25 C
Yangon

လှိုင်သာယာ၊ ရှမ်းချောင်းကျေးရွာမှ အရန်မီးသတ်တပ်ဖွဲ့ဝင် လူငယ် ၅ ဦးကို မီးသတ်သင်တန်း တက်ရမည်ဟုဆိုကာ တပ်သားသစ်အဖြစ် စုဆောင်းပြီး စစ်တပ်ထဲ လိမ်ခေါ်သွင်း

Must read

လှိုင်သာယာ၊ ရှမ်းချောင်းကျေးရွာမှ အရန်မီးသတ်တပ်ဖွဲ့ဝင် လူငယ် ၅ ဦးကို မီးသတ်သင်တန်း တက်ရမည်ဟုဆိုကာ တပ်သားသစ်အဖြစ် စုဆောင်းပြီး စစ်တပ်ထဲ လိမ်ခေါ်သွင်း

ရန်ကုန်၊ အောက်တိုဘာ ၁၃

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ရှမ်းချောင်းကျေးရွာမှ အရန်မီးသတ်တပ်ဖွဲ့ဝင် လူငယ် ၅ ဦးကို မီးသတ်သင်တန်း တက်ရမည်ဟုဆိုကာ တပ်သား သစ် အဖြစ် စစ်တပ်က စုဆောင်းပြီး တပ်ထဲသို့ လိမ်လည်ခေါ်သွင်းသွားကြောင်း အဆိုပါလူငယ်များနှင့် ရင်းနှီးသော မိတ်ဆွေတချို့က ပြောဆိုသည်။

လှိုင်သာယာမြို့နယ်၊ ရှမ်းချောင်းကျေးရွာ (FMI City အိမ်ရာ အနောက်ဘက်ရှိ ရပ်ကွက်) မှ အရန်မီးသတ်တပ်ဖွဲ့ဝင် လူငယ် ၅ ဦးသည် ငွေကြေးမပြည့်စုံဘဲ ဆင်းရဲသော မိသားစုများမှ ဖြစ်ကြောင်း၊ အရန်မီးသတ်တပ်ဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်နေစဉ် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း စစ်တပ်က မီးသတ် သင်တန်း ၆ လတက်ရမည်ဟုဆိုကာ လာရောက်ခေါ်ဆောင်သွားကြောင်း၊ ထို့နောက် ယင်း လူငယ် ၅ ဦးသည် မီးသတ်သင်တန်းမရောက်ရှိဘဲ စစ်ကောင်စီ၏ သန်လျင် လေ့ကျင့်ရေးတပ်သို့ ရောက်ရှိပြီး တပ်သားသစ်အဖြစ် စုဆောင်းခံရကြောင်း သိရှိရသည်။

လက်ရှိတွင် လူငယ် ၅ ဦး ၏ မိသားစုဝင်များက မီးသတ်တပ်ဖွဲ့မှတစ်ဆင့် နီးစပ်ရာ လိုက်လံစုံစမ်းပြီး စစ်တပ်ထဲမှ ပြန်လည် ထုတ်ယူရန် ကြိုးစားသော်လည်း

မအောင်မြင်ဘဲ လူချင်းလည်းတွေ့ခွင့်မရကြောင်း၊ လူငယ် ၅ ဦးလုံးသည် သန်လျင် လေ့ကျင့်ရေးဌာနချုပ်တွင် စစ်သင်တန်း တက်ရောက်နေရကြောင်း သိရှိရသည်။

” ရှမ်းချောင်းကျေးရွာက အရန် မီးသတ်တပ်ဖွဲ့ဝင် လူငယ် ၅ ဦးလုံး ကို မီးသတ်သင်တန်း ၆ လတက်ရမယ်ဆိုပြီး သန်လျှင် လေ့ကျင့်ရေး တပ်ထဲကို ခေါ်သွားတယ်။ အခုနောက်ဆုံး သိရတာက တပ်သားသစ်အဖြစ် စာရင်းသွင်း စုဆောင်းလိုက်ပြီး။ မိသားစုတွေက လိုက်လံစုံစမ်းပေမယ့် သန်လျင်လေ့ကျင့်ရေးတပ်မှာလို့ ပြောတယ်။ သန်လျင်မှာက တပ်တွေများတော့ ဘယ်တပ်ထဲလဲဆိုတာ သေသေချာချာ မသိရဘူး။ လူချင်းတွေ့ခွင့်လည်းမရ၊ ဖုန်းနဲ့လည်း အဆက်အသွယ် မရဘူး။ စစ်သားမရှိတောကို အဲဒီလို လိမ်လည် စုဆောင်းတာမျိုးကို လူငယ်တွေရဲ့ မိဘဆွေမျိုးတွေက လက်မခံနိုင်ကြဘူး။ အရန်မီးသတ်ဆိုတာက သူတို့လက်အောက်ခံလေ။ သူတို့လက်အောက်ခံ လူငယ်တွေကို အတင်းအကျပ်ကိုင် လိမ်လည်ကာ စစ်သားသစ်အဖြစ် စုဆောင်းတာပါ” ဟု လူငယ်များနှင့်နီးစပ်သော မိတ်ဆွေတစ်ဦးက ဆိုသည်။

စစ်သားအဖြစ် စုဆောင်းခံရသူ အရန်မီးသတ်လူငယ် ၅ ဦး၏ မိဘများက ၎င်းတို့၏ သားများကို စစ်တပ်ထဲမှ လိုက်လံ ထုတ်ယူလိုသော်လည်း ငွေကြေးအရ မပြည့်စုံခြင်း၊ ဆင်းရဲခြင်းတို့ကြောင့် လမ်းစရိတ်မှစ၍ စရိတ်စက မတတ်နိုင်သဖြင့် အခက်အခဲဖြစ်နေရကြောင်း သိရှိရသည်။

“အရန်မီးသတ်ဆိုပေမယ့် လူငယ်တွေက အရင်တုန်းက တစ်နေ့ တစ်သောင်းနဲ့ ရပ်ကွက်ရုံး၊ မီးသတ်ရုံးကို စစ်ယူနီဖောင်းဝတ်ပြီး လုံခြုံရေးစောင့်ဖူးတယ်။ အရင်က တစ်ညကိုတစ်သောင်းနဲ့ နေ့စား စစ်သားယူနီဖောင်းဝတ်ပြီး လုံခြုံရေးလုပ်ပေးတာ။ အခုကတော့ စစ်သားအဖြစ်ကို စုဆောင်းခံလိုက်ရတာ” ဟု မိသားစုနှင့်နီးစပ်သော မိတ်ဆွေက ပြောဆိုသည်။

ရန်ကုန်တိုင်းအတွင်းတွင် ဩဂုတ်လမှစတင်၍ စစ်ကောင်စီက လူဆိုးလူမိုက်များ၊ ငွေကြေးဆင်းရဲသော မိသားစုများမှ လူငယ်များကို ပြည်သူ့စစ်(ခေါ်) ပျူစောထီးများအဖြစ် စုဆောင်းပြီး နေ့စားငွေပေးကာ စစ်သင်တန်း တက်ခိုင်းခြင်း၊ ရဲ၊ စစ်တပ်တို့နှင့်အတူ လုံခြုံရေး ပူးတွဲ ကင်းစောင့်ခိုင်းခြင်းများ လုပ်ဆောင် လာကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ အရန်မီးသတ် တပ်ဖွဲ့ဝင်တချို့။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article