28 C
Yangon

ထားဝယ်မြို့နယ်မှာ စစ်ကောင်စီနဲ့ပတ်သက်နေတဲ့ လုပ်ငန်းတွေ လာမယ့်လအတွင်း ရပ်တန့်ရမယ်လို့ ကော်သူးလေတပ်မတော် ကြေညာ

Must read

ထားဝယ်မြို့နယ်မှာ စစ်ကောင်စီနဲ့ပတ်သက်နေတဲ့ လုပ်ငန်းတွေ လာမယ့်လအတွင်း ရပ်တန့်ရမယ်လို့ ကော်သူးလေတပ်မတော် ကြေညာ

ရန်ကုန်၊ သြဂုတ် ၃၁

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ အရှေ့တောနယ်၊ ခမောင်းသွယ်ဒေသနဲ့ ဘန်းချောင်းဒေသမှာရှိတဲ့ စစ်ကောင်စီနဲ့ဆိုင်တဲ့လုပ်ငန်းတွေကို ရပ်တန့်ပစ်မယ်လို့ KTLA ဆာကဆောတပ်မက မနေ့ကကြေညာပါတယ်။

မနက်ဖြန်၊ စက်တင်ဘာလ ၁ ရက်နေ့ကစလို့လကုန်အထိ တစ်လအတွင်း အပြီးသတ်ရပ်တန့်မယ်လို့ ဆိုပါတယ်။

“အဲဒီဒေသမှာ စစ်အာဏာရှင်နဲ့ဆိုင်တဲ့ လုပ်ငန်းတွေကတော့ အများကြီးပဲ။ လူမှောင်ခိုလုပ်ငန်းတွေ၊ မိုင်းလုပ်ငန်းတွေ၊ ဆီသယ်ယူတာတွေပေါ့လေ။ တခြားဒေသမှာလုပ်ပြီး အဲဒီဒေသမှာနေထိုင်တဲ့ လုပ်ငန်းရှင်တွေလည်းရှိတယ်” လို့ KTLA ဆာကဆောတပ်မရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုချမ်းက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီကို ကူညီထောက်ပံ့ပေး နေတဲ့ ရွာသူ၊ ရွာသားတွေနဲ့ ကျေးရွာအကြီးအကဲတွေအားလုံးကိုလည်း ဆက်ပြီး မပတ်သက်ကြဖို့ သတိပေးထားပါတယ်။

သတိပေး ထုတ်ပြန်ချက်ကို မလိုက်နာခဲ့ရင် လုပ်ငန်းစဉ်စည်းကမ်းချက်တွေအတိုင်း အတိုင်း အရေးယူ ဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

KTLA ဆာကဆောတပ်မဘက်ကတော့ နယ်မြေခံ ရပ်မိရပ်ဖတွေကို ခေါ်ယူတွေ့ဆုံကာ ရှင်းပြထားပြီးသားဖြစ်တာကြောင့် အဲဒီအတိုင်းပဲလုပ်ဆောင်မယ်လို့ ဆိုပါတယ်။

အခု ထုတ်ပြန်ချက်မှာပါတဲ့နယ်မြေတွေဟာ KNU တပ်မဟာ ၄ ရဲ့ တပ်ရင်း ၁၀၊ တပ်ခွဲ ၂ လှုပ်ရှားတဲ့ဒေသလည်း ဖြစ်ပါတယ်။

KNU တပ်မဟာ ၄ နဲ့ ကော်သူးလေတပ်မတော်တို့ကြား ပြီးခဲ့တဲ့လတွေက စစ်ရေးအရထိတွေ့မှုတွေရှိခဲ့သလို နှစ်ဖက်ဆက်ဆံရေးအဆင်မပြေမှုတွေလည်း ရှိခဲ့ပါတယ်။ ဒါကြောင့် ကြေညာချက်ထွက်လာတဲ့အခါ တပ်မဟာ ၄ နဲ့ ပွတ်တိုက်မှုတွေရှိလာနိုင်မလား၊ တကယ်လို့ ဖြစ်လာခဲ့ရင် ဘယ်လိုလုပ်ဆောင်သွားမှာလဲဆိုတဲ့ မေးခွန်းတွေလည်း ရှိလာခဲ့ပါတယ်။

ပြန်ကြားရေးတာဝန်ခံ ကိုချမ်းကတော့ “ကျနော်တို့က အာဏာရှင်ကိုတော်လှန်တာပဲဖြစ်တယ်။ ဘုံရန်သူဟာ အာဏာရှင်ပဲ။ အာဏာရှင်ကိုတိုက်တဲ့သူမှန်သမျှ တပ်မဟာ ၄ မှမဟုတ်ဘူး ဘယ်သူမဆိုပူးပေါင်းလို့ရတယ်။ အတူလုပ်လို့ရတယ်။ အာဏာရှင်ကို ကာကွယ်တာ၊ ကူညီတာတွေလုပ်နေရင်တော့ ဘယ်သူ့ကိုမဆို တိုက်သွားမှာပဲ။ ဒါကို အတိအလင်းပြောထားပြီးသားဖြစ်ပါတယ်” လို့ ပြောပါတယ်။

ထုတ်ပြန်ချက်မှာပါတဲ့ ထားဝယ်မြို့နယ်က ခမောင်းသွယ်ဒေသနဲ့ ဘန်ချောင်းဒေသတွေဟာ ကရင်တိုင်းရင်းသားတွေ အများဆုံး နေထိုင်တဲ့နေရာတွေပါ။

ဒေသခံ ပြည်သူတစ်ဦးကတော့ ပိတ်တဲ့လုပ်ငန်းအပေါ်မူတည်​ပြီး ဆက်စပ်လုပ်ငန်းတွေမှာ လုပ်ကိုင်နေကြတဲ့ ဒေသခံတွေ အလုပ်လက်မဲ့ဖြစ်လာမှာကို စိုးရိမ်သလို စစ်တပ်နဲ့တိုက်ပွဲမဖြစ်ဘဲ အချင်းချင်းနယ်မြေပြဿနာဖြစ်မှာကိုစိုးရိမ်တယ်လို့ ဆိုပါတယ်။

ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကလည်း “ထုတ်ပြန်စာထဲထိန်းချုပ်ဒေသဆိုတာလည်းပါတော့ အချင်းချင်း နယ်မြေပြဿနာဖြစ်လာနိုင်တယ်။ အနှေးနဲ့အမြန်ပဲ။ ကြိုမြင်နေရတယ်” လို့ ပြောပါတယ်။

ထုတ်ပြန်ချက်မှာပါတဲ့ နယ်မြေတွေမှာ KTLA ဆာကဆောတပ်မ၊ KNU တပ်မဟာ ၄ ရဲ့ တပ်ရင်း ၁၀၊ တပ်ခွဲ ၂ တို့အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အချို့လည်း အခြေချလှုပ်ရှားနေကြပါတယ်။

ထားဝယ်အရှေ့တောဒေသမှာ ရွှေ၊ ခဲမဖြူ၊ ကျောက်မီးသွေးစတဲ့ သတ္တုတူးဖော်ရေးလုပ်ငန်းတွေကို တစ်နိုင်တစ်ပိုင်ကစလို့အကြီးစားလုပ်ငန်းတွေအထိ လုပ်ကိုင်ကြတာတွေလည်းရှိပါတယ်

(တနင်္သာရီတိုင်းမ်သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article