28 C
Yangon

မန္တလေးခရိုင်မဟာမိတ် တပ်ရင်း ၄ ခု ဦးဆောင်သူ ဗိုလ်နက္ခတ်၊ တပ်ရင်း ၆ တပ်ရင်းမှူး ဗိုလ်ဇင်ကြီးတို့နှင့်တွေ့ဆုံခြင်း (နိဂုံး)

Must read

“မြို့ပြကိုလည်း ပြန်ပြီး‌တော့ စိုးမိုးလာနိုင်တဲ့ အခြေအနေတွေ မကြာခင် ရောက် လာမယ်။ ဒါကြောင့် ပြည်သူကို သတင်းစကားပါးချင်တာလည်း မတရားတဲ့ အမိန့် မှန်သမျှကို တော်လှန်ကြပါ။ ရတဲ့ နည်းနဲ့ တော်လှန်ကြပါ။ လက်နက် ကိုင် တော်လှန်မှ မဟုတ်ပါဘူး။ ကိုယ်ရတဲ့ ပုံစံမျိုးလေး ရတဲ့ထောင့် ကနေပြီး တော့ သွားပြီးတော့ တော်လှန်ကြပါ”

မန္တလေးခရိုင်မဟာမိတ် တပ်ရင်း ၄ ခု ဦးဆောင်သူ ဗိုလ်နက္ခတ်၊ တပ်ရင်း ၆ တပ်ရင်းမှူး ဗိုလ်ဇင်ကြီးတို့နှင့်တွေ့ဆုံခြင်း (နိဂုံး)

By ရန်ကုန်ခေတ်သစ်

မန္တလေးခရိုင်တပ်ရင်း လေးခုဟာ ပူးပေါင်းလိုက်ပြီး တော်လှန်ရေးကိုအရှိန်မြှင့် နိုင်ဖို့ အတွက် လုပ်ဆောင် နေတယ်လိုသိရပါတယ်။ အဲဒီတပ်ရင်းတွေဟာ အမျိုးသား ညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ အောက်ကနေ အကြမ်းဖက်စစ်တပ်ကို ခုခံတော်လှန်နေတဲ့ တပ်ရင်းတွေဖြစ်ပါတယ်။

လက်ရှိမန္တလေးတိုင်း အတွင်း အဲဒီတပ်ရင်းတွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေ၊နယ်မြေစိုးမိုးမှုအခြေအနေတွေ လက်နက်ခဲယမ်းအတွက် ရန် ပုံငွေရှာဖွေ နေတဲ့အကြောင်းတွေအပါအဝင် မန္တလေးခရိုင်တပ်ရင်းလေးခု စိုးမိုးတဲ့နယ် မြေတွေက အကြမ်းဖက်စစ်တပ်ရဲ့ အခြေအနေတွေ သိရအောင် ရန်ကုန် ခေတ်သစ် သတင်းဌာနက တွေ့ဆုံမေးမြန်းထားပါတယ်။

မေး။ ။ မန္တလေးမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးတွေ ပြန်အားကောင်းလာဖို့ ဘာတွေ လုပ်ဆောင်သင့်လဲ။

ဗိုလ်နက္ခ တ်(မန္တလေးခရိုင် တပ်ရင်း ၃- တပ်ရင်းမှူး)။ ။ ကျွန်တော်တို့ အခု တော်လှန်ရေးမှာတော့ များသောအားဖြင့် အခု တော်လှန်ရေးသမားတွေလည်း မြို့ထဲမှာနေဖို့ အခက်အခဲတွေ ဖြစ်လာတယ်။ မြို့ပြပြောက်ကျားတော်လှန်ရေးတွေ ကျွန်တော်တို့ဆိုလည်း ၂၀၂၁ ၊ ၅ လပိုင်းကတည်းက ဖော်ဆောင်ခဲ့တယ်။ ၄ လပိုင်း၊ ၅ လပိုင်းကတည်းက ဖော်ဆောင်ခဲ့တယ်။ ဒါပေမဲ့ အခက်အခဲရှိတာက ပြည်သူတွေကို အကြောက်တရားသွင်းထားတဲ့အတွက်ကြောင့် ပြည်သူတွေက စိတ်ဓာတ်ရှိပေမယ့် တော်လှန်ရေးသမားတွေဘက်က ပံ့ပိုးပေးချင်ပေမယ့် အကြောက်တရားက ကြီးစိုးနေတဲ့အတွက်ကြောင့် ရာနှုန်းပြည့် မပါနိုင်ဘူး။

ကျွန်တော်တို့က လူကိုယ်တိုင်ထွက်ပြီးတော့ ပါမှမဟုတ်ဘဲနဲ့ သူတို့ လုပ်လို့ရတဲ့ဟာတွေ ရှိတယ်။ စကစရဲ့ ထုတ်ကုန်တွေ ရပ်တန့်သွားအောင် ယန္တရားတွေ ရပ်တန့်သွားအောင် ဆိုတဲ့ ကိစ္စတွေကို ပိုပြီးတော့ လုပ်စေချင်ပါတယ်။ တော်လှန်ရေးက လက်နက်ကိုင်ပြီး တော်လှန်မှ မဟုတ်ဘူး။ ကဏ္ဍပေါင်းစုံနဲ့ သွားရမယ့် အခြေအနေတွေ ရှိတယ်။ အဲဒီတွေအနေနဲ့လည်း ပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်ပေးကြပါ။ စစ်အာဏာရှင်ကို မလိုလားတဲ့ ပြည်သူတွေ ပူးပေါင်းပါဝင်ပေးကြပါလို့တောင်းဆိုချင်ပါတယ်။

CDM ဆိုတာ မတရားတဲ့အမိန့်မှန်သမျှကို မနာခံဘူးဆိုပြီး အဲဒီလိုမျိုးသွားတယ်ဆိုရင်တော့ သူတို့ ယန္တယားတွေ ရပ်သွားတယ်ဆိုရင် ကျွန်တော်တို့ ရဲ့ ဘက်ပေါင်းစုံက သွားတဲ့ တော်လှန်ရေးက ပိုပြီး‌တော့ ပီပြင်လာပြီးတော့ မြို့ပြကိုလည်း ပြန်ပြီး‌တော့ စိုးမိုးလာနိုင်တဲ့ အခြေအနေတွေ မကြာခင်ရောက်လာမယ်လို့ ကျွန်တော့်ဘက်က ယုံကြည်ပါတယ်။ ဒါကြောင့် ပြည်သူကို သတင်းစကားပါးချင်တာလည်း အဲဒီလို မတရားတဲ့ အမိန့်မှန်သမျှကို တော်လှန်ကြပါ။ ရတဲ့ နည်းနဲ့ တော်လှန်ကြပါ။ လက်နက်ကိုင်တော်လှန်မှ မဟုတ်ပါဘူး။ ကိုယ်ရတဲ့ ပုံစံမျိုးလေး ရတဲ့ထောင့်ကနေပြီးတော့ သွားပြီးတော့ တော်လှန်ကြပါလို့ ပြောချင်ပါတယ်။

မေး။ ။ အခုအကောင်အထည်ဖော်နေတဲ့ ရွှေပြည်စိုး Campaign ကိုလည်းရှင်းပြပေးပါဦး။

ဗိုလ်နက္ခတ် (မန္တလေးခရိုင် တပ်ရင်း ၃- တပ်ရင်းမှူး)။ ။ ကျွန်တော်တို့ တော်လှန်ရေးက တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေရဲ့ တော်လှန်ရေးနဲ့ စာရင်တော့ အများကြီး သက်တမ်းနုသေးတယ်ပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ ပြည်သူ့ခုခံတွန်းလှန်စစ်က ဓာတ်ငွေ့အိုးပေါက်သလိုပဲ ဝုန်းကနဲ ပေါ်လာတယ်။

အရှိန်အဟုန်ပြင်းပြင်းနဲ့သွားတယ်ဆိုတော့ နည်းနည်း ထင်သလောက် ပြည်သူတွေ မျှော်လင့်ထားသလောက် အထိ မရောက်သေးတဲ့ကာလမှာ ပင်ပန်းသွားကြတယ်။ တော်လှန်ရေးသမားတွေလည်း ပင်ပန်းသလို ပြည်သူတွေလည်း ပင်ပန်းသွားတယ်ပေါ့။ ကျွန်တော်တို့ဆိုရင် မြေပြင်မှာဆိုရင် ပြည်သူနဲ့ပေါင်းပြီးတော့ ပြည်သူကျွေးတဲ့ ထမင်းလေးတွေ စားပြီးတော့ တိုက်ပွဲတွေ ဝင်နေကြရတယ်ပေါ့။ အဲဒီအခါမှာ ကျွန်တော်တို့ ပြန်ပြီးတော့ အရှိန်ကို ပြန်ပြီးတော့ မြှင့်ဖို့ဖြစ်တဲ့အတွက်ကြောင့် ဒီ ရွှေပြည်စိုး Campaign ကို တပ်ရင်း ၄ ရင်းပူးပေါင်းပြီးတော့ ပြည်သူ့အားကို ပြန်ယူတာပေါ့။

ပြည်သူ့အားကို ပြန်ယူတဲ့အခါမှာ အရင်ကထက်စာရင် ပြည်တွင်းမှာရှိတဲ့ တော်လှန်ရေး အင်အားစု ပြည်သူတွေထက် ပြည်ပမှာ ရှိတဲ့ တော်လှန်ရေးသမားတွေ၊ တော်လှန်ရေးပံ့ပိုးပေးကြတဲ့ ညီအစ်ကိုမောင်နှမ အင်အားစုတွေ တော်လှန်ရေး ရဲဘော်ရဲဘက်တွေက ဝိုင်းဝန်းပြီးတော့ ကျွန်တော်တို့က ရွှေပြည်စိုးကမ်ပိန်းလေးကို ပြည်တွင်းရော ပြည်ပရော နိုင်ငံတကာရော ကမ္ဘာကြီးကိုပါ အကူအညီတောင်းတဲ့အခြေအနေမျိုးတွေနဲ့ လုပ်လိုက်တာဆိုတော့ ဒီဟာကတော့ ကျွန်တော်တို့ ဒီဟာကတော့ အောင်မြင်မယ်လို့ ယုံကြည်ပါတယ်။ ရွှေပြည်စိုးကမ်ပိန်းအောင်မြင်ခဲ့ရင်လည်း တပ်ရင်း ၄ ရင်းရဲ့ ညီအစ်ကိုတွေ ရဲဘော်ရဲဘက်တွေ အားလုံးစုပေါင်းပြီးတော့ ထောင်ချီတဲ့ လူအင်အားအတွက် လက်နက်တပ်ဆင်ပေးမယ့် အခြေအနေမျိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ တော်လှန်ရေးကလည်း မန္တလေး ဒေသအတွင်းကတော့ အများကြီးပြောင်းလဲသွားမယ်လို့ ကျွန်တော့်အနေနဲ့ မြင်ပါတယ်။

နိုင်ငံတကာမှာ ရှိတဲ့ ရဲဘော်ရဲဘက်တွေ တော်လှန်ရေးအင်အားစုတွေ အကုန်လုံးလည်း ရွှေပြည်စိုးကမ်ပိန်းလေးကို တတ်နိုင်တဲ့အားနဲ့ အင်တိုက်အားတိုက် ပူးပေါင်းပါးဝင်ပေးကြပါလို့ ဒီနေရာကနေ တောင်းဆိုချင်ပါတယ်။ ရွှေပြည်စိုးကမ်ပိန်းကတော့ စုဖွဲ့ပြီးတော့ အလှူငွေတွေ တာဝန်ယူပြီးတော့မှ နိုင်ငံတကာမိသားစုတွေ စုပေါင်းပြီးတော့ လုပ်ပေးတယ်ပေါ့။

နောက်ပြီးတော့ အင်မတန် အံ့ဩစရာလည်း ကောင်းသလို ဝမ်းသာစရာလည်း ကောင်းတယ်ပေါ့။ ဒီမှာက အသေးစိတ်က အစ နိုင်ငံတကာက နည်းပညာရှင်တွေက ဝိုင်းဝန်းပြီး ပံ့ပိုးပေးကြတဲ့အတွက်ကြောင့် အလှူငွေ စာရင်းကိုလည်း တိတိကျကျ မှတ်သားပေးတယ်။ လက်ခံတွေကိုလည်းစနစ်တကျနဲ့ ပြန်ပြီးတော့ ပေးပို့တယ်။ တော်လှန်ရေးသမားတွေရဲ့ လက်ထဲကိုပဲ လက်ထိလက်ရောက် ပြန်အပ်ပေးမယ့် အခြေအနေမျိုးတွေက အစ အသေးစိတ်စီစဉ်ထားတာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ တော်တော်လေးတော့ စနစ်တကျနဲ့ ရှိပါတယ်။

မေး။ ။ အခုအကောင်အထည်ဖော်နေတဲ့ ရွှေပြည်စိုး Campaign ကိုလည်း ရှင်းပြပေးပါဦး။

ဗိုလ်ဇင်ကြီး( မန္တလေးခရိုင် တပ်ရင်း ၆- ဒုတပ်ရင်းမှူး)။ ။ ကျွန်တော့်အနေနဲ့ကျတော့ ဟိုလိုကြီး မပြောတတ်တဲ့အတွက်ကြောင့် ထွေထွေထူးထူးတော့ မရှိပါဘူး။ ဒီ FRA ရဲ့ ကူညီပံ့ပိုးမှု အင်အားကတော့ တော်တော်ကြီးကို ထင်မှတ်မထားလောက်အောင်အထိ ကူညီတယ်။ ဝိုင်းဝန်းကူညီတယ်။ ပြောရမယ်ဆိုရင် တစ်ကမ္ဘာလုံးမှာရှိနေတဲ့ မြန်မာနိုင်ငံသားတွေ အကုန်လုံးက အားတက်သရော ဝိုင်းဝန်းကူညီနေတာကို တွေ့ရတဲ့အတွက် ဒီ ကမ်ပိန်းကြီးလည်း အမြန်ဆုံးအောင်မြင်မယ်လို့ ယုံကြည်မိပါတယ်။

မေး။ ။ EAO တွေနဲ့ နီးစပ်တယ်လို့ သိရတယ်။ EAO တွေနဲ့ ဆက်ဆံရေးကို ပြောလို့ရသလောက် ပြောပြပါဦး ။

ဗိုလ်နက္ခတ် (မန္တလေးခရိုင် တပ်ရင်း ၃- တပ်ရင်းမှူး) ။ ။ကျွန်တော်တို့ရဲ့ စစ်ပညာကို သင်ပေးတာကတော့ ကျွန်တော်တို့ရဲ့ ဆရာတွေကတော့ တိုင်းရင်း သား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေပါပဲ။ ကျွန်တော်တို့ ဆိုရင် KIA ကိုသွားပြီး စစ်ပညာတွေ သင်ပြီးမှ ပြန်လာခဲ့တယ်။ မြို့ထဲဝင်ပြီး Mission တွေ လုပ်တယ်။ နောက်တပ်ရင်းတပ်ဖွဲ့တွေ စုဖွဲ့ပြီးတော့မှ နောက် MOD ရဲ့ အသိအမှတ်ပြုတပ်ရင်း Code တွေ ကျပြီးတော့ တပ်ရင်းတွေ ဖြစ်လာပြီပေါ့။ နဂိုကတည်းက ERO တွေနဲ့ ချိတ်ဆက်ပြီး လုပ်နေခဲ့တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေဖြစ်တယ်။ အခုက တစ်နိုင်ငံလုံးရဲ့ တော်လှန်ရေးဖြစ်တဲ့အတွက်ကြောင့် တိုင်းရင်းသားညီအစ်ကို မောင်နှမတွေနဲ့လည်းချိတ်ဆက်ပြီး လုပ်နေကြတယ်။

နဂိုကတည်းကလည်းကျွန်တော်တို့ရဲ့ စစ်ပညာသင်ကြားပေးတဲ့ဆရာတွေဆိုတော့ နဂိုကတည်းကလည်း ချိတ်ဆက်မှု‌တွေ ရှိနေသလို နောင်လည်း ကျွန်တော်တို့တတွေ တော်လှန်ရေးသမားတွေ ပြည်သူတစ်ရပ်လုံးက မျှော်လင့်နေကြတဲ့ ဖက်ဒရယ်ဆိုတဲ့ ပန်းတိုင်ကြီးကို သွားတဲ့အခါမှာလည်း တော်လှန်ရေး ညီအစ်ကိုမောင်နှမတွေရော တိုင်းရင်းသားညီအစ်ကို မောင်နှမတွေရော အကုန်လုံးစုပေါင်းပြီးတော့ သွားမှာပါ။ အဲဒီအခြေအနေမျိုးနဲ့ပဲ တော်လှန်ရေးကို ဖော်ဆောင်နေကြခြင်းဖြစ်ပါတယ်။

မေး။ ။ MOD အနေနဲ့ လက်နက်ခဲယမ်းထောက်ပံ့မှုနဲ့ COC အပိုင်းမှာရော ဘယ်လောက်အထိ အားကောင်းလာပြီလဲ။

ဗိုလ်နက္ခတ် (မန္တလေးခရိုင် တပ်ရင်း ၃- တပ်ရင်းမှူး) – အဲဒါကတော့ MOD ရဲ့ လက်အောက်မှာ တပ်ရင်းတပ်ဖွဲ့တွေက ၂ ပိုင်းရှိတယ် ။ ကွပ်ကဲမှုယူထားတဲ့ တပ်ရင်းတပ်ဖွဲ့တွေရှိတယ်။ ကွပ်ကဲမှု မယူရသေးတဲ့ တပ်ရင်းတပ်ဖွဲ့တွေ ရှိတယ်။ ကွပ်ကဲမှု မယူရသေးဘူးဆိုတာက တပ်ရင်းကုတ်တော့ ချထားပေးပြီးပြီ MOD ကလည်း လစဉ်ထောက်ပံ့တဲ့ ကိစ္စတွေရှိနေပြီ။ ဒါပေမဲ့ ကွပ်ကဲမှု မယူရသေးဘူးဆိုတဲ့ အခြေအနေမျိုးကကျတော့ တိုက်ရိုက် ကျွန်တော်တို့ရဲ့ တိုင်းရင်းသား ဆရာသမားတွေ သူတို့တွေနဲ့ စစ်ရေးအရ စစ်ရေးလုပ်ဆောင်ချက်တွေ ရည်မှန်းချက်တွေ အတူတကွသွားတယ်ဆိုတဲ့ အချက်တွေကို တိုက်ရိုက်ကွပ်ကဲမှု မယူရသေးတဲ့အခြေအနေမျိုးကို ကွပ်ကဲမှု မယူဘူးလို့ ပြောတာပါ။

ဟိုလိုမျိုး တပ်ရင်းကုတ်တော့ ကျပြီ စစ်ရေးအရ တွဲပြီးတော့ တိုက်ရိုက်လုပ်တာမျိုး မဟုတ်ဘဲနဲ့ မြေပြင်မှာကျတော့ ကိုယ့်ရဲ့ တပ်ရင်းမှူးတွေနဲ့ပဲ ကိုယ်သွားတယ်။ ဝန်ကြီးနဲ့ချိတ်ဆက်တယ်၊ ဒါမျိုးတွေလုပ်နေတာကျတော့ ကွပ်ကဲမှု မယူရသေးဘူး။ ကိုယ့်ဟာနဲ့ကိုယ် ကိုယ့်ရဲ့ စစ်ဗျူဟာနဲ့အတူ သွားနေရတာမျိုးကို ပြောချင်တာပေါ့နော်။ MOD ရဲ့ ကွပ်ကဲမှုကို တိုက်ရိုက်ယူတယ်ဆိုတာကတော့ ကျွန်တော်တို့ ပြန်ပြီးတော့မှ အခြေခံ စစ်ပညာအပြင်ကို ထပ်ပြီးတော့ မွန်းမံတယ်။ မွန်းမံပြီးတော့မှ တိုက်ရိုက်ထပ်ပြီးတော့မှ ချိတ်ဆက်တယ်။ ပြီးတော့ စစ်ရေးစစ်ရာတွေကို ကျွမ်းကျင်တဲ့ တိုင်းရင်းသား ERO အဖွဲ့တွေနဲ့ တွဲပြီးတော့ သွားတာကိုတော့ ကွပ်ကဲမှုယူတယ်လို့ ဒီလိုပဲ ကျွန်တော်တို့ နားလည်ထားတယ်ပေါ့။

အဲဒီလိုမျိုး ကွပ်ကဲမှု ယူထားတဲ့ ရင်းတွေဆိုရင်တော့ လူအင်အားရှိသလောက် MOD က လက်နက်တွေ တပ်ဆင်ပေးထားတယ်ဆိုတဲ့ အခြေအနေမျိုးတွေကို တွေ့ရတယ်။ ဒီလိုအခြေအနေမျိုးတွေတော့ ရှိပါတယ်။ ကျွန်တော်တို့ အခု ဒီ တပ်ရင်း ၄ ရင်းအနေနဲ့ကတော့ MOD ရဲ့ ကွပ်ကဲမှုအောက်မှာတော့ ရှိတယ်။ စောစောကပြောတဲ့ တိုက်ရိုက်ကွပ်ကဲမှု မရှိသေးတဲ့အတွက် လက်နက် အင်အားနည်းပါးနေတဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ အခုလိုမျိုး ရွှေပြည်စိုး ကမ်ပိန်းလေးကို လုပ်ရခြင်းဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ တပ်ရင်း ၁ ရင်းမှာ လူအင်အား ၂၀၀ ကျော်၊ ၃၀၀ ကျော် ပတ်ချာလည် ရှိတဲ့ တပ်ရင်းတွေ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ တပ်ရင်း ၄ ရင်းဆို လူ ထောင်ချီကို လက်နက်ခဲယမ်းတပ်ဆင်ပေးနိုင်မယ့် အခြေအနေမျိုးတွေ ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ တပ်ရင်း ၄ ရင်းစာ ပူးပေါင်းပြီး ရွှေပြည်စိုး ကမ်ပိန်းလေးကို ပြုလုပ်ရခြင်းဖြစ်ပါတယ်ဗျ။ ကမ်ပိန်းကာလကတော့ အောက်တိုဘာ 1st ကနေ အောက်တိုဘာ 31st ဆိုပြီး Period ကတော့ အဲဒီလိုလေးရှိပါတယ်။

ကမ်ပိန်းက ပြောမယ်ဆိုရင် တကယ် တရားဝင်သတ်မှတ်တဲ့ကာလကို မရောက်သေးဘူးပေါ့။ အဲဒီလို မရောက်သေးတဲ့ကာလမှာကို ပြည်သူတွေက အခုကတည်းကကို ကျွန်တော်တို့ ထင်မှတ်မထားလောက်တဲ့ အခြေအနေမျိုးအထိကို ပါဝင်ကူညီလှူဒါန်းနေကြတာကို တွေ့နေရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ သတ်မှတ်ကာလကတော့ ၁ လပေါ့။

အဲဒီ ၁ လကလည်း ကျွန်တော်တို့ မျှော်မှန်းထားတဲ့ ပန်းတိုင်၊ တော်လှန်ရေးညီအစ်ကို မောင်နှမတွေရဲ့ ဖြည့်တင်းမှုနဲ့ ပြည်သူတွေရဲ့ ဖြည့်တင်းမှုနဲ့ ကျွန်တော်တို့ရဲ့ ရွှေပြည်စိုးကမ်ပိန်းလေးက ရာခိုင်နှုန်းပြည့် အောင်မြင်မယ့် အခြေအနေမျိုးကိုတော့ အများကြီးမြင်ပါတယ်။ အခုတော့ သတ်မှတ်ကာလမရောက်သေးတဲ့အတွက်ကြောင့် ၊ ဒါမှမဟုတ်လည်း အခုအချိန်ကစပြီးတော့ အလှူငွေတွေကို ပါဝင်လှူဒါန်းပေးကြပါလို့၊ အလှူခံနေပြီလို့ အဲဒါလေး သတင်းစကားပါးချင်ပါတယ်ဗျ။

မေး။ ။ စစ်ကိုင်းမှာဆို တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ပွတ်တိုက်မှုတွေရှိလာတာ တွေ့ရတော့ အဲဒီလိုမဖြစ်အောင် ဘယ်လိုထိန်းညှိထားလဲ။

ဗိုလ်နက္ခတ် (မန္တလေးခရိုင် တပ်ရင်း ၃- တပ်ရင်းမှူး) ။ ။ ကျွန်တော်တို့က COC တစ်ခုတည်းအောက်မှာ Command တစ်ခုတည်းအောက်မှာ သွားနေတဲ့အဖွဲ့အစည်းတွေပေါ့။ ကျွန်တော်တို့က လက်နက်ကိုင်ပြီးတော်လှန်နေရတဲ့အဖွဲ့အစည်းတွေ ဖြစ်တဲ့အတွက် အရမ်း Sensitive ဖြစ်တယ်။ အဲဒီအပေါ်မှာလည်းတစ်ယောက်နဲ့တစ်ယောက် နားလည်မှုလေးတွေ ယူပြီးတော့ အခုလိုမျိုး ချိတ်ဆက်ပြီးတော့ လုပ်စေချင်တယ်။ မြေပြင်မှာကျတော့ တကယ့် တကယ်မှာ ကျတော့ အားလုံးရဲ့ လက်ထဲမှာ လက်နက်တွေ ရောက်သွားပြီဆိုရင် တစ်ယောက်နဲ့ တစ်ယောက်ပိုပြီးတော့ သဘောထားကြီးရမယ်။

ဘုံရန်သူသည် မင်းအောင်လှိုင် ၊ စကစ ဒီဟာကိုပဲ ရင်ထဲမှာ အပြည့်အဝ ထည့်ထားပြီးတော့ တော်လှန်ရေးသမားအချင်းချင်း ညီအစ်ကိုမောင်နှမအချင်းချင်း တော်လှန်ရေးရဲဘော်ရဲဘက်အချင်းချင်း မတူညီကွဲပြားတဲ့ ခံယူချက်သဘောထားတွေ နိုင်ငံရေး အသိစိတ်တွေ အဲဒါတွေကိုလည်း ကျွန်တော်တို့က ညှိနှိုင်းပြီးသွားရမယ့် အခြေအနေတွေ ရှိပါတယ်ဗျ။ အဲဒါကိုလည်းကျွန်တော်တို့ရဲ့ ပြည်သူ့အစိုးရက ဒါကို လုပ်နေပြီ။ ရသလောက် ညှိနှိုင်းမှုတွေ လုပ်တယ်။

COC အောက်ကို အကုန်လုံးကို သွားပြီးတော့မှ ပြေလည်အောင်တော့ လုပ်နေတဲ့ အခြေအနေတွေ ရှိပါတယ်။ အများနဲ့ သွားရတဲ့ တော်လှန်ရေးဖြစ်တဲ့အတွက်ကြောင့် ကွဲပြားတာလေးတွေတော့ ရှိနိုင်ပါတယ်။ အဲဒါလေးတွေလည်းရသလောက် ထိန်းချုပ်ပြီး‌တော့ သွားနေပါပြီ။ ဒီလိုလေးတော့ ပြောချင်ပါတယ်။

မေး။ ။ တော်လှန်ရေးနဲ့ ပတ်သက်ပြီး ပေးချင်တဲ့ သတင်းစကားရှိရင် ပြည်သူတွေကို ပြောပြပေးပါ။

ဗိုလ်ဇင်ကြီး( မန္တလေးခရိုင် တပ်ရင်း ၆- ဒုတပ်ရင်းမှူး) -‌ တော်လှန်ရေးက ကြာဦးမှာလားဆိုတဲ့ မေးခွန်းမှာကျတော့ အထူးသဖြင့် ပြောရရင်တော့ ပြည်သူတွေရဲ့ ထောက်ပံ့မှုကောင်းကောင်း Supporting သာ ရမယ်ဆိုရင် တော်လှန်ရေးဟာ အရှိန်အဟုန်နဲ့ မြန်မြန်ဆန်ဆန်သွားလာနိုင်တဲ့ အခြေအနေမျိုးမှာ ရှိတယ်ပေါ့။

အရင်တုန်းက တော်လှန်ရေးစစဉ်ကာလတုန်းမှာတော့ လက်နက်ဝယ်ယူမှု၊ သယ်ယူမှု လမ်းပန်းခက်ခဲမှုတွေနဲ့ အဆင်မပြေမှုများစွာနဲ့ စပြီးလုပ်လာခဲ့ရာရက ယနေ့အချိန်မှာဆိုရင် လက်နက်သယ်ယူရေးကိစ္စက အစ လွယ်ကူချောမွေ့စွာ ဝယ်ယူသယ်ယူနိုင်တဲ့ အနေအထားရောက်လာပြီဖြစ်တဲ့အတွက် ယနေ့အချိန်မှာ ကောင်းကောင်း မြေပြင်တပ်ရင်းတွေကို Support ပေးမယ်ဆိုရင်‌ တော်လှန်ရေးဟာ လက်နက်ခဲယမ်းဟာ ရဲဘော်တွေ လက်ထဲကို ရောက်ရှိလာပြီးတော့ တော်လှန်ရေးကို အရှိန်အဟုန်မြင့်မြင့်နဲ့ ပြင်းပြင်းနဲ့ တိုက်ယူလို့ရမယ်ပေါ့နော်။ အဲဒီလို တိုက်နိုင်ပြီဆိုရင် တော်လှန်ရေးဟာ အချိန်မြန်မြန်ဆန်ဆန် ပြီးစီးမယ်လို့ ယူဆတယ်။

ဗိုလ်နက္ခတ် (မန္တလေးခရိုင် တပ်ရင်း ၃- တပ်ရင်းမှူး) ။ ။ ကျွန်တော့်အနေနဲ့ ပြောချင်တာက ကျွန်တော်တို့သည် ကိုယ်ကျိုးစီးပွားအတွက် လုပ်တာ မဟုတ်ဘူး။ အများပြည်သူတစ်ရပ်လုံးအတွက် စစ်အာဏာရှင်ကို မလိုလားတဲ့ ပြည်သူတွေ ပူးပေါင်းပြီးတော့ ခုခံတွန်းလှန်စစ်ကို လုပ်နေရတာဖြစ်ပါတယ်။ ကျွန်တော်တို့သည် ဘာမှ မရှိတဲ့ ဘဝကမှ လက်ထဲမှာ လက်နက်တွေလည်းရှိလာပြီ၊ မြို့ပြမှာ ပြောက်ကျားစစ်လေးတွေ ရတဲ့နည်းနဲ့ ခုခံတွန်းလှန်တဲ့ ဓာတ်ဆီပုလင်းလေးတွေ လက်ပစ်ဗုံးလေးတွေ တုတ်တွေ ၊ ဓားတွေနဲ့ စခဲ့တဲ့ တော်လှန်ရေးဟာ အခုဆို လက်ထဲမှာ သေနတ်တွေ ရောက်လာပြီ။ တပ်ရင်းတပ်ဖွဲ့တွေ ရောက်လာပြီဆိုတော့ ဒါဟာ တော်လှန်ရေးကြီးမှာ ဘယ်လောက်အထိ ခရီးရောက်လာပြီဆိုတဲ့ ကိစ္စပါပဲ။

အဲဒါဟာ ပြည်သူတွေ တော်လှန်ရေးကို ပူးပေါင်းနေကြတဲ့ စစ်အာဏာရှင်ကို မလိုလားတဲ့ပြည်သူတွေရဲ့ ပံ့ပိုးမှုနဲ့ ဖြစ်လာတာပါပဲ။ ကျွန်တော်တို့ရဲ့ တော်လှန် ရေးဟာလည်း ဒီလိုပဲ ဆက်သွားပြီးတော့ ။ ပြောရမယ်ဆိုရင် ကျွန်တော်တို့ အရမ်းကိုပင်ပန်းနေကြပြီ။ ပြည်သူတွေရော တော်လှန်ရေးသမားတွေရော ပင်ပန်းနေကြပြီ။ ကျွန်တော်တို့ဆိုလည်း မိသားစုတွေ စွန့်လွှတ်၊ ဘဝတွေ စွန့်လွှတ်လုပ်လာတဲ့ တော်လှန်ရေးမှာလည်း ကျွန်တော်တို့ရဲ့ ပင်ပန်းမှုက ကျွန်တော်တို့ရဲ့ အိမ်မှာ ပင်ပန်းနေရတာ မဟုတ်ဘူး။ မိသားစုရဲ့ အဝေးမှာ ပင်ပန်းနေရတာ။ အဲဒီတော့ မိသားစုတွေနဲ့ အတူရှိကြတဲ့ ပြည်သူတွေကို ဒီနေရာကနေ သတင်းစကားပါးချင်တာက ကျွန်တော်တို့တွေ အတူတူ ပ င်ပန်းနေကြတာ ဟုတ်ပါတယ်။

ဒါပေမဲ့ ကျွန်တော်တို့တွေ ဒီထက်ပိုပြီးတော့ အတူတူ အားအင်တွေ ပိုပြီးတော့ ဖြည့်ပြီးတော့ တစ်ယောက်နဲ့တစ်ယောက်အားအင်တွေ အချင်းချင်းပေးမယ်။ အချင်းချင်းပံ့ပိုးမှုတွေ လုပ်မယ်ဆိုရင် တော်လှန်ရေးက မကြာခင် ပန်းတိုင်ကို ရောက်တော့မှာပါ။ ဘာမှမရှိတဲ့ တော်လှန်ရေးသမားဘဝကနေ အခုဆို ဒီအခြေအနေဖြစ်လာပြီဆိုတာ ကျွန်တော်တို့အတွက်လည်း ရောင်နီသန်းလာ တဲ့အခြေအနေပါပဲ။ ဒါကြောင့် ဒီထက်ပိုပြီးတော့ ကျွန်တော်တို့ ညီအစ်ကို မောင်နှမတွေ လက်ချင်းချိတ်ပြီး ပုခုံးချင်းထပ်ပြီးတော့ ဆက်သွားကြ မယ်ဆိုလို့ရှိရင် ကျွန်တော်တို့ရဲ့ ပန်းတိုင်ဟာ ကျွန်တော်တို့ မျှော်လင့်ထားတဲ့ တော်လှန်ရေးရဲ့ ခရီးက မကြာခင် ပန်းတိုင်ကို ရောက်မယ်လို့ ယုံကြည်ပါတယ်။

ဓာတ်ပုံ- မန္တလေး နန်းတွင်းတွင် သဲအိတ်တင်၍ လုံခြုံရေးစောင့်နေရသည့် အကြမ်းဖက်စစ်တပ်သားတချို့။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article