25 C
Yangon

ပဲခူးမြို့ရှောင်လမ်းရှိ စစ်တပ်၏ ထောက်ပို့တပ်ဂိတ်ပေါက်ကို ဖောက်ခွဲ တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး၊ မြိုင်မြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ပစ်ခတ် တိုက် ခိုက်

Must read

ပဲခူးမြို့ရှောင်လမ်းရှိ စစ်တပ်၏ ထောက်ပို့တပ်ဂိတ်ပေါက်ကို ဖောက်ခွဲ တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး၊ မြိုင်မြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ပစ်ခတ် တိုက် ခိုက်

ရန်ကုန်၊ အောက်တိုဘာ ၄

ပဲခူးတိုင်း၊ ပဲခူးမြို့၊ မြို့ရှောင်လမ်းရှိ အကြမ်းဖက်စစ်ကောင်စီ၏ ထောက်ပို့တပ် ပင်မဂိတ်ပေါက်ကို အဝေးထိန်းမိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးခဲ့ကြောင်း Bago Region PDF ထံမှ သိရသည်။

ယမန်နေ့အောက်တိုဘာလ ၃ ရက် ည ၈ နာရီခန့်က ပဲခူးမြို့ရှောင်လမ်းရှိ အကြမ်းဖက် စစ်ကောင်စီ ထောက်ပို့တပ် ပင်မဂိတ်ပေါက်ကို ပဲခူးပြည်သူ့ကာကွယ်ရေးအဖွဲ့မှ အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက် ခိုက်ပြီး ၄၀ မမဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဂိတ်စောင့် စစ်သား ၃ ဦး မိုင်းစထိမှန်ဒဏ်ရာရရှိပြီးဆေးရုံသို့ တင်ပို့ကုသစဉ် ယနေ့ အောက်တို ဘာလ ၄ ရက် နံနက်ပိုင်းက တစ်ဦးသေဆုံးသွားပြီဖြစ်ကြောင်း၊ ကျန် နှစ်ဦးမှာလည်း အပြင်းအထန်ဒဏ် ရာရရှိပြီး အရေးပေါ်အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ပဲခူးမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် Daik-U Defence Force(DDF)တို့ ပူး ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ် ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မကွေးတိုင်း၊ မြိုင်မြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို ရော့ကတ် များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း မြိုင် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်မှ ၄ နာရီ ၃၀ မိနစ်ထိ မြိုင်မြို့ပေါ်ရှိ အကြမ်းဖက် စစ် တပ် တပ်စွဲ နေထိုင်လျက်ရှိသော အဆောက်အဦးများနှင့် ဘန်ကာများကို လက်လုပ် လက်နက်ကြီး၊ ရော့ကတ် များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ပစ်ခတ် တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ် တပ် ဘက်မှလည်း ၈၁ မမ၊ ၆၀ မမ လက်နက်ကြီး များ ဖြင့် ပြန်လည် ပစ်ခတ်ခဲ့ကြောင်း၊ စစ်တပ်ဘက်မှ ထိခိုက် ဒဏ်ရာရရှိမှု ရှိမရှိနှင့် သေဆုံးမှု ရှိမရှိကို စုံစမ်း ထောက်လှမ်းဆဲဖြစ်ပြီး တော်လှန်ရေး ရဲဘော် များ အထိအခိုက်မှုမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင် ပကဖ အဖွဲ့ဝင်များဖြစ်သော အညာမြေပျောက်ကျားတပ်ဖွဲ့ ၊ ဆင်ရိုင်းတပ်ဖွဲ့ ၊လင်းမြွေတပ်ဖွဲ့ ၊ M ဒေါင်းနီတပ်ဖွဲ့ ၊ YTA တပ်ဖွဲ့များမှ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရော့ကတ် အလုံး ၆၀ နီးပါးအသုံးပြုတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တော်လှန်ရေး တပ်ဖွဲ့များအနေဖြင့် စစ်ကောင်စီနှင့်ပတ်သက်သည့် နေရာများကို အချိန်မရွေး ပစ် ခတ်တိုက်ခိုက်သွားမည် ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် သတိ၊ ဝိရိယဖြင့် နေထိုင်ကြရန် မြိုင် မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article