38 C
Yangon

မြို့နယ်၊ ရပ်ကွက်များတွင် အိမ်တွင် မရှိဘဲ အကြောင်းမဲ့ ပျောက်နေသည့် လူငယ်ဦးရေ စာရင်းကို ရန်ကုန်တိုင်း စစ်ဌာနချုပ်က တောင်းခံ ၊ ညမထွက်ရ အမိန့် ဖောက်ဖျက်သူများကို စီမံချက်ဖြင့် ဖမ်းနေ

Must read

မြို့နယ်၊ ရပ်ကွက်များတွင် အိမ်တွင် မရှိဘဲ အကြောင်းမဲ့ ပျောက်နေသည့် လူငယ်ဦးရေ စာရင်းကို ရန်ကုန်တိုင်း စစ်ဌာနချုပ်က တောင်းခံ ၊ ညမထွက်ရ အမိန့် ဖောက်ဖျက်သူများကို စီမံချက်ဖြင့် ဖမ်းနေ

ရန်ကုန်၊ ဇူလိုင် ၂၇

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များ၊ ရပ်ကွက်များတွင် သန်းခေါင်စာရင်းအတွင်း နာမည်ပါရှိပြီး လူမရှိဘဲ အကြောင်း မဲ့ ပျောက် ဆုံး နေသည့် လူငယ်ဦးရေ စာရင်း ကို ရန်ကုန်တိုင်းစစ်ဌာနချုပ်က တောင်းခံထားကြောင်း ရန်ကုန် တိုင်း စစ် ကောင်စီနှင့် နီးစပ်သော သတင်းရပ်ကွက်များထံမှ သိရှိရသည်။

ယခု ဇူလိုင်လ နှောင်းပိုင်းမှစတင်ပြီး နေအိမ် သန်းခေါင်စာရင်းတွင် ပါဝင်ပြီး အကြောင်းမဲ့ လူမရှိဘဲ ပျောက်ဆုံးနေသည့် လူငယ်စာရင်းကို ကိုယ်ရေး အချက် အလက်အပြည့်အစုံနှင့်တကွ၊ ပျောက်ဆုံးနေသည့် နေ့ရက်၊ ပျောက်ဆုံးနေရ သည့် အကြောင်းအရင်းတို့ကို ရေးသားဖော်ပြ စာရင်းကောက်ယူရန် မြို့နယ် နှင့်ရပ်ကွက် အုပ်ချုပ်ရေးယန္တရားကို ရန်ကုန်တိုင်းစစ်ဌာနချုပ်က ခိုင်းစေလာ ကြောင်း သိရှိသည်။

“မြို့နယ်ရပ်ကွက်အတွင်းအကြောင်းမဲ့ပျောက်နေတဲ့ လူတွေစာရင်းကို ကိုယ် ရေး အချက်အလက်အပြည့်အစုံ ပျောက်ရ တဲ့ အကြောင်း အရင်း ဖော်ပြခိုင်း ပြီးစာရင်းတောင်းခိုင်းတယ်။ ရန်ကုန်တိုင်းစစ်ဌာနချုပ်က မြို့နယ်တိုင်း၊ ရပ်ကွက် တိုင်း ကိုတောင်းတာ” ဟု ရန်ကုန်တိုင်းစစ်ကောင်စီနှင့်နီးစပ်သော သတင်းရင်းမြစ်က ဆိုသည်။

ယင်းသို့ သန်းခေါင်စာရင်းတွင်ပါရှိပြီး လူမရှိဘဲ ပျောက်ဆုံးနေသည့် လူငယ် စာရင်း ကောက်ခံခိုင်းခြင်းမှာ စစ်ကောင်စီကို တော်လှန်ရန် တောခိုသွားသည့် လူငယ်များ၏ စာရင်းကို လိုက်လံ ကောက်ယူ ခိုင်းခြင်းဖြစ်နိုင်သည်ဟု သုံးသပ်မှုများလည်းရှိသည်။

“အခု ရပ်ကွက်တွေမှာ လူငယ်တွေက ပြည်ပ ထွက်ရင် ထွက်။ မထွက်ရင် တောထဲ ရောက်တဲ့သူ ရောက်ဆိုတော့။ တောထဲ ရောက်သွားတဲ့ လူငယ် စာရင်းကို လိုက်ကောက်ခိုင်းတာလို့ ထင်တာပဲ။ ပြည်ပထွက်တဲ့ လူငယ် တွေကိုလည်း ဘယ်အိမ်က ဘယ်သူ ပြည်ပ ထွက်သွားတယ်ဆိုတာမျိုး သိချင် လို့ စာရင်းကောက်ခိုင်းတာလည်း ပါမှာပဲ။ ဒီလို စာရင်းကောက်တာက မရိုးသားမှုတွေတော့ များတယ်” ဟု မရမ်းကုန်းမြို့နယ်၊ ၃ ရပ်ကွက်မှ ပြည်သူ တစ်ဦးက ပြောဆိုသည်။

အခြားတစ်ဖက်တွင်လည်း စစ်ကောင်စီက ညမထွက်ရ အမိန့် ကျူးလွန် ဖောက်ဖျက်သူများကို စီမံချက်ဖြင့် ဖမ်းဆီး လျက်ရှိပြီး တရားရုံးတင်ကာ ငွေဒဏ် နှစ်သောင်း သို့မဟုတ် ၈ ရက်အချုပ်ချထားမှုများ လုပ်ဆောင် နေကြောင်း သိရှိရသည်။

“သင်္ဃန်းကျွန်း မှာ မနေ့က ည၁၂နာရီကျော် မာရှယ်လောအချိန်ထွက်တဲ့ ကားနဲ့လူတွေကို စစ်ကြောင်းအဖွဲ့ကဖမ်းတာ။ လူဦးရေ ၂၀ ကျော်မိတယ်။ တရားရုံးတရားစွဲပြီးတော့ ဒဏ်ငွေ ၂၀၀၀၀ သို့ ၈ရက်အချုပ်အမိန့်ချတယ်။ အဲဒါ စီမံချက်နဲ့ ဖမ်းနေတယ်လို့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ညအချိန် ကင်းလှည့်နေသည့် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

Photo credit- AFP ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article