ကန်ကြီးထောင့်မြို့နယ်မှ ဆရာတော် ဦးဇနက္ကကို အကြမ်းဖက် တိုက်ဖျက် ရေးဥပဒေဖြင့် စစ်ကောင်စီက ထောင်ဒဏ် ၁၀ နှစ်ချမှတ်
ရန်ကုန်၊ စက်တင်ဘာ ၁၈
ဧရာ၀တီတိုင်း၊ ကန်ကြီးထောင်မြို့နယ်၊ ရှမ်းရွာကျောင်းတိုက်မှ ဆရာတော် ဦးဇနက္က ကို စစ်ကောင်စီက အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်ကြောင်း ဆရာတော်၏ ဒကာ၊ ဒကာမများထံမှ သိရှိရသည်။
စက်တင်ဘာလ ၁၅ ရက်နေ့တွင် ပုသိမ်မြို့နယ်၊ ထောင်တွင်းတရားရုံးက ဆရာ တော် ဦးဇနက္ကကို ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခြင်းဖြစ်ကြောင်း၊ ဆရာတော်ကို ၂၀၂၂ ခုနှစ် ၁၀ လပိုင်းတွင် ဖမ်းဆီးခဲ့ပြီး ဆရာတော်သည် သက်တော် ၄၉ နှစ် ၊ ဝါတော် ၂၉ ဝါရှိနေပြီ ဖြစ်ကြောင်း သိရှိရသည်။
“ပုသိမ်ထောင်ထဲမှာ နိုင်ငံရေးမှုနဲ့ အဖမ်းခံရတာ သံဃာတော် ၂ပါးပဲရှိတယ်။ တစ်ပါးက ငဝန်ကျွန်းသာ ရှေ့တည့်တည့်ဇေယျသိဒ္ဓိကျောင်း ဆရာတော်နဲ့ နောက်တစ်ပါးက ဆရာတော် ဦးဇနက္ကပါ။ ဆရာတော်ကိုတော့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ အရေးယူထားတာပါ။” ဟု ဆရာတော်နှင့်နီးစပ်သော သတင်းရင်းမြစ်က ပြောဆိုသည်။
