33 C
Yangon

ပေါက်မြို့နယ်ရှိ အုန်းတောတောင်စုရွာကို စစ်တပ်က ၂ ရက်ဆက် မီးရှို့ဖျက်ဆီး၊ ကျေးရွာ ၈ ရွာမှ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူသွား

Must read

ပေါက်မြို့နယ်ရှိ အုန်းတောတောင်စုရွာကို စစ်တပ်က ၂ ရက်ဆက် မီးရှို့ဖျက်ဆီး၊ ကျေးရွာ ၈ ရွာမှ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူသွား

ရန်ကုန်၊ အောက်တိုဘာ ၅

မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ အုန်းတောတောင်စုရွာကို အကြမ်းဖက် စစ်တပ်က ၂ ရက်ဆက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ပေါက်မြောက်ပိုင်း ကာကွယ်ရေးအဖွဲ့မှ ဗိုလ်လရောင်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၃ ရက်နေ့ မွန်းလွဲပိုင်းတွင် အုန်းတောတောင်စုရွာကို ရောက်ရှိလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ကျေးရွာ အတွင်းရှိ ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး အောက်တိုဘာလ ၄ ရက်နေ့တွင်လည်း ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် စက်တင်ဘာလ ၂၉ ရက်နေ့က စတင်ကာ ပေါက်မြို့နယ် အရှေ့ပိုင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက် စီးနင်းခဲ့ပြီး ထန်းတောကုန်းရွာ၊ ပျဥ်းချောင်းရွာ၊ ငမို့လေးရွာ၊ ငမို့ကြီးရွာ၊ ရွှေလှံရွာ၊ မြင်းခြံကုန်းရွာ၊ ရေပြာရွာ နှင့် အုန်းတောမြောက်စုရွာ တို့မှ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူသွားကြောင်း သိရသည်။

“ရေပြာရွာ၊ ထန်းတောကုန်းရွာ နဲ့ ပျဥ်းချောင်းရွာက ပစ္စည်းတန်ဖိုး ကျပ်သိန်း ၇၀၀ ကျော်ကို ခိုးယူသွားတယ်။ ကျန်ရွာတွေတော့ မသိရသေးဘူး။ အုန်းတောတောင်စုရွာကိုလည်း ၂ ရက်ဆက် မီးရှို့ဖျက်ဆီးသွားတယ်။ မီးရှို့တာပဲမြင်နေရတယ်။ ရွာထဲမပြန်ရဲကြသေးဘူး” ဟု ပေါက်မြောက်ပိုင်း ကာကွယ်ရေးအဖွဲ့မှ ဗိုလ်လရောင်ကပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အုန်းတောရွာနှင့် ယာကြီးပြင် ပျူစောထီးရွာများတွင် ရောက်ရှိနေပြီး ဒေသတွင်း ပျူစောထီးများဖြင့်ပါ ပူးပေါင်းထား​သောကြောင့် လူအင်အား ၂၀၀ ကျော်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article