35 C
Yangon

စစ်အုပ်စု၏ ဓာတ်ပြားဟောင်း၊ မဲပြာပုဆိုး တွေ့ဆုံဆွေးနွေးရေးကို လက်မခံဘဲ တိုင်းပြည်အသစ်၊ အသွင်သဏ္ဍန်အသစ်၊ System အသစ်ကို KNU က ဦးတည် သွားနေပြီဟုဆို

Must read

စစ်အုပ်စု၏ ဓာတ်ပြားဟောင်း၊ မဲပြာပုဆိုး တွေ့ဆုံဆွေးနွေးရေးကို လက်မခံဘဲ တိုင်းပြည်အသစ်၊ အသွင်သဏ္ဍန်အသစ်၊ System အသစ်ကို KNU က ဦးတည် သွားနေပြီဟုဆို

ရန်ကုန်၊ ဩဂုတ် ၈

အကြမ်းဖက်စစ်အုပ်စု၏ သွေးခွဲအုပ်ချုပ်ရေးနှင့် အယောင်ပြ စေ့စပ်ညှိနှိုင်းရေး ဓာတ်ပြားဟောင်းနှင့် မဲပြာပုဆိုးကို လက်မခံဘဲ တိုင်းပြည်အသစ်၊ အသွင် သဏ္ဍန် အသစ်၊ System အသစ်ကို KNU က ဦးတည်သွားနေပြီဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံ ကောင် စီ NUCC တို့ ဩဂုတ်လ ၆ ရက်နေ့ ပူးတွဲထုတ်ပြန်လိုက်သည့် နွေဦး တော် လှန်ရေးသည် အာဏာ ရှင် စနစ် ရှင်သန်စေမည့် အုပ်ချုပ်သူ အပြောင်း အလဲ မဟုတ်ဘဲ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ဖြစ်သည်ဆိုသော ကြေညာချက်သည် KNU၏ ရပ်တည်ချက်နှင့် ထပ်တူကျကြောင်း ပဒို စောတောနီး က ပြောဆိုသည်။

“NUG နဲ့ NUCC ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် ကျနော်တို့ ရပ်တည်ချက် အခိုင်အမာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ဘယ်က စပြောရမ လဲဆိုရင် ပြီးခဲ့တဲ့ ကျနော်တို့ ဖြတ်သန်းမှု အတွေ့အကြုံ အရပေါ့။ ကျနော်တို့က နိုင်ငံရေးနဲ့ပတ်သက်ပြီး အခက်အခဲ အကျပ်အတည်းတွေ တွေ့ကြုံလာရပြီဆိုရင် စစ်အုပ်စုဘက်က သူတို့ အမြဲတမ်းပဲ မရိုးနိုင်တဲ့ ဓာတ်ပြားဟောင်းကို ပြန်ပြန်ပြီးတော့ ဖွင့်နေကြတယ်။ ကျနော်တို့ မဟာဗျူဟာက ရှင်းတယ်။ စစ်အာဏာရှင် ဘယ်အာဏာရှင်စနစ်မျိုးမဆို ကျနော်တို့ တိုင်းပြည်က ရှင်းထုတ်ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ အုပ်ချုပ်သူ အစိုးရတစ်ဖွဲ့ကိုပဲ ပြောင်းလဲနိုင်မယ်ဆိုရင် ကျနော်တို့ တိုင်းပြည်ရဲ့ တွေ့ကြုံနေရတဲ့ တိုင်းပြည်အနေအထားက နောက်ထပ် အာဏာရှင်တွေ ပေါ်ပြီးရင်း ပေ၊ါ် ပေါ်ပြီးရင်ပေါ် တစ်ဖွဲ့ပြီး တစ်ဖွဲ့ မဆုံးနိုင်တဲ့ သံသရာကြီးကို လည်နေတာဖြစ်တယ်” ဟု ပဒိုစောတောနီးက ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်သည် နှစ်ပေါင်း ၆၀ ကျော်၊ ၇၀ နီးပါး တွေ့ဆုံ ဆွေးနွေး ရေးဟု ပြောဆိုလာသော်လည်း နောက်ဆုံးတွင် လက်နက်ကိုင် ဖြေရှင်းခြင်းနှင့် အာဏာသိမ်းခြင်းတို့ဖြင့်သာ အဆုံးသတ်ကြောင်း၊ထို့ကြောင့် စစ်မှန်သော တွေ့ဆုံ ဆွေးနွေးရေ ဖြစ်ပေါ်ရန်မှာ အချက် ၄ ချက် မရှိဘဲ မဖြစ်နိုင်ကြောင်း ၎င်းက ရှင်းပြသည်။

“နိုင်ငံတကာ အသိုင်းအ၀ိုင်းနဲ့ ကမ္ဘာ့အသိုင်းအ၀ိုင်းက တောင်းဆိုနေတဲ့ တွေ့ဆုံ ဆွေးနွေးရေးဆိုတာ ကျနော်တို့ ဘယ်တော့မှ မငြင်းဘူး။ သို့သော် လည်းပဲ ပြီးခဲ့တဲ့ အတွေ့အကြုံတွေက သွန်သင်လာခဲ့တဲ့အပေါ်မှာတော့ တွေ့ဆုံ ဆွေးနွေးပွဲဆိုတာ ပုံစံတစ်မျိုးနဲ့လုပ်ရမှာ သေချာတယ်။ အဲဒါကြောင့်မို့လို့ ကျနော်တို့ အဓိကအားဖြင့် ကရင့်အမျိုးသားအစည်းအရုံး ရပ်တည်ချက်က တွေ့ဆုံ ဆွေးနွေးပွဲဆိုတာ မငြင်းဘူး။ ဒါပေမယ့် ဖြစ်ပေါ်လာမယ့် တွေ့ဆုံ ဆွေးနွေးပွဲဆိုတာက ဒီအချက် လေးချက်ကို ငြင်းပယ်လို့မရဘူး။ ဒါကို လက်ခံရမှာဖြစ်တယ်” ဟု ပဒိုစောတောနီးက ရှင်းပြသည်။

KNU က တောင်ဆိုသည့် အချက် ၄ ချက်မှာ နံပါတ် ၁ စစ်တပ်အနေဖြင့် နိုင်ငံရေးမှ စွန့်ခွာပြီး ကာကွယ်ရေးတာဝန် ထမ်းဆောင်ကာ အရပ်သား အုပ်ချုပ်မှုအောက်တွင် ရှိရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“တစ်အချက်က စစ်တပ်က နိုင်ငံရေးက စွန့်ခွာပြီးတော့ ကျနော်တို့ တိုင်းပြည် မှာ ရှိလာမယ့် စစ်တပ်ပဲ ပြောပြော ကာကွယ်ရေး အဖွဲ့ အစည်းကပဲပြောပြော ကျနော်တို့ ပြည်ပရန်ကလွဲလို့ ကျန်တဲ့ဟာကို လုံး၀ကင်းစင်ရပြီးတော့ ကျနော်တို့ အသွင်ပြောင်းပြီးတော့ ကျနော်တို့ ပြည်ထောင်စု တစ်ခုလုံးကို အကာအကွယ်ပေးမယ့် ပြည်ထောင်စု တပ်မတော် ဖြစ်သွားဖို့ ဦးတည်ပြီး လုပ်သွားမယ်။ ဒီတပ်မတော်ကလည်း အရပ်သား အုပ်ချုပ်မှုအောက်မှာ ရှိရမယ်။ ဒါက တစ်အချက်” ဟု ၎င်းက ရှင်းပြသည်။

ဒုတိယအချက်အနေဖြင့် စစ်တပ်က သတ်ဖြတ်ခဲ့သည့် လူထုအပေါ် ရက်စက် သတ်ဖြတ်မှုများကို ပြေငြိမ်းမရဘဲ ပြစ်မှုအားလုံးအတွက် တာဝန်ယူ တာဝန်ခံ ရမည်ဖြစ်ကြောင်း၊ ယင်းအတွက်လည်း တရားမျှတမှု လုပ်ဆောင်မည်ဖြစ်ကာ စစ်တပ်ကလည်း လက်ခံရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

တတိယအချက်အနေဖြင့် မြန်မာနိုင်ငံကို ဖက်ဒရယ် ဒီမိုကရေစီ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ဖြင့် ရှေ့ဆက်သွားမည်ဖြစ်ပြီး ယင်းအချက်ကို စစ်တပ်က လက်ခံရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကျနော်တို့ တည်ထောင်မယ့် တိုင်းပြည်က ဘယ်တော့မှ ၂၀၀၈ လို စစ်အုပ်စု ကို အာဏာဆက်ပေးပြီးတော့ စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်မယ့် ဟာမျိုးကို မဖြစ်စေဘဲ ကျနော်တို့ လုံး၀ ပျောက်ကင်းပြီး ကျနော်တို့ တိုင်းပြည်ကို ဖက်ဒရယ် ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်နဲ့ သွားရမှာကို လုံး၀ လက်ခံရမှာဖြစ်တယ်” ဟု ပဒိုစောတောနီးက ရှင်းပြသည်။

နံပါတ် ၄ အချက်နေဖြင့် မြန်မာ့နိုင်ငံရေး ဖြစ်စဉ်များတွင် အထူးသဖြင့် တွေ့ဆုံ ဆွေးနွေးပွဲများတွင် နိုင်ငံတကာက ပါဝင်ပတ်သက်ရမည်ဖြစ်ကြောင်း ၎င်းက ထောက်ပြသည်။

“နောက်ဆုံးအချက်ကတော့ဗျာ ကျနော်တို့ ပြည်ထောင်စုကို တည်ဆောက်ပြီ ဆိုတော့ တည်ဆောက်ရမယ့် အဆင့်တွေ အများကြီးရှိတယ်။ အချိန်ယူရမှာ လည်းဖြစ်တယ်။ ဒီဟာတွေက ကျနော်တို့ တကယ်ကို ဆွေးနွေးပွဲတွေ အများကြီးလိုအပ်တယ်။ ဒီဆွေးနွေးပွဲတွေကတော့ ကျနော်တို့ရှင်းတယ်ဗျ။ ကျနော်တို့ တောက်လျှောက် ပြောနေတာ။ ကျနော်တို့ အတွေ့အကြုံအရတော့ နိုင်ငံတကာ မပါဝင်ဘဲနဲ့တော့ ဒီလူတွေနဲ့ စကားပြောရတာ ကျနော်တို့ အတွေ့ အကြုံမှာ မရေမတွက်နိုင်အောင် ဖြစ်နေတော့ ကျနော်တို့ ဒါက နိုင်ငံတကာပါဝင်ပတ်သက်မှု ဖြစ်တည်လာရမယ်။ ပါဝင်ရမယ် အဲဒါမှ လုံခြုံစိတ်ချရတဲ့ တွေ့ဆုံ ဆွေးနွေးပွဲတွေ ဖြစ်လာမှာဖြစ်တယ်။ အဲဒါတွေမရှိဘဲနဲ့ ဘယ်လိုမှ လက်ခံလို့မရဘူး။ ဒါကြောင့်မို့ ကျနော်တို့ ဘယ်တော့မှ နောက်ပြန်မလှည့်ဘူး။ စစ်အာဏာရှင်စနစ်နဲ့ ဘယ်အာဏာရှင် စနစ်မဆိုချုပ်ငြိမ်းပြီးတော့ ကျနော်တို့ တိုင်းပြည်ကို အသွင်သဏ္ဍန် စနစ် အသစ် ၊ System Change ဆိုတဲ့ အဲဒီကိစ္စနဲ့ပဲ ဦးတည်ပြီး လုပ်ဆောင်သွား မယ်ဆိုတာ ပြောရဲပါတယ်” ဟု ပဒိုစောတောနီးက ရှင်းပြသည်။

စစ်အုပ်စု အနေဖြင့် သွေးခွဲလမ်းစဉ်ဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ ကို ခေါ်ယူ တွေ့ဆုံလေ့ရှိပြီး သေနတ်သံ တိတ် ပြီးရော အခွင့်အရေးများ ပေး လေ့ ရှိကြောင်း၊ ယင်းသို့ အခွင့်အရေးပေးမှုများသည် ယခင်စစ်အာဏာရှင် ၏ မဲပြာ ပုဆိုး လမ်းစဉ်သာဖြစ်ပြီး လုံး၀ ဆန့်ကျင် လက်မခံကြောင်း ၎င်းက ဆို သည်။

“အဲဒါနဲ့ပတ်သက်ပြီးတော့ သူတို့လုပ်နေကြ မဲပြာပုဆိုး ပြန်ပြန်ပြီးတော့ အခါတစ်ရာ ဝတ်နေကြအတိုင်း ဟိုအဖွဲ့ကို ခေါ်တွေ့လိုက် ဒီအဖွဲ့ကို ခေါ်တွေ့ပြီးတော့ ဟိုနားပေးမယ်၊ ဒီနားပေးမယ်။ ခင်ဗျားတို့ သေနတ်သံ တိတ်ရင်ပြီးရော ဆိုတဲ့ အချိုးမျိုးတွေနဲ့လည်း ကျနော်တို့ ရည်မှန်းချက်နဲ့က လုံး၀ကို ကွဲပြားနေပါတယ်။ အဲဒါ ကျနော်တို့ ဘုံရည်မှန်းချက်နဲ့လည်း ဆန့်ကျင်နေတယ်။ အဲဒါကိုလည်း လုံး၀ လက်ခံနိုင်စရာ အကြောင်းမရှိဘူး။ ဘာကိုယ်ပိုင် အုပ်ချုပ်ခွင့် ဟိုနယ်မြေလေး ခြမ်းပေးလိုက်၊ ဒီနယ်မြေလေး ခြမ်းပေးလိုက် ကျနော်တို့ ရည်မှန်းချက်နဲ့ ဖီလာဆန့်ကျင်နေလို့ ပြောစရာကို မလိုတော့။ အဲဒါကြောင့်မို့ လို့ ကျနော်ပြောချင်တယ် ဒီလို ဓာတ်ပြားဟောင်းတွေ ထပ်ခါထပ်ခါ မကောင်းတဲ့ ညာဉ်ဆိုးတွေနဲ့ လုပ်နေတာကို ကျနော်တို့ ဘယ်လိုမှ လက်ခံနိုင်စရာ အကြောင်းမရှိတော့ဘူး။ ကျနော်တို့ ပြတ်ပြတ်သားသား ငြင်းပယ်တယ်” ဟု ပဒိုစောတောနီးက ရှင်းလင်းပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article