မှာ တတ်တဲ့ လူတွေ ရှိတယ်။ ဒါပေမဲ့ သူတို့ ကအမိန့်သုံးတာ။ အဲဒီလူတွေက သူတို့ ကြည့်နေမှာ ။ ကြည့်နေပြီး ပိုက်ဆံရိုက်ထုတ်မှာ ။ သိပ်မတတ်နိုင်ရင် သိမ်းတယ်ကွာ လုပ်မှာပဲ။ အဲဒါ လုပ်လိမ့်မယ်။

မေး။ ။ အဲဒီတော့ ဆရာ တိုင်းပြည်ရဲ့ အနာဂတ် စီးပွားရေးကို ဘယ်လို မြင်ရလဲ ။

ဖြေ။ ။ အနာဂတ်စီးပွားရေး တစ်လုံးထဲ ပြောရင်တော့ Fail State ဖြစ်မှာပဲ။ စီးပွားရေး ဒုက္ခရောက်မယ်။ ဒါကြောင့် ဆရာ မေးတဲ့ မေးခွန်းပါတယ်။ ပြည်သူလူထုက ကိုယ့်အချင်းချင်း ရိုင်းပင်းပြီးတော့ မသေရုံတောင့်ခံရမယ်။ နိုင်ငံတကာ အကူအညီမြှင့်တင်တောင်းရမယ်။ ဘက်ပေါင်းစုံက အားလုံးက ဝိုင်းရမယ်။

ပြီးတဲ့အခါကျရင် ကျွန်တော်က ပြောမယ်ဆိုရင်တော့ သူတို့ကို ကလေးလေးတွေ ပြောနေတဲ့ ကျွန်တော်တို့ PDF လေးတွေ ကျွန်တော် စိတ်လည်း မကောင်းပါဘူးဗျာ။ ကျွန်တော်တို့ ၇၄ မှာ တွေ့ခဲ့တယ်။ ကျွန်တော်တို့ ရှုံးခဲ့တယ်။ ကောလိပ်ကျောင်းသားဘဝ။ ၈၈ လည်း ဝန်ထမ်းဘဝ ကျွန်တော် လုပ်ခဲ့တာပဲ။ မနိုင်ဘူး ။ အခု ဒီကလေးတွေ ပြောတာ။ ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်။ အဲဒါကို အားပေးရင် ဒီကောင်တွေ ပြတ်ပြီ။ ဒါပဲ လက်တစ်ကမ်းမှာ ရှိတယ်။ လက်တစ်ကမ်းမှာရှိတယ်။ ကျွန်တော်က ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်။

ဒေါက်တာ မီမီဝင်းဘတ် စကားကို ကျွန်တော် ယူသုံးပါရစေ။ tipping point ရောက်လို့ရှိရင် ပြိုမှာပဲ။ အခုက တည်းတည်းလေး ကျန်တယ်။ အဲဒီ Tipping Point ကို တစ်ဖက်က တွန်းတင်။ PDF လေးတွေက လုပ်မယ်။ Diplomatic Rules နဲ့ သွားကြမယ်။ ခင်ဗျာတို့ မီဒီယာက ကူမယ်။ တစ်ဖက်ကလည်း ဒုက္ခရောက်တဲ့ ပြည်သူတွေကို တင်ပြခဲ့တဲ့ အချင်းချင်း ကျောချင်းကပ်မယ် ရင်ချင်းကပ်မယ် ပြီးရင် နိုင်ငံတကာ အကူအညီရအောင် တောင်း။

အဲဒီနည်းနဲ့ တစ်ဖက်က Survive ဖြစ်အောင် မသေရုံပေါ့ဗျာ။ Survival ဖြစ်အောင် ထိန်းထား ။ ဒီကောင်တွေကို အမြစ်ဖြတ်လိုက်မယ်ဆိုရင် ဒီပွဲက ပြတ်မှာ ။ အဲဒါဆို အစက ပြန်စမယ်။ တောင်ကိုရီးယားကြည့် ၊ ဗီယက်နမ်ကြည့် ဗဗျာဖြစ်တာပဲ။ အိုကေပဲ။ အမြန်ဆုံးက ဒီကောင်တွေ ပြတ်ရင် ပွဲပြတ်ပြီ။ ဒါကလည်း ပြောလို့မရဘူး။

ရက်ပိုင်းတည်းနဲ့လည်း ဖြစ်ရင် ဖြစ်သွားနိုင်တယ်။ လပိုင်းအတွင်း ဖြစ်ရင် ဖြစ်သွားနိုင်တယ်။ ကျွန်တော်တို့ဘက် အားစိုက်မှု နည်းရင်လည်း သူတို့က တောင့်ခံမှာပဲ။ လချီရင်လည်း ချီမှာပေါ့။ သို့သော် ကျွန်တော် ပြောရဲတယ်ဗျာ။ ကျွန်တော်တို့ ဖြတ်သန်းတဲ့ အတွေ့အကြုံအရ ဒီကောင်တွေ သွားကို သွားမှာပဲ။ သွားကို သွားမှာ ။ အဲဒါတော့ ကျွန်တော် ပြောရဲတယ်။ ဒါပေမဲ့ မသွားခင် ကြားထဲမှာ ခုန ကျွန်တော်တို့ ဆွေးနွေးသလို နည်းပေါင်းစုံနဲ့ ပြည်သူလူထုသက်သာအောင် ကြံစည်အား ထုတ်ကြိုးပမ်းကြရမယ်လို့ ကျွန်တော်က မြင်ပါတယ် ဆရာ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article