30 C
Yangon

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့်တွေ့ဆုံခြင်း အပိုင်း ၁

Must read

“ဘာလို့ စစ်ကောင်စီက အခုအချိန်အထိ ဘာကြောင့် မပြောင်းလဲ သေးလဲ၊ လိုက် ပါ ဆောင်ရွက် ခြင်းမရှိသေးလဲ ဆိုလို့ရှိရင် လုံလောက်တဲ့ ဖိအားမရ သေး လို့ လို့ ကျွန်မ တို့ ကောက်ချက်ဆွဲလို့ရတယ်။ ဒါကြောင့် နိုင်ငံတကာကို ကျွန်မ တို့ က ဒီထက် လုံလောက်တဲ့ ပြင်းထန်တဲ့ ဖိအားတွေ ပေးဖို့လို့ တိုက် တွန်း ဆွေး နွေး နေရတာ ဖြစ်ပါတယ်”

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့်တွေ့ဆုံခြင်း အပိုင်း ၁

By ရန်ကုန်ခေတ်သစ်

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ၇၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကျင်းပနေစဉ်အတွင်း နိုင်ငံတကာမှ နိုင်ငံ့ခေါင်းဆောင်များ၊ အရေးကြီး ပုဂ္ဂိုလ်များနှင့်တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးခဲ့သည့် အမျိုးသား ညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်ကို ရန်ကုန် ခေတ် သစ်က တွေ့ဆုံ မေးမြန်းထားပါသည်။

မေး။ ။ ၇၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံကျင်းပ နေချိန် မှာ ဝန်ကြီးအနေနဲ့ အမေရိကန်အထိ ရောက်ရှိလာပြီးတော့ နိုင်ငံတကာ ခေါင်းဆောင် တွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ တွန်းအားပေးမှုတွေ လုပ်နေတာကို တွေ့ရပါ တယ်။ ဒီ အခြေအနေနဲ့ ပတ်သက်ပြီး ရှင်းပြပေးလို့ရမလား။

ဖြေ။ ။ ကျွန်မ ဒီတစ်ခေါက်လာတာကတော့ ဟုတ်ပါတယ်။ UN general assembly ရဲ့ High level week မှာ အဓိကကတော့ ကျွန်မတို့ နိုငံခေါင်းဆောင်တွေ တချို့သော နိုင်ငံခြားရေး ဝန်ကြီးတွေ တချို့သော Mission ရုံးက ခေါင်းဆောင်တွေနဲ့ တွေဆုံပြီးတော့ Advocacy လုပ်တဲ့ Trip လို့ ပြောလို့ ရပါတယ်။ တစ်နေရာတည်းမှာပဲ ကျွန်မတို့ ဟိုသွားဒီသွား သွားစရာမလိုဘဲနဲ့ တစ်နေရာတည်းမှာပဲ ခေါင်းဆောင်တွေ စုဆုံနေတဲ့ အချိန်ဆိုတော့ ဒီ opportunity ကို ယူပြီးတော့ ကျွန်မတို့ တိုင်းပြည်ရဲ့ နွေဦးတော်လှန်ရေးနဲ့ မြန်မာပြည်ရဲ့ federal democracy ကို ပြန်လည် ထူထောင်ရေးရုန်းကန်လှုပ်ရှားမှုတွေကို ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ အတတ်နိုင်ဆုံးဆွေးနွေးလို့ ရသလောက်ဆွေးနွေးနိုင်အောင် ။ နောက်ပြီးတော့ ထောက်ခံမှု ဒီလှုပ်ရှားမှုအပေါ်မှာ ကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေအနေနဲ့ ဆက်လက်ပြီးတော့ အာရုံစူးစိုက်မှု ရှိနေအောင် ရည်ရွယ်ပြီး ဒီခရီးစဉ်ကို စီစဉ်ရတာ ဖြစ်ပါတယ်။

မေး။ ။ တီမောသမ္မတနဲ့ တွေ့ဆုံစဉ်မှာ မြန်မာ့ ဒီမိုကရေစီအရေးအတွက် ဘာတွေများ ဆွေးနွေးဖြစ်သလဲရှင်။ နောက်တစ်ခုက လက်ရှိမှာ မြန်မာနိုင်ငံက ထွက်ပြေးလာရတဲ့ အထောက်အထားမဲ့ ပြည်သူတွေကို တီမော နိုင်ငံမှာ ခိုလုံခွင့်လိုမျိုး ၊ ခရီးသွားထောက်ခံစာ Travel Document လိုမျိုးရနိုင်မလားလို့ မျှော်လင့်ကြတာလည်း ရှိပါတယ္။ အဲဒီလိုမျိုးရော ဆွေးနွေးဖြစ်လား။ တီမောမှာရော NUG ကိုယ်စားလှယ်ရုံးဖွင့်လှစ်သွားဖို့ ရှိပါသလား။

ဖြေ။ ။ ဒီကိစ္စတွေက ဆက်ပြီးတော့ ဥပဒေကြောင်းအရတွေ ဆက်ပြီး ဆွေးနွေးသွားကြဖို့ ရှိပါတယ်။ သမ္မတကြီးနဲ့ တွေ့တဲ့အချိန်မှာ သမ္မတကြီးကြီးတော့ သူ့ရဲ့ Political Will ကို ပွင့်ပွင့်လင်းလင်းပြောဆိုပါတယ်။ ဒီနယ်ပယ်တွေမှာ အကူအညီပေးချင်တယ်။ ဘယ်လိုပူးပေါင်းဆောင်ရွက်နိုင်မလဲပေါ့။ တစ်ဖက်မှာကျတော့ ကျွန်မတို့က သက်ဆိုင်ရာ နိုင်ငံတွေရဲ့ ဥပဒေတွေ၊ နောက်ပြီးတော့ တကယ်နိုင်ငံကြီးတွေတောင်မှပဲ တတိယနိုင်ငံကို သွားရဖို့ ပြည်သူလူထုတွေ ပိတ်မိနေတာရှိတယ်။

ထိုင်းတို့ဘာတို့ တခြားနိုင်ငံတွေမှာ လျှောက်ထားဆဲ ဖြစ်သည့်တိုင်အောင် ဒါကတော့ သက်ဆိုင်ရာ နိုင်ငံရဲ့ ဥပဒေတွေ အရရော နောက်ပြီးတော့ Host လုပ်မယ့် ခေါ်ယူမယ့် နိုင်ငံ၊ ဖြတ်သန်းသွားလာမယ့် နိုင်ငံအနေနဲ့ရော ညှိနှိုင်းပြီးတော့ ဆောင်ရွက်ရမယ့် ကိစ္စတွေလည်း ရှိတယ်။ ဆိုတော့ ဒီကိစ္စမျိုးကျတော့ လက်ခံချင်နဲ့ နိုင်ငံတစ်နိုင်ငံတည်းရဲ့ နိုင်ငံရေး အာသီသတစ်ခုတည်းနဲ့ မပြီးမြောက်ဘူးပေါ့။ ကျွန်မတို့က ဆက်စပ်ပြီးတော့ ချိတ်ဆက်ပြီးတော့ လုပ်ရမယ့် ကိစ္စတွေ ညှိနှိုင်းဆောင်ရွက်ရမှာတွေ ၊ နောက်ပြီးတော့ လော်ဘီလုပ်ရမယ့် ကိစ္စတွေတော့ ကျန်နေပါသေးတယ်။

ဒါပေမဲ့ Initially တွေ့ဆုံကြတဲ့အခါမှာတော့ ကျွန်မတို့ ပြည်သူလူထုအတွက် အတတ်နိုင်ဆုံး ၊ အကျယ်ပြန့်ဆုံးဘယ်လိုအကူအညီမျိုးတွေ ရနိုင်မလဲ ဆွေးနွေကြတဲ့အခါမှာ ခုနလို အကြောင်းအရာကလည်း အချက်တစ်ချက်အနေနဲ့ ပါတယ်။ ဒါပေမဲ့ Technically အရ၊ တချို့ဥပဒေကြောင်းတွေ အရ၊ နောက်ပြီးတော့ လက်တွေ့ ဒီကိစ္စတွေက ဘတ်ဂျက်ကုန်ကျမှာဖြစ်တယ်။ ခေါ်ယူတဲ့ နိုင်ငံရဲ့ ဘဏ္ဍာ ရန်ပုံငွေလည်း လိုအပ်မှာဖြစ်တယ်။ ဒီကိစ္စတွေက အသေးစိတ် ဆက်ပြီးတော့ သက်ဆိုင်ရာ အစိုးရ၊ ဆိုတာ တီမောက ခေါ်ယူမယ်ဆိုရင်လည်း တီမောက သက်ဆိုင်ရာ အစိုးရအတွင်းမှာ အသေးစိတ်ဆွေးနွေးရဦးမှာဖြစ်ပါတယ်။ ဆိုတော့ စီစဉ်စိတ်ကူးထားတာ ရှိတယ်။ လက်တွေ့ဖြစ်အောင်လို့ လုပ်ရမယ့် အဆင့်တွေတော့ ကျန်ရှိနေပါသေးတယ်။

မေး။ ။ ဝန်ကြီးက ယူကေ နဲ့ ကနေဒါ ကုလသမဂ္ဂအမြဲတမ်း ကိုယ်စားလှယ်နဲ့ တွေ့ဆုံတာ တွေ့ရပါတယ်။ မြန်မာစစ်တပ်ကို အရေးယူဖို့ တောင်းဆိုခဲ့တယ်ဆိုတော့ ယူကေ နဲ့ ကနေဒါ ဘက်ကနေ ဘယ်လိုမျိုး ပြန်ကြားဆွေးနွေးမှုတွေ ရှိပါသလဲရှင့်။

ဖြေ။ ။ အဓိက ဒီလိုတွေ့ဆုံတဲ့ အရေးတွေမှာ ကျွန်မတို့ ဒီမိုကရေစီအရေးနဲ့ ကျွန်မတို့ လှုပ်ရှားမှုတွေ ထောက်ခံနေတဲ့ နိုင်ငံတွေနဲ့ ပုံမှန်တွေ့ဆုံဖြစ်ပါတယ်။ ဥပမာ ထားပါတော့ နေ့ချင်းညချင်းတော့ တော်လှန်ရေးက အပြောင်းအလဲတွေ ရှိချင်မှ ရှိမယ်၊ ဒါပေမဲ့ ၃ လလောက်ကြာတဲ့အချိန်မှာ Politically အရ update ဖြစ်တာတွေ ၊ မြေပြင်အနေအထားတွေ စသဖြင့်ပေါ့လေ ဒါတွေကို ကျွန်မတို့က ပုံမှန်လေး တွေ့ဆုံဆွေးနွေးပြီးတော့မှ မြန်မာ့အရေးကိုလည်း စဉ်ဆက်မပြတ်သူတို့ရဲ့ နိုင်ငံခြားရေးမူဝါဒတွေထဲမှာ ရှိနေအောင်လို့ ကျွန်မတို့ ကြိုးစားဆောင်ရွက်ကြတာ ဖြစ်ပါတယ်။

အဲဒီတော့ ကနေဒါတို့ ၊ ယူကေ တို့နဲ့ တွေ့တဲ့အခါမှာလည်း ယူကေ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံဖြစ်တယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးပါတယ်။ ထို့အတူ မြန်မာ့အရေးနဲ့ ပတ်သက်ရင် UK နိုင်ငံဟာ ကုလသမဂ္ဂမျက်နှာစာမှာ အတော်လေး တက်တက်ကြွကြွဆောင်ရွက်နေတဲ့နိုင်ငံလည်း ဖြစ်ပါတယ်။ ဒါကတော့ တွေ့ဆုံတဲ့အခါမှာ ကျေးဇူးတင်တာ Appreciate လုပ်တာ ပြောဖြစ်တယ်။

ပြီး‌တော့ ဒီထက်ပိုပြီးတော့ ထိထိရောက်ရောက် ဘာတွေ လုပ်နိုင်မလဲ ၊ ပြီးခဲ့တဲ့ နှစ်က ဒီဇင်ဘာမှာ ဆိုလို့ရှိရင် လုံခြုံရေးကောင်စီရဲ့ Resolution ချမှတ်ခဲ့တာ ၁ နှစ်ပြည့်ပြီပေါ့နော်။ ဒါပေမဲ့ ဘာမှ မဖြစ်လာသေးဘူး ပြောရရင် Resolution သာ ချမှတ်နိုင်တယ္။ ဒီ Resolution ကို အကောင်အထည်မဖော်တဲ့အတွက်ကြောင့်မို့လို့ ဒီ စစ်ကောင်စီကို ထပ်လောင်းပြီးတော့ သံတမန်ရေး၊ စစ်ရေး ၊ စီးပွားရေးပိတ်ဆို့မှု ဒီလိုမျိုး ဖိအားတွေကျတော့ ထိထိရောက်ရောက် မရှိသေးတာ တွေ့ရတယ်။ အထူးသဖြင့် ဒီ Resolution က အဟောသိကံ မဖြစ်ရအောင်နောက်ထပ် Action တွေ လိုပါတယ်။ ဒီလို Action တွေ ယူနိုင်အောင်လို့ တိုက်တွန်းဆွေးနွေးခဲ့တာတွေ ရှိပါတယ်။ ကနေဒါနဲ့လည်း ဒီတိုင်းဆွေးနွေးခဲ့တယ်။ ယူကေနဲ့လည်း ဒီလိုမျိုး အချက်အလက်တွေပေါ် မူတည်ပြီးတော့ ဆွေးနွေးခဲ့ပါတယ်။

မေး။ ။ ဝန်ကြီးအနေနဲ့ အမေရိကန်နဲ့လည်း ဆွေးနွေးခဲ့တာရှိလို့ သူတို့နဲ့ရော ဘယ်လို အချက်တွေဆွေးနွေးခဲ့ပြီး သူတို့ဘက်ကရော ဘယ်လိုမျိုး အကြောင်းပြန်ချက်တွေ ရှိပါသလဲရှင့်။

ဖြေ။ ။ သူတို့နဲ့လည်းပဲ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး နဲ့ ကျွန်မတို့ တွေ့ခဲ့တာ ရှိပါတယ်။ နောက်ပြီးတော့ ပြီးခဲ့တဲ့ လပိုင်းတွေကပဲ စစ်ကောင်စီရဲ့ ဘဏ် ၂ ခုကို ပိတ်ဆို့ပြီး အရေးယူခဲ့တာရှိတယ်။ ဒါကလည်း တော်တော်လေး Financially စစ်ကောင်စီကို အကျပ်ရိုက်စေတာ ဖြစ်တယ်။ ဒီလိုမျိုး ပိုက်ဆံမရှိရင် သူတို့ မြန်မာပြည်သူလူထုကို သတ်ဖြတ်ဖို့ စစ်လက်နက်ပစ္စည်းတွေ ဝယ်တဲ့အခါမှာ အကျပ်အတည်းဖြစ်မယ်။ ဒါက တစ်ဆင့်အားဖြင့် လူထုရဲ့ အသက်တွေကို ကယ်တင်နေတာပဲ ဖြစ်တယ်။

ဥပမာ ဆိုပါစို့ MOGE လိုမျိုး စွမ်းအင်ကဏ္ဍကို ပိတ်ဆို့အရေးယူဖို့ ကိစ္စတွေ Jet fuel နဲ့ ပတ်သက်လို့ လေကြောင်းတိုက်ခိုက်မှုတွေက လေယာဉ် ပျံတက်နိုင်မှုကို အနည်းဆုံးလျှော့ချနိုင်ခဲ့မယ်ဆိုရင် အရပ်သားရော၊ စစ်ဘက်ရော ခွဲခြားမှု မရှိဘဲနဲ့ လူနေအိမ်ခြေတွေရော စာသင်ကျောင်းတွေ ဆေးရုံတွေက အစပေါ့ ဒီလို အကြမ်းဖက်တိုက်ခိုက်နေတဲ့ လေကြောင်းတိုက်ခိုက်မှုတွေပေါ့။ အထူးသဖြင့် စစ်ကောင်စီရဲ့ တစ်ခုတည်းသော အားသာချက်က လေကြောင်းတိုက်ခိုက်မှုပဲ။

ဒီလေကြောင်းတိုက်ခိုက်မှုကို လျှော့ချနိုင်မှသာလျှင် ကျွန်မတို့ လူသားတွေရဲ့ အသက် အထူးသဖြင့် အရပ်သားတွေ မြန်မာပြည်သူပြည်သားတွေရဲ့ အသက်ကိုကာကွယ်ပေးနိုင်မယ်။ ဆိုတော့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဖြစ်နိုင်သမျှနည်းနဲ့ အရေးယူဆောင်ရွက်နိုင်ဖို့ အရေးယူနိုင်မယ့် နယ်ပယ်တွေမှာ လုပ်လို့ ရသေးရက်နဲ့ မလုပ်နိုင်သေးတဲ့ နယ်ပယ်တွေမှာ ကျွန်မတို့ ဖိအားပေးအရေးယူနိုင်ဖို့ ကိစ္စတွေလည်း ကျွန်မတို့ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

မေး။ ။ နိုင်ငံတကာမှာလည်း ပိတ်ဆို့မှုတွေ ရှိနေပေမယ့်လည်း စစ်ကောင်စီက အခုအချိန်အထိ ခေါင်းမာနေတုန်းဆိုတော့ ဘယ်လို ထိရောက်တဲ့ လုပ်ဆောင်မှုတွေ လုပ်ဆောင်ဖို့ ဘာတွေများ ထပ်လုပ်ဖို့ရှိမလဲ။

ဖြေ။ ။ ဟုတ်ကဲ့ ခုနပြောတဲ့ ဧရိယာတွေပါပဲ ပြောရလို့ရှိရင်တော့ ဒီလို ပိတ်ဆို့ အရေးယူမှုတွေက ဘယ်လောက်ထိရောက်သလဲဆိုတော့ မေးခွန်းရှိပါတယ်။ ကျွန်မတို့ Strategically မဟာဗျူဟာကျကျ စစ်ကောင်စီရဲ့ အရှိုက်က ဘာလဲဆိုတာကို သေသေချာချာ ရှာဖွေပြီးတော့ ထိရောက်တဲ့ အရေးယူပိတ်ဆို့မှုတွေ သေချာပေါက် ဒါဟာ စစ်ကောင်စီအတွက် ဖိအားဖြစ်လာမှာ သေချာတယ်။

ဘာလို့ အခုအချိန်ထိ မရပ်တန့်သေးလဲဆို‌တော့ သူတို့မှာ Space တွေ ကျန်နေသေးလို့ဆိုတာ ကျွန်မတို့ ရှင်းရှင်းလင်းလင်းပြောလို့ ရပါတယ်။ သူတို့ထိုက်သင့်တဲ့ အပြောင်းအလဲကို ဖြစ်စေနိုင်တဲ့ လုံလောက်တဲ့ ဖိအားမျိုး မရသေးဘူးလို့ တွက်ဆလို့ရတယ်။ ဒါကြောင့်မို့လို့ လုံလောက်တဲ့ ဖိအားမျိုး ဖြစ်အောင်လို့ နိုင်ငံတကာက ဖိအားပေးနိုင်ဖို့၊ ဒါက ပြည်တွင်းမှာ ကျတော့ CDM တွေ သပိတ်ကော်မတီတွေ နည်းပေါင်းစုံနဲ့ စစ်ရေး နိုင်ငံရေး အုပ်ချုပ်ရေး Social Punishment က စလို့ ပြည်တွင်းမှာလည်း မြန်မာနိုင်ငံသားတွေက ကြိုးစားအားထုတ်နေတဲ့ အားလျော်စွာ ဟန်ချက်ညီညီနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်းပဲ ထိရောက်တဲ့ ပိတ်ဆို့အရေးယူမှုတွေ၊ ဖိအားပေးမှုတွေကို ပိုလုပ်ဖို့ ဟန်ချက်ညီဖို့ လိုတယ်။

အဲဒါကို အဓိက ထားပြီးတော့တိုက်တွန်းပါတယ်။ ဘာလို့ စစ်ကောင်စီက အခုအချိန်အထိ ဘာကြောင့် မပြောင်းလဲသေးလဲ လိုက်ပါဆောင်ရွက်ခြင်းမရှိသေးလဲဆိုလို့ရှိရင် သူလုံလောက်တဲ့ ဖိအားမရသေးလို့လို့ ကျွန်မတို့ ကောက်ချက်ဆွဲလို့ရတယ်။ ဒါကြောင့် နိုင်ငံတကာကို ကျွန်မတို့က ဒီထက် လုံလောက်တဲ့ ပြင်းထန်တဲ့ ဖိအားတွေ ပေးဖို့လို့ တိုက်တွန်းဆွေးနွေးနေရတာ ဖြစ်ပါတယ်။

မေး။ ။ ဒီတော်လှန်ရေးကလည်း ၂ နှစ်ကျော်လာပြီ။ အခုလိုမျိုးပိတ်ဆို့မှုတွေ ထိရောက်တဲ့ လုံလောက်တဲ့ ဖိအားတွေ ဖြစ်လာဖို့အတွက် လုပ်နေတာလည်း ရှိတယ်။ တခြားတစ်ဖက်မှာလည်း NUG အစိုးရကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုရေးအပိုင်းနဲ့ပတ်သက်ပြီးတော့ မေးချင်ပါတယ်။ ဘယ်နိုင်ငံတွေက NUG အစိုးရကို အသိအမှတ်ပြုတဲ့ အနေအထား လက်ခံတဲ့ အပိုင်း ရောက်ရှိလာပြီလား၊ အဲဒီအပိုင်းကိုလည်း ပြောပြပေးပါဦးရှင့်။

ဖြေ။ ။ ဒီမှာတော့ ၂ ပိုင်းရှိတယ်ပေါ့။ ပြည်သူလူထုရဲ့ Representative အနေနဲ့ လက်ခံတွေ့ဆုံတာနဲ့ ခုနပြောသလို နိုင်ငံတကာ convention တွေ အရရော အစိုးရတစ်ရပ်အနေနဲ့ ထိတွေ့ဆက်ဆံတဲ့ အရရော ဒါကတော့ အမျိုးမျိုးပေါ့။ နိုင်ငံအတော်များများကတော့ သူတို့က အစိုးရကို ဆက်ဆံတာ မဟုတ်ဘူး။ State ပေါ့ နိုင်ငံအချင်းချင်း ဆက်ဆံတာလို့ ပြောကြတယ်။ တရားဝင်မှုနဲ့ ပတ်သက်လို့ရှိရင် ကျွန်မတို့ အနေအထားကကျတော့ ဘယ်လို ဖြစ်နေသလဲဆို‌တော့ ။ Representation ကို State ကို ဘယ်သူက ကိုယ်စားပြုနိုင်သလဲဆိုတဲ့ issue ဖြစ်တယ်။

အဲဒီအခါမျိုးမှာတော့ အခု အားလုံး အဲဒီအခြေခံကနေ ချဉ်းကပ်မယ်ဆိုလို့ရှိရင် စစ်ကောင်စီဟာ နိုင်ငံတော်နဲ့ နိုင်ငံသားတွေကို နိုင်ငံတကာမှာ ကိုယ်စားပြုခွင့်မရတာ အင်မတန်သေချာပါတယ်။ ဥပမာ အားဖြင့် ပြောမယ်ဆိုရင် New York မျက်နှာစာမှာ ဆိုလို့ရှိရင် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြီးခဲ့တဲ့ နှစ်တွေက တောက်လျှောက် တစ်နှစ်ချင်းစီတော့ တိုးရတာပေါ့။ မြန်မာ သံအမတ်ကြီး အဖြစ်နဲ့ မြန်မာပြည်သူလူထုရော နိုင်ငံတော်ရဲ့အချုပ်အချာ အာဏာရော ကိုယ်စားပြုပြီး‌တော့ ဆက်ပြီးတော့ ရှိနေတယ်။ ဒါကတော့ ကျွန်မတို့ ပြည်သူ့အချုပ်အခြာအာဏာကို အသိအမှတ်ပြုတယ် ကိုယ်စားပြုခွင့်ရနေတဲ့ ထိန်းသိမ်းထားနိုင်တဲ့ နယ်ပယ်တစ်ခုလို့ ပြောလို့ရတယ်။

ထို့အတူပဲ တခြားသော နိုင်ငံတွေ စစ်အာဏာသိမ်းမှုကို အာဆီယံနိုင်ငံတွေကပါ လက်မခံတာ တွေ့ရပါလိမ့်မယ်။ ဒါကြောင့်မို့လို့ အခုချိန်အထိ ASEAN ဘုံသဘောတူညီချက် ၅ ချက်ကိုတော့ အကောင်အထည်မဖော်နိုင်သေးဘူး။ ဒါပေမဲ့ အာဆီယံက ဘာကို ဆက်ပြီးတော့ ထိန်းသိမ်းထားဆဲ ဖြစ်သလဲဆိုတော့ ဒါကို တိုးတက်မှုရှိအောင် မလုပ်နိုင်သရွေ့ Political Representation ပေါ့ နိုင်ငံရေးအရ ကိုယ်စားပြုခွင့်မပေးတဲ့ မူကို ဆုံးဖြတ်ချက်ကို ဆက်ပြီးတော့ ကိုင်ဆွဲထားဆဲပဲ ဖြစ်တယ်။ ဒါကို ကြည့်ချင်းအားဖြင့်တော့ တချို့ဟာတွေက Vacancy ဖြစ်နေတာ ရှိတယ်။ စစ်ကောင်စီလည်းတက်ခွင့်မရဘူး။ NUG လည်းတက်ရောက်ခွင့်မရတာမျိုးတွေ ရှိတယ်။ ဒါပေမဲ့ တစ်ဖက်မှာကျတော့ People Representation လို့ခေါ်တဲ့ People Voice ကို ဘယ်သူက ကိုယ်စားပြုနေလဲဆိုတာကိုတော့ နိုင်ငံတကာက ကောင်းကောင်းသိတယ်။

အဲဒီလို ကိုယ်စားပြုမှု ၊ ပြည်သူလူထုရဲ့ စစ်မှန်တဲ့ အသံကို ကိုယ်စားပြုမှုတော့ ရှိနေတယ်။ အဲဒီအသံတွေကို နားထောင်ကြည့်ရင်းနဲ့ နိုင်ငံတွေ အစိုးရတွေရဲ့ အသံ ထို့အတူ မြေပြင်က လှုပ်ရှားဆောင်ရွက်နေကြတဲ့ သပိတ်ကော်မတီတွေရဲ့ အသံ ၊ ထို့အတူ မဟာမိတ်လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ အသံတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့်နားထောင်နေတာ ရှိပါတယ်။ ဒါကို ကြည့်ချင်းအားဖြင့် ကျွန်မတို့ အသိအမှတ်ပြုမှု ချိန်ခွင်လျှာကို ကြည့်မယ်ဆိုလို့ရှိရင် စစ်မှန်တဲ့ အသံကို ကိုယ်စားပြုနေတာဟာ ကျွန်မတို့ NUG နဲ့ တော်လှန်a&; အင်အားစုတွေ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မြင်ကြတယ်။

မြင်တဲ့အလျောက်လည်း နိုင်ငံတွေက ထိတွေ့ ဆက်ဆံနေတာတွေ ရှိလာပါတယ်။ ဒီလို ထိတွေ့ဆက်ဆံတဲ့ နိုင်ငံတွေ အဖွဲ့အစည်းတွေက ပိုမိုပြီးတော့ များပြားလာတာ ကျွန်မတို့ မြင်နိုင်တယ်။ အရင်တုန်းကတော့ ဥရောပတို့ အမေရိကတို့ကလောက် ဖြစ်ပေမယ့် နောက်ပိုင်း အာရှဘက်ရော ဒေသတွင်းနိုင်ငံတွေကလည်းပဲ သူတို့ရဲ့ Mandate ကို အကောင်အထည်ဖော်ဖို့ အာဆီယံရဲ့ 5 point consensus ကို အကောင်အထည်ဖော်ဖို့ State holder အစုံနဲ့ တွေ့ရမယ်ဆိုတဲ့ အခြေခံပေါ်မှာ မူတည်ပြီးတော့ တွေ့ဆုံခဲ့ကြတာတွေ ရှိတယ်။ တီမောလို နိုင်ငံမျိုးက တရားဝင်ခရီးစဉ်ဖိတ်ကြားခဲ့တာရှိသလို UK နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးအနေနဲ့လည်း နိုင်ငံတော်အလံ ၊ ယူကေ နိုင်ငံတော် အလံ မြန်မာနိုင်ငံတော် အလံနဲ့ ခင်းကျင်းပြီးတော့ တွေ့ဆုံဆွေးနွေးခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ဒါတွေကတော့ တိုးတက်မှုတွေတော့ ပြောလို့ရတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် တရားဝင်အစိုးရအနေနဲ့ အသိအမှတ်ပြုပြီးတော့ တူတူတန်တန် ကျွန်မတို့ ဆက်ဆံနိုင်ဖို့ကတော့ မြေပြင်အခြေအနေတွေက ပိုအရေးကြီးပါတယ်။ မြေပြင်မှာ ကျွန်မတို့ ဘယ်လောက်ထိန်းနိုင်တယ်။ မြေပြင်မှာ နိုင်ငံရေးအရ အသာစီး ရနိုင်လဲ။ ကျွန်မတို့ နိုင်ငံရေးအပြောင်းအလဲကို ကျွန်မတို့ တော်လှန်ရေး အင်အားစုတွေ လိုလားတဲ့အတိုင်း ဘယ်လောက်လုပ်နိုင်လဲဆိုတာ အခြေခံပြီးတော့ တစ်ဖက်က အနေအထားတွေက ပိုပြီးတော့ တက်လာမှာ ဖြစ်ပါတယ်။

မေး။ ။ တရားဝင်အသိအမှတ်ပြုမှုဟာ မြေပြင်အနေအထားနဲ့ တိုက်ရိုက်ဆက်စပ်နေတာမျိုးဖြစ်နေတော့ အခု ဝန်ကြီးလည်း နိုင်ငံတကာက ကမ္ဘာ့နိုင်ငံကြီးတွေနဲ့ စဉ်ဆက်မပြတ်တွေ့ဆုံမှု‌တွေ ရှိလို့ ဝန်ကြီးတို့ဘက်ကလည်း ဒဏ်ခတ်ပိတ်ဆို့မှုအတွက် သံတမန်ရေးရာ ဖိအားပေးမှုတွေ ရှိသလို နိုင်ငံတကာဘက်ကလည်း ဝန်ကြီးတို့ NUG အစိုးရဘက်ကို ဘယ်လိုမျိုးတိုက်တွန်းချက်တွေ ရှိပါသလဲရှင့်။

ဖြေ။ ။ အဓိက သူတို့ကတော့ မြေပြင်အခြေအနေတွေကို သိချင်တာများတယ်။ ဒီအဖြေက ဘယ်လို အဖြေမျိုးရှာဖွေဖို့ ကျွန်မတို့မှာ ရှိသလဲပေါ့။ ကျွန်မတို့မှာ တိုင်းပြည်ကို အသစ် ပြန်လည်တည်ဆောက်ကြရမယ်။ ၂၀၀၈ အောက်ကနေ သွားဖို့ ဘယ်လိုမှမဖြစ်တော့ဘူး ။ ဒီလို အခြေအနေတွေ နိုင်ငံတကာကိုလည်း ပွင့်ပွင့်လင်းလင်းပြောခဲ့တာရှိတယ်။ ပြောနေဆဲဖြစ်တယ်။ ထို့အတူ Federal democracy စနစ်ကို ထူထောင်တဲ့အခါမှာ အစိုးရစဖွဲ့စဉ်အခါက Federal Democracy Charter အရ ဖွဲ့စည်းခဲ့တာဖြစ်တယ်။ ၂၀၀၈ ရဲ့ အလွန် ကျွန်မတို့ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေတစ်ရပ်လိုတယ်။

ဒီအခြေခံဥပဒေသစ်ရဲ့အောက်မှာပဲ ကျွန်မတို့ ရွေးကောက်ပွဲတွေ လုပ်မယ်ဆိုလို့ရှိရင် တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲတွေပေါ့ ဒီနိုင်ငံရေးအဖြေရှာပြီးမှသာလျှင် ဒီလို သွားနိုင်မယ့်ဆိုတဲ့ဟာတွေ နောက်တစ်ခုကကျတော့ လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေးပေါ့။ စစ်တပ်ပြုပြင်ပြောင်းလဲရေးပေါ့။ ဒီဟာကလည်းမဖြစ်မနေ လုပ်ကို လုပ်ရမယ့် ဧရိယာတစ်ခုဖြစ်တယ်။ အဲဒီတော့ ဒီဟာတွေကို တော်လှန်ရေးရဲ့ ပန်းတိုင်အနေနဲ့ တိုင်းပြည်ရဲ့ Sustainable conclusion ပေါ့ ရေတို ဆေးမြီးတိုနဲ့ ကုလို့ မရတော့ဘူးဆိုတာ အင်မတန်သေချာတယ်။

ကုခဲ့လို့လည်းပဲ စစ်တပ်က အာဏာသိမ်းတာမျိုးတွေ ဖြစ်တာပေါ့။ ဒီလိုမျိုးတွေ မဖြစ်ရအောင် ကျွန်မတို့က တာရှည်ခံတဲ့ တကယ့်အဖြေကို ရှာဖို့လို့ ကြိုးစားဆောင်ရွက်ကြတာ ဖြစ်တယ်။ ဘာလို့ဆို ဒီအခင်းအကျင်းတွေနဲ့ ပတ်သက်ပြီးတော့ ကျွန်မတို့ နိုင်ငံတကာကို ပြည်တွင်းနိုင်ငံရေးအခြေနေတွေနဲ့ ပတ်သက်လို့ ကျွန်မတို့ရဲ့ လိုလားချက် မျှော်မှန်းချက်တွေနဲ့ ပတ်သက်ပြီးတော့ရယ် အခု တော်လှန်ရေးကလည်း ဒီမျှော်မှန်းချက်တွေ အပေါ်မှာပဲ ဒီပန်းတိုင်တွေ အပေါ်မှာပဲ အခြေခံပြီးသွားနေတာ ဖြစ်တယ်။ နောက်တစ်ခုက Accountability ပေါ့ ဒီ Crime တွေကို တောက်လျှောက်ကျူးလွန်နေတဲ့ သူတွေအတွက် တရားမျှတမှု ပြန်လည်ဖော်ဆောင်ဖို့ ကိစ္စတွေ။

ဒီဟာတွေ နယ်ပယ်ကိုလည်း ကျွန်မတို့က လုပ်ကိုလုပ်သွားမှသာလျှင် ခုနပြောတဲ့ အားလုံးအတွက် မျှတတဲ့အဖြေ Sustain ဖြစ်တဲ့ အဖြေကို ရမှာဖြစ်တယ်။ ဒီအခင်းအကျင်းပေါ်မှာ ဒီဖြစ်စဉ်တွေပေါ်မှာ အခြေခံပြီးတော့ ကျွန်မတို့ ဆွေးနွေးတယ်။ နိုင်ငံတကာကလည်း ကျွန်မတို့တွေ ကိုယ့်အဖြေကို ဘယ်လိုရှာဖို့ စဉ်းစားထားလဲဆိုတဲ့အပေါ်မှာ စိတ်ဝင်စားကြပြီးတော့ ဒီကိစ္စအပေါ်မှာ အပြန်အလှန်ဖလှယ်ပြီးတော့ ဆွေးနွေးတာတွေ ရှိပါတယ်။

မေး။ ။နိုင်ငံခြားရေးဝန်ကြီးဌာနဟာ ဖက်ဒရယ် ပဋိဉာဉ်ပေါ် မူတည်ပြီးတော့ လုပ်ကိုင်ဆောင်ရွက်တာတွေရှိတယ်။ တိုင်းရင်းသားတွေနဲ့ ညှိနှိုင်းဆွေးနွေးတာတွေ ရှိတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ရေးဆွဲရေးအပိုင်းတွေ ပြောသွားတာရှိတော့ ဝန်ကြီးတို့ NUG အစိုးရမှာရော ဒီအပိုင်းတွေ လုပ်ဆောင်နေတာ ရှိလား။ ဒါနဲ့ ပတ်သက်ပြီး နိုင်ငံတကာကို ဝန်ကြီးတို့ အစိုးရက ဒါတွေ လုပ်တယ်ဆိုတာမျိုးနဲ့ ပတ်သက်လို့ ပြောပြသလား။

ဖြေ။ ။ ကျွန်မတို့ရဲ့နိုင်ငံရေးလမ်းပြမြေပုံ ဖက်ဒရယ် Charter ထဲမှာပါတဲ့ အဆင့်အလိုက် ကျွန်မတို့ သွားနေတာ ဖြစ်တယ်။ အခု ကျွန်မတို့က ကြားကာလအစိုးရဖြစ်တယ်။ ဒီကြားကာလမှာ ကျွန်မတို့က အသွင်ကူးပြောင်းရေးကာလကို မသွားသေးဘူး။ တကယ်လို့ ဒီ စစ်အာဏာရှင်စနစ်ကို အဆုံးသတ်ပြီးတော့ အသွင်ကူးပြောင်းရေးကာလကို ဖြတ်သန်းတဲ့အခါမှာ Transitional Arrangement အသွင်းကူးပြောင်းရေးကာလ အစီအမံမျိုးတွေက လိုအပ်တယ်။ ဒီအတွက် ကျွန်မတို့ ပြင်ဆင်ဆွေးနွေးနေတာတွေ ရှိတယ်။

ပြင်ဆင်ဆွေးနွေးတဲ့အခါမှာ NUG တစ်ဖွဲ့တည်းမဟုတ်ဘူး ။ တစ်စုတစ်ဖွဲ့ကတော့ အစပြုရတာပေါ့လေ။ စဉ်းစားထားချက်တွေ၊ Federal Charter နဲ့တိုက်ဆိုင် ညှိနှိုင်းပြီးတော့ရော နောက်ပြီးတော့ တခြားသော State holder တွေရဲ့ အကြံဉာဏ်တွေ သဘောထားတွေ ဒါတွေကိုလည်း ကျွန်မတို့က Consult လုပ်ရတာပေါ့နော်။ ကျယ်ကျယ်ပြန်ပြန့် ဆွေးနွေးရတာပေါ့။ အဲဒီလို ဆွေးနွေးနိုင်ဖို့ဆိုလို့ရှိရင် အခြေခံစဉ်းစားထားတဲ့ စဉ်းစားချက် ကျွန်မတို့မှာ ရှိဖို့လိုတယ်။ အဲဒီလိုမျိုးတော့ ပြင်ဆင်ထားတာရှိတယ်။ NUCC ထဲမှာတော့ introduce လုပ်ထားတာ ရှိပါပြီ။ ဒါတွေက ကျွန်မတို့က တည်ထားတာပဲ ဖြစ်ပြီးတော့ ဆုံးဖြတ်ချက်မဟုတ်သေးဘူး။

ဒီအပေါ်မှာ အားလုံးရဲ့ အသံကို နားထောင်ပြီးတော့ ခုနပြောတဲ့ အသွင်ကူးပြောင်းရေးကာလမှာ ဘယ်လို ဆက်တင်နဲ့ သွားကြမလဲဆိုတာကို ဆွေးနွေးဖို့ ပြင်ဆင်ထားတာ ရှိပါတယ်။ ဒါကတော့ ခုနပြောသလိုမျိုး ကျွန်မတို့ သွားမယ့် နိုင်ငံရေး လမ်းကြောင်းအတွက် ကျွန်မတို့ အင်အားစုတွေ ကြားထဲမှာ ကြိုတင်ဆွေးနွေးထားခါမှ တော်ကာကျမယ်လို့ ကျွန်မတို့ မြင်တယ်။ သဘောထားကွဲလွဲတာတွေ မတူညီတာတွေလည်း ရှိနိုင်ပါတယ်။ အချိန်မတိုင်ခင် မဆွေးနွေးသင့်တာ ဆွေးနွေးမိရင်လည်းပဲ သဘောထားကွဲလွဲမှုတွေနဲ့ ညီညွတ်မှုကို ထိခိုက်တာတွေ ဖြစ်နိုင်တယ်ပေါ့။ ဒ

ါပေမဲ့ Timing ကတော့ အရေးကြီးတယ်လို့ ကျွန်မတို့ မြင်တယ်။ သို့သော်လည်း တော်လှန်ရေးက တစ်ဖက်မှာ မြေပြင်မှာလည်းပဲ စစ်ကောင်စီကိုပိုပြီးတော့ ဖိအားပေးလာနိုင်တယ်။ သူ့ဘာသာသူလည်း စစ်ကောင်စီ သူ့အချင်းချင်း မတည်မငြိမ်ဖြစ်လာတဲ့ အနေအထားမျိုးမှာ ကျွန်မတို့က နိုင်ငံရေးအရ ဘာဖြစ်ရင် ဘာလုပ်မလဲဆိုတာ ပြင်ဆင်ထား စဉ်းစားထားဖို့တော့ လိုအပ်ပါတယ်။

အဲဒီတော့ အဲဒီ စဉ်းစားထားချက်တွေတော့ ကျွန်မတို့မှာ ရှိတယ်။ စဉ်းစားထားချက်တွေကိုလည်း ကျွန်မတို့ရဲ့ ဆွေးနွေးဖက်တွေနဲ့ သူတို့ကို inform လုပ်တယ်။ introduce လုပ်တယ်။ လုပ်ပြီးတော့ အကြံဉာဏ်တွေ တောင်းပြီးတော့ ဆက်ပြီးတော့ အကြံဉာဏ်တောင်းခံပြီးတော့ ပူးပေါင်းဆောင်ရွက်လို့ရတဲ့ နယ်ပယ်တွေမှာ ဆက်ပြီးတော့ ဆောင်ရွက်ဖို့ ကျွန်မတို့ ပြင်ဆင်ထားတာတွေတော့ ရှိနေပါတယ်။ ဆိုတော့ ဒါကတော့ ကျွန်မတို့ Political Progress နဲ့ ပြင်ဆင်ထားတဲ့ အချက်တွေပါ။ ဒါတွေကိုလည်း တချို့သံတမန်တွေကစိတ်ဝင်စားတဲ့အခါတွေမှာ ကျွန်မတို့ မျှဝေဆွေးနွေးတာလည်း ရှိပါတယ်။

မေး။ ။ သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ပတ်သက်ပြီး မေးချင်တာပါရှင့်။ အခု လက်ရှိ ကုလသမဂ္ဂ Credentials Committee က နောက်ထပ်သက်တမ်းအတွက် တရားဝင်အတည်ပြုလိုက်ပြီလား။ ဝန်ကြီးတို့ အနေနဲ့ ဘယ်လိုများ သိထားပါသလဲရှင်။

ဖြေ။ ။ Credentials Committee က ဆုံးဖြတ်ဖို့ဆိုလို့ရှိရင် Credentials Committee က နှစ်စဉ် အသစ်ပြန်ဖွဲ့တာပေါ့နော်။ အမြဲတမ်းအဖွဲ့ဝင်တွေ ရှိတယ်။နောက်ပြီးတော့ အလှည့်ကျအဖွဲ့ဝင်တွေ ရှိတယ်။ ဆိုတော့ အလှည့်ကျအဖွဲ့ဝင်တွေက နှစ်အလိုက်ပြောင်းတဲ့အခါကျတော့ အခု GA ကနေပြီးတော့ Credentials Committee တော့ အသစ်ဖွဲ့လိုက်ပြီပေါ့။ ဒါပေမဲ့ Credentials Committee ရဲ့ အစည်းအဝေးထိုင်ဖို့ လိုပါသေးတယ်။ ပထမ အစည်းအဝေးထိုင်ပြီးတဲ့အချိန်မှာမှ သူတို့က အစည်းအဝေးဆုံးဖြတ်ချက်နဲ့ ဆုံးဖြတ်ချက်ကို ပေးမှာ ဖြစ်ပါတယ်။

လောလောဆယ်တော့ အစည်းအဝေးမထိုင်ရသေးဘူး။ ဒါပေမဲ့ ကျွန်မတို့ Pattern တွေ အခင်းအကျင်းတွေအရ ကြည့်မယ်ဆိုလို့ရှိရင်တော့ မနှစ်က လိုပုံစံ မျိုး သွားနေတာတော့ တွေ့ရတယ်။ ဒါကြောင့် တရားဝင်တော့ မထွက်သေး ပေမယ့် ကျွန်မတို့ အကောင်းမြင်ပါတယ်။ အခြေအနေ ကောင်း မယ်လို့ မျှော်လင့်ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article