25 C
Yangon

နိုင်ငံတစ်ဝန်း စက်တင်ဘာလ တိုက်ပွဲများတွင် စစ်တပ်ဘက်မှ ဗိုလ်မှူးကြီး ၊ ဒုဗိုလ်မှူးကြီးနှင့် ဗိုလ်မှူး စုစုပေါင်း စစ်အရာရှိ ၁၀ ဦး သေဆုံး

Must read

နိုင်ငံတစ်ဝန်း စက်တင်ဘာလ တိုက်ပွဲများတွင် စစ်တပ်ဘက်မှ ဗိုလ်မှူးကြီး ၊ ဒုဗိုလ်မှူးကြီးနှင့် ဗိုလ်မှူး စုစုပေါင်း စစ်အရာရှိ ၁၀ ဦး သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၄

မြန်မာနိုင်ငံအနှံ့ စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများ ၊ စစ်ပွဲများအတွင်း အကြမ်းဖက်စစ်တပ်ဘက်မှ ဗိုလ်မှူးကြီး၊ ဒုဗိုလ်မှူးကြီးနှင့် ဗိုလ်မှူး အပါအဝင် စစ်တပ်အရာရှိ ၁၀ ဦး သေဆုံးခဲ့ကြောင်း ရန်ကုန် ခေတ်သစ်က စုဆောင်းရရှိထားသည့် သတင်းအချက်အလက်များအရ သိရှိရသည်။

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ မြ၀တီထွေအုပ်ရုံးကို စက်တင်ဘာ ၃ ရက်နေ့ ညနေပိုင်းတွင် Federal Wings ဒရုန်းတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးကျဲချ တိုက်ခိုက်ခဲ့ ရာတွင် ရှေ့တန်းမှူး ဒုတိယဗိုလ်မှူးကြီး အောင်ကျော်မင်း ၊ မြ၀တီခရိုင် အုပ်ချုပ် ရေးမှူး ဗိုလ်မှူး စိုးတင့် (ငြိမ်း) (တေဇ-၁၇) ၊ ခရိုင်ထွေအုပ် ဦးစီး ဦးထွန်းထွန်းလင်း၊ ထွေ/အုပ်စာရေး ဦးပြည့်ဖြိုးအောင် နှင့် ယာဉ်ထိန်းရဲအုပ် နေလင်းစိုး တို့ ဒရုန်းဗုံးထိမှန်၍ သေဆုံးသွားခဲ့ပြီး မြဝတီခရိုင်ရဲတပ်ဖွဲ့မှူး အပါအဝင် ဒဏ်ရာရသူ ၁၃ ဦး ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူခဲ့ရကြောင်း သိရှိရသည်။

ထို့အတူ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် တောင်သူစုရပ်ကွက်တွင်လည်း ကျိုက်ထို ဒလန်အဖြစ် နာမည်ကြီးသည့် အငြိမ်းစားဒုတိယဗိုလ်မှူးကြီး အောင်လွင်နှင့် မိသားစုကို အမည်မသိသေနတ်သမားများက စက်တင်ဘာ ၈ ရက်နေ့တွင် လာရောက်ပစ်ခတ်၍ ဒုဗိုလ်မှူးကြီး‌အောင်လွင်(ငြိမ်း) သေဆုံး သွားကြောင်း၊ ဒုဗိုလ်မှူးကြီး‌အောင်လွင်(ငြိမ်း)မှာ ကျိုက်ထိုမှ ဒေသပြည်သူ များကို တော်လှန်ရေးလုပ်သည်ဟု စွပ်စွဲ၍ ဖမ်းခိုင်းနေသည့် အမဲလိုက် မုဆိုးကြီး တယ်လီဂရမ်ချန်နယ် အဖွဲ့ဝင် တစ်ဦးလည်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ပဲခူးတိုင်း ရေတာရှည်မြို့နယ် ရွှေသောင်ရွာဟောင်းကို စက်တင်ဘာ ၇ ရက်နေ့တွင် စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်တပ်ကို နေပြည်တော် PDF ရိုးမ စစ်ကြောင်းမှ Sniper နှင့် ပစ်ခတ်မှုကြောင့် စစ်ကြောင်းမှူးနှင့် ၆၀ မမ ပစ်ကူ ၁ ဦး သေဆုံးခဲ့ပြီး အဆိုပါနေ့ ညနေ ၅ နာရီအထိ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ရာတွင် အကြမ်းဖက်စစ်သား ၂၅ ဦးလည်း သေဆုံးခဲ့၍ စစ်တပ်ဘက်မှ လေယာဉ် ၂ စီးနှင့် လာရောက်ဗုံးကျဲခဲ့ကြောင်း သိရှိရသည်။

အလားတူ ကယားပြည်နယ် ဖရူဆိုမြို့နယ် မာခရော်ရှေးကျေးရွာအနီးတွင်မူ စက်တင်ဘာ ၁၁ ရက်နေ့က အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေးအဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်ဘက်မှ တပ်ရင်းမှူးအပါ အဝင် စစ်သားများအသေ အပျောက်များပြီး သေနတ် အလက် ၂၀ ခန့်နှင့် ခဲယမ်းအများအပြားသိမ်းဆည်းရရှိခဲ့ကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာ ပြန်ကြားရေးတာဝန်ရှိသူဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောဆိုခဲ့သည်။

အခြားတစ်ဖက်တွင်လည်း ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ခယ်ကျေးရွာသို့ စက်တင်ဘာ ၁၄ ရက် နံနက် ၇ နာရီ ၁၅ မိနစ်တွင် စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်တပ်ကို KNLA/PDF -9903 မဟာမိတ် ပူးပေါင်းတပ်က ပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ နံနက် ၁၀ နာရီခွဲခန့်အထိ တိုက်ပွဲကြာမြင့်ခဲ့ပြီး တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်မှ ဒုဗိုလ်မှူးကြီးကို စနိုက်ပါဖြင့် ပစ်ခတ်ချေမှုန်းနိုင်ခဲ့ကာ အကြမ်းဖက်စစ်သား ၁၀ဦးထက်မနည်း သေဆုံး၍ ၇ ဦး ဒဏ်ရာရရှိပြီး စစ်တပ်ဘက်မှ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း သိရှိရသည်။

အလားတူ ကရင်ပြည်နယ် ကော့ကရီတ်မြို့နယ် ထိုင်း-မြန်မာနယ်စပ်ရှိ အကြမ်းဖက်စစ်တပ်၏ ထီးကပလယ်ဗျူဟာစခန်းကုန်းကို စက်တင်ဘာ ၂၀ ရက်နေ့မှ စ၍ ကရင်လက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ပြီး စနိုက်ပါနှင့် ပစ်ခတ်မှုကြောင့် ခလရ ၃၂ တပ်ခွဲမှူးသေဆုံးခဲ့ကြောင်း သိရှိရသည်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင်မူ ဖားကန့်စစ်ဘက်ရေးရာလုံးခြုံရေး စရဖ ခေါင်းဆောင် ဗိုလ်မှူး စိုးနိုင်ဝင်းအပါအဝင် တပ်ဖွဲ့ဝင် ၃ ဦး ဖားကန့်ဆေးရုံတွင် ဆေးကုနေစဉ် အမည်မသိ သေနတ်သမားအချို့က သေနတ်နှင့် ဝင်ရောက်ပစ်ခတ်၍ ဗိုလ်မှူးစိုးနိုင်ဝင်း သေဆုံးသွားခဲ့ကြောင်း၊ စက်တင်ဘာ ၂၇ တွင်မူ ရှမ်းပြည်မြောက်ပိုင်း မူဆယ်ဘက်သို့ ဦးတည်လာသည့် အကြမ်းဖက်စစ်တပ်၏ ယာဉ် ၆ စီး ည ၇ နာရီ ဝန်းကျင်တွင် ၁၀၅ မိုင်နှင့် တုန်ခံကျေးရွာကြား၌ TNLA အဖွဲ့မှ ခြုံခိုတိုက်ခိုက်ခဲံရာ စစ်တပ်ဘက်မှ တပ်ရင်းမှူးအပါအဝင် ၉ ဦးသေဆုံးခဲ့ကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ယခုနောက်ဆုံး မွန်ပြည်နယ် မော်လမြိုင်ခရိုင် ရေးမြို့နယ် ကျောင်းရွာတွင် အခြေစိုက်သည့် အကြမ်းဖက်စစ်တပ်၏ ခမရ ၅၉၁ တပ်ရင်းမှ အရာရှိ အပါအဝင် စစ်သား ၃ ဦးသည် စက်တင်ဘာ ၃၀ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် တပ်ရင်းအပြင်ဘက်သို့ ကားဖြင့် ထွက်လာစဉ် တပ်ရင်းဝန်းနှင့် ကိုက် ၅၀၀ အကွာအရောက်တွင် ဒုစစ်ဒေသခွဲမှူးရုံး၊ အမှတ် ၃ စစ်ဒေသခွဲ၊ တောင်ပိုင်းတိုင်း၊ J.O.C လက်အောက်ရှိ ရေးဘီလူးအဖွဲ့က အနီးကပ် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီးတစ်ဦး အပါအဝင် စစ်သား ၃ ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article