27 C
Yangon

ပြည်သူကို ခေတ်အဆက်ဆက် ဒုက္ခပေးနေတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ တရုတ်ကုမ္ပဏီများရဲ့ အခန်းကဏ္ဍ

Must read

ပြည်သူကို ခေတ်အဆက်ဆက် ဒုက္ခပေးနေတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ တရုတ်ကုမ္ပဏီများရဲ့ အခန်းကဏ္ဍ

By လမ်းသစ်

“အိမ်နီးချင်းနိုင်ငံတွေက လာရောက်ရင်းနှီးမြှုပ်နှံထားတဲ့ အကျိုးစီးပွားတွေကို တိုက်ခိုက်ဖို့ဆိုတာ ကျွန်တော်တို့မှာ ပေါ်လစီ မရှိပါဘူး”

လွန်ခဲ့တဲ့ တနှစ်ခွဲကျော်အကြာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလအတွင်း NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က သတင်းဌာနတစ်ခုကို ပြောခဲ့တာပါ။

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်မှာရှိတဲ့ တကောင်းနီကယ်စက်ရုံကို ဓာတ်အားပေးနေတဲ့ လျှပ်စစ်တာဝါတိုင်တွေကို ဒေသအခြေစိုက် PDF တပ်ဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ်အပြီးမှာ NUG ဘက်က အဲ့ဒီလို ထုတ်ပြောခဲ့တာလည်း ဖြစ်ပါတယ်။

တကောင်းနီကယ်စက်ရုံ တိုက်ခိုက်ခံရမှုအပြီးမှာ တရုတ်အစိုးရက NUG ကို ဆက်သွယ်လာပြီး မြန်မာနိုင်ငံတွင်းက တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ စီးပွားရေး စီမံကိန်းတွေကို မတိုက်ခိုက်ဖို့ ဆွေးနွေးခဲ့တယ် ဆိုတဲ့သတင်းတွေ လည်းကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပါသေးတယ်။

ဒါ့အပြင် အခုနှစ်အတွင်း မကြာသေးခင်လ အနည်းငယ်ကလည်း ရှမ်းမြောက်အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေက နိုင်ငံခြားရင်းနှီးမြှုပ်မှု လုပ်ငန်းတွေကို တိုက်ခိုက်မှုမလုပ်ဖို့ ထုတ်ပြောခဲ့တာမျိုး တွေကိုကြည့်ရင် တရုတ်ဟာ မြန်မာပြည်တွင်းက သူ့ရဲ့ရင်းနှီးမြှုပ်နှံမှုတွေ ထိခိုက်မှာ စိုးရိမ်နေကြောင်း ပေါ်လွင်ပါတယ်။

ဒါဆိုရင် တရုတ်အစိုးရ အပါအဝင် မြန်မာနိုင်ငံတွင်းက တရုတ်ပိုင်စီမံကိန်းတွေကို တာဝန်ယူနေသူတွေ၊ တရုတ်စီးပွားရေး လုပ်ငန်းရှင်တွေကရော မြန်မာလူထုရဲ့ တောင်းဆိုချက်၊ တော်လှန်ရေး အင်အားစုတွေရဲ့ သတိပေးတိုက် တွန်းချက်တွေကို လိုက်နာသတိပြုနေပါရဲ့လား ဆိုတာ မေးစရာ ဖြစ်လာပါတယ်။

လတ်တလောကာလ အနည်းငယ်အတွင်း လူပြောများပြီးပွဲဆူနေတဲ့ လက်ပံတောင်းစီမံကိန်း လုပ်ကိုင်ခွင့်ရ တရုတ်ကုမ္ပဏီတွေ ဖြစ်တဲ့ ဝမ်ပေါင်နဲ့ ယန်စီတို့ရဲ့ လုပ်ရပ်တွေကို ကြည့်ရင်ပဲ အဲ့ဒီမေးခွန်းရဲ့အဖြေကို ရနိုင်ပါတယ်။

စစ်ကိုင်းတိုင်း လက်ပံတောင်း ဒေသခံတွေအပေါ် စစ်ကောင်စီက ကျူးလွန်နေတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေမှာ ဝမ်ပေါင်-ယန်စီကုမ္ပဏီတွေက ပူးပေါင်းပါဝင်နေတဲ့ အခြေအနေတွေအပေါ် ဒေသခံတွေနဲ့ အာဏာရှင် ဆန့်ကျင်ရေး သပိတ်အင်အားစုတွေက စက်တင်ဘာ ၂၀ ရက်မှာ သတင်းစာ ရှင်းလင်းပွဲလုပ်ပြီး အသိပေးခဲ့ပါတယ်။

အာဏာမသိမ်းခင်က ဒေသခံတွေ ဓားမဦးချ လုပ်ကိုင်ခဲ့တဲ့ လယ်ယာမြေတွေနဲ့ အိမ်ခြံမြေတွေကို အတင်းအဓမ္မ သိမ်းယူတာကြောင့် ပဋိပက္ခတွေ အမြဲလိုလို ဖြစ်ခဲ့ရတဲ့ ကြေးနီစီမံကိန်းတွေဟာ အာဏာသိမ်းပြီးနောက်မှာတော့ ဒေသခံတွေ အကြမ်းဖက်တိုက်ခိုက်ခံရ၊ မီးရှို့ခံရမှုတွေရဲ့ ဗဟိုချက်မသဖွယ် ဖြစ်လာပါတယ်။

ကြေးနီစီမံကိန်းတွေ ရပ်ထားတယ်ဆိုပြီး ဝမ်ပေါင်၊ ယန်စီကုမ္ပဏီတွေက သတင်းလွှင့်ခဲ့ပေမယ့် အဲ့ဒီစီမံကိန်းတွေ အနီးတဝိုက်က ကျေးရွာတွေဟာ မကြာခဏ စစ်ကြောင်းထိုး မီးရှို့မှုတွေနဲ့ ကြုံခဲ့ကြရတယ်ဆိုတာ လူမှုသတင်းစာမျက်နှာတွေပေါ်မှာ တွေ့ရပါတယ်။

ဒါ့အပြင် လွန်ခဲ့တဲ့လ အနည်းငယ်အတွင်း လက်ပံတောင်စီမံကိန်း အရှေ့ဖက် ဝက်မှေးရွာဟောင်းမှာ စစ်ကောင်စီတပ် အကူအညီနဲ့ ဝမ်ပေါင်ကုမ္ပဏီက မြေယာတိုးချဲ့ သိမ်းယူမှုတွေ၊ နေအိမ်တွေကို အတင်းအဓမ္မ ခြိမ်းခြောက်ဖယ်ရှားစေတာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောထားကြပါတယ်။

ဒါကြောင့် စက်တင်ဘာ ၂၀ရက်က သတင်းစာရှင်းလင်းပွဲ မတိုင်မီ ဒေသခံတွေက ဝမ်ပေါင်-ယန်စီကုမ္ပဏီတွေကို ဆန္ဒပြမှု ခြောက်ကြိမ်ထက်မနည်း လုပ်ခဲ့ကြသလို စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်အင်အားစုတွေကလည်း ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး သတိပေး ထုတ်ပြန်ချက်တွေ ဆက်တိုက်ဆိုသလို ထုတ်ပြန်ခဲ့ကြပါတယ်။

ဒေသခံတွေကတော့ ဝမ်ပေါင်နဲ့ ယန်စီကုမ္ပဏီတွေဟာ စစ်ကောင်စီအတွက် စစ်အခြေစိုက်စခန်းတွေလို ဖြစ်လာနေပြီး စီမံကိန်းလုံခြုံရေး နာမည်ခံပြီး တပ်တွေစွဲထားကြပေမယ့် အဲ့ဒီတပ်တွေဟာ အနီးအနားက ကျေးရွာဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်၊ မီးရှို့တာတွေ လုပ်နေတယ်လို့ ပြောကြပါတယ်။

ဒီလိုအခြေအနေတွေ ဖြစ်နေတာဟာ ကုမ္ပဏီတွေအနေနဲ့ စစ်ကောင်စီနဲ့ အပြည့်အဝ ပူးပေါင်းနေတာကြောင့် ဖြစ်တယ်လို့လည်း ဝေဖန်ကြပါတယ်။

“စစ်ကောင်စီက မြန်မာယန်စီ ဝမ်ပေါင်ကုမ္ပဏီမှာ စစ်အခြေစိုက်စခန်း သဖွယ်ပြုနေသလို ကုမ္ပဏီက အပြည့်အဝ ပူးပေါင်းနေတာကို တွေ့မြင်နေရပါတယ်” လို့ လက်ပံတောင်းဒေသခံ မဇင်မာက စက်တင်ဘာ ၂၀ ရက်က လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

တရားဝင် အချက်အလက်တွေအရ ဝမ်ပေါင်ကုမ္ပဏီဟာ တရက်ကို သတ္တုတန် ၃၀၀ လောက်ထွက်ပြီး အမေရိကန် ဒေါ်လာနှစ်သန်း လောက် နေ့စဉ် ရရှိနေသလို ယန်စီကုမ္ပဏီကတော့ တရက် သတ္တုတန် ၁၅၀ ထွက်ပြီး ကန်ဒေါ် လာ တသန်းလောက် နေ့စဉ်ဝင်ငွေ ရနေတာပါ။

အဲ့ဒီဝင်ငွေတွေကတဆင့် စစ်ကောင်စီအတွက်လည်း ဒေါ်လာသန်းပေါင်းစွာ ရှာဖွေနိုင်မှာဖြစ်ပြီး ဒီငွေတွေကို စစ်ကောင်စီ စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူဖို့ အသုံးနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

စီမံကိန်းနယ်မြေတွေအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေရဲ့ စစ်ကြောင်းထိုးမီးရှို့မှု၊ ဖမ်းဆီးနှိပ်စက် ညှင်းပန်မှု၊ သတ်ဖြတ်မှုတွေကို လက်ပံတောင်းဒေသ ကျေးရွာပေါင်း ၂၆ ရွာ လောက်က ဒေသခံတွေ ခါးစည်းခံနေကြရတာပါ။

ဒါ့အပြင် အဲ့ဒီစီမံကိန်းကနေ ရလာတဲ့ ဒေါ်လာဝင်ငွေတွေကတော့ ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ တိုက်ခိုက်သတ်ဖြတ်မှုတွေအတွက် အရင်းအမြစ်တခု ဖြစ်နေပါတယ်။

တရုတ်ကုမ္ပဏီတွေအနေနဲ့ ဒီလိုအခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီတပ်တွေကို လွှဲချကာ သူတို့နဲ့မဆိုင်သလို ဟန်ဆောင်နေပေမယ့် တကယ်တမ်းမှာ ကုမ္ပဏီတွေကိုယ်တိုင်က နောက်ကွယ်ကနေ ကြိုးကိုင်ထောက်ပံ့ပေးနေတာ လို့လည်း ဒေသခံတွေက ယူဆကြပါတယ်။

စစ်အာဏာသိမ်းမှုကို သပိတ်လှုပ်ရှားမှုတွေနဲ့ ဆန့်ကျင်ကန့်ကွက်နေတဲ့ အထွေထွေ သပိတ်ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု (GSCB) ရဲ့ အချက်အလက်တွေ အရဆိုရင် လက်ပံတောင်းစီမံကိန်း အနီးဝန်းကျင်မှာ ဖမ်းဆီးသတ်ခံရတဲ့ ဒေသခံ အရေအတွက် ၃၀ လောက်အထိ ရှိနေတယ်လို့ သိရပါတယ်။

ဝမ်ပေါင်ကုမ္ပဏီထဲမှာ အကြမ်းဖက် စစ်ကောင်စီတပ်သား အင်အား ရာနဲ့ချီ တပ်စွဲထားတဲ့အပြင် ပျူစောထီးခေါ် အကြမ်းဖက်အဖွဲ့တွေကိုလည်း စစ်သင်တန်းတွေ ပေးနေတာရှိတယ်လို့ အထွေထွေ သပိတ်ပေါင်းစပ် ညှိနှိုင်းရေးအင်အားစု (GSCB) က ဩဂုတ် ၁၇ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဆားလင်းကြီးဒေသ အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တခုက ဩဂုတ်လအတွင်းမှာပဲ ပျူစောထီးသင်တန်း တက်ဖို့လာတဲ့ ဧရာဝတီတိုင်းက ဒေသခံ ဆယ်ဦးကျော်ကို ဖမ်းမိခဲ့ပါသေးတယ်။ ဒီဖြစ်ရပ်အရ ဆိုရင်လည်း တရုတ်ကုမ္ပ ဏီတွေထဲမှာ ပျူစောထီးတွေကိုသင်တန်းပေးနေတယ်ဆိုတဲ့ အချက်ဟာ ငြင်းချက်ထုတ်လို့ မရတဲ့ အခြေအနေ ဖြစ်လာပါတယ်။

ဒါ့အပြင် ဝမ်ပေါင်နဲ့ ယန်စီကုမ္ပဏီတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေဟာ အဲ့ဒီကုမ္ပဏီဝန်းထဲကနေပဲ အနီးတဝိုက် ကျေးရွာတွေကို တိုက်ပွဲမရှိဘဲ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ မကြာမကြာ လုပ်တတ်ပါသေးတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်ကတော့ အဲ့ဒီလို ပစ်ခတ်မှုကြောင့် အသက်ကိုးနှစ်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့ပြီး ဒေသခံ ငါးဦးဒဏ်ရာရခဲ့ကြပါတယ်။

“သူတို့ကအမြဲတမ်း ဒီထဲမှာ တည်းခိုစရာ ပင်မစခန်းလို ဖြစ်နေတာ၊ အဲဒီအတွက်ကြောင့် လက်ပံတောင်း ဒေသတစ်ခုလုံး တော်တော်ကို ဒုက္ခရောက်နေတာ” လို့ လက်ပံတောင်းဒေသခံတဦးက စက်တင်ဘာ ၂၀ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဝမ်ပေါင်-ယန်စီကုမ္ပဏီတွေအနေနဲ့ စစ်ကောင်စီနဲ့ အဲ့ဒီလိုပူးပေါင်းနေတာဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေမှာ ပူးပေါင်းပါဝင်နေတဲ့ သဘောသက်ရောက်ပြီး ဒီအခြေအနေတွေကို ရပ်တန်းရပ်သင့်ပြီလို့ အထွေထွေ သပိတ်ပေါင်းစပ်ညှိနှိုင်းရေး အင်အားစုက သတိပေးထားပါတယ်။

ဆိုရရင် တရုတ်နိုင်ငံ အာဏာပိုင်တွေဟာ မြန်မာနိုင်ငံထဲက သူတို့ရဲ့အကျိုးစီးပွားတွေကို မတိုက်ခိုက်ဖို့ကိုတော့ စတင်ဆွေးနွေးခဲ့ကြပြီး လက်ရှိပဋိပက္ခတွေမှာ မြန်မာလူထုရဲ့ အကျိုးကို မထိခိုက်စေဖို့တော့ အာမခံချက်ပေး မထားဘူး ဆိုတာ ထင်ရှားပါတယ်။

တရုတ်အစိုးရ တာဝန်ရှိသူတွေကိုယ်တိုင်က သူတို့အကျိုးစီးပွားတွေအတွက် မြန်မာလူထု မလိုလားတဲ့ အကြမ်းဖက်စစ်တပ်နဲ့ နီးနီးကပ်ကပ် ထိတွေ့ဆက်ဆံနေပြီး မြန်မာနိုင်ငံထဲက တရုတ်စီမံကိန်းတွေကတော့ လူထုကို ဒုက္ခပေးမယ့် ရေသောက်မြစ်တွေ ဖြစ်နေတာဟာ တရားပါရဲ့လား လို့ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကာကွယ်ရေး ဝန်ကြီးဌာနအနေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို တပေါင်းတည်း ဆင့်ကဲအမိန့်းပေး ကွပ်ကွဲမှုစနစ် ဖြစ်အောင် အခုအချိန်အထိ တည်ဆောက်နေရဆဲ ဖြစ်ပါတယ်။

အဲ့ဒီအခြေအနေမှာ ဒေသအလိုက် ရပ်တည်မှုအလိုက် တော်လှန်ရေး တပ်ဖွဲ့တွေအကြား တကျောင်း တဂါထာ တရွာ တပုဒ်ဆန်း ဆိုသလို အခြေအနေတွေလည်း ရှိနေတုန်းပါ။

ဒါပေမယ့် ဒီလိုအခြေအနေမှာတောင် တော်လှန်ရေးတပ်ဖွဲ့တွေဟာ တရုတ်နိုင်ငံရဲ့ စိုးရိမ်မှုနဲ့ သူ့အကျိုးစီးပွားကို မထိခိုက်ရေး တောင်းဆိုချက်အပေါ် ဂရုထားကြနေကြပါတယ်။

နိုင်ငံတဝန်းက စစ်တပ်အခြေစိုက် စခန်းတွေအပါအဝင် လုံခြုံရေးတောင့်တင်းတဲ့ စစ်ကောင်စီ လက်အောက်ခံ နေရာတွေကိုတောင် တိုက်ခိုက်နိုင်စွမ်း ရှိနေပြီဖြစ်တဲ့ တော်လှန်ရေးအင်အားစုတွေဟာ အခုအချိန်အထိ တရုတ်နဲ့ ဆက်စပ်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်ရင် ထိန်းသိမ်းဆောင်ရွက်နေကြဆဲပါ။

တရုတ်အာဏာပိုင်တွေ အနေနဲ့လည်း ဒီအပေါ်မှာ မျှတတဲ့ သုံးသပ်ဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ လိုအပ်နေပြီဆိုတာ အသိပေး တိုက်တွန်းလိုက်ရပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article