25 C
Yangon

အင်အားကြီးလာသော တော်လှန်ရေး တပ်ဖွဲ့များကို တန်ပြန်ပြောက် ကျားစနစ်ဖြင့် အရှင်မထားဘဲ သုတ်သင်ပြီး အသက် ၆ နှစ်အတွင်းရှိ ကလေးများ၊ ရူးပေါနေသူများ၊ PDF ကို စိတ်နာနေသူများကို သတင်းပေး အဖြစ် အသုံးပြုရန် စစ်ကောင်စီက လျှို့ဝှက် ညွှန်ကြား

Must read

အင်အားကြီးလာသော တော်လှန်ရေး တပ်ဖွဲ့များကို တန်ပြန်ပြောက် ကျားစနစ်ဖြင့် အရှင်မထားဘဲ သုတ်သင်ပြီး အသက် ၆ နှစ်အတွင်းရှိ ကလေးများ၊ ရူးပေါနေသူများ၊ PDF ကို စိတ်နာနေသူများကို သတင်းပေး အဖြစ် အသုံးပြုရန် စစ်ကောင်စီက လျှို့ဝှက် ညွှန်ကြား

ရန်ကုန်၊ အောက်တိုဘာ ၁၄

အကြမ်းဖက်စစ်တပ်က ဖမ်းဆီးရမိသည့် PDF မှန်သမျှ အရှင်မထားဘဲ သုတ်သင်ပြီး အသက် ၆ နှစ်အတွင်းရှိ ကလေးများ၊ ရူးပေါနေသူများ၊ PDF ကို စိတ်နာနေသူများကို သတင်းပေး အဖြစ် အသုံးပြုရမည့် တန်ပြန်ပြောက်ကျားစနစ် ကျင့်သုံးရန် လျှို့ဝှက် ညွှန်ကြားထားကြောင်း ရန်ကုန်ခေတ်သစ်က ရရှိထားသော လျှို့ဝှက် ညွှန်ကြားစာအရ သိရှိရသည်။

PDF များက ပြည်သူလူထုကို အခြေပြုထားသော ပြောက်ကျားစစ်ဆင်ရေးကို အသုံးပြုနေသည့်အတွက် စစ်ကောင်စီတပ်က တန်ပြန် ပြောက်ကျားစစ်ဆင်ရေးကို ကျင့်သုံးရန် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များ၊ တပ်မများနှင့် တပ်ရင်း၊ တပ်ဖွဲ့များကို ညွှန်ကြားခြင်းဖြစ်ကြောင်း သိရှိရသည်။

တန်ပြန်ပြောက်ကျားစစ်ဆင်ရေးသည် အင်အားကြီး မားသော တစ်ဖက်တပ်ဖွဲ့များ၏ စစ်ဆင်မှုကို တားဆီးနှောင့်ယှက်ရန်၊ လျှို့ဝှက် ဖျက်ဆီးရန်၊ နှေင့်နှေးစေရန်၊ ကွပ်ကဲဆက်သွယ်မှုစနစ်ကို ဖျက်ဆီးရန်၊ သတင်းရယူရန်၊ ဆက်သွယ်ရေး လမ်းကြောင်းများကို ဖြတ်တောက်ရန်၊ အုပ်ချုပ်ထောက်ပံ့မှု လုပ်ငန်းနှင့် အဆောက်အဦးများကို ဖျက်ဆီးရန်၊ ရည်ရွယ်ထားသော တိုက်စစ်ဆင်မှုအတွက် ရှေ့ပြေး စမ်းသပ်တိုက်ခိုက်ရန် စသည့် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း လျှို့ဝှက် ညွှန်ကြားချက်တွင် ရေးသားထားသည်။

ပြောက်ကျားစနစ်သည် ပစ်၊ ပြေး ဟူသော အချက်အပေါ် အခြေခံထားကြောင်း၊ တန်ပြန်ပြောက်ကျားစနစ်သည် နည်းဗျူဟာဖြင့် တိုက်ခိုက်နေသော ရန်သူကို စနစ်တကျ ဖွဲ့စည်းထားသော လေ့ကျင့်သား ပြည့်၀သည့် တပ်ဖွဲ့တစ်ခုက ကြံ့ခိုင်သည့် စိတ်ဒာတ်၊ မှန်ကန်သော ကွပ်ကဲခေါင်းမှုတို့ဖြင့် အမြစ်ပြတ် တိုက်ခိုက်ချေမှုန်းသည့် စစ်နည်းဗျူဟာပင်ဖြစ်ကြောင်း ရှင်းလင်းထားသည်။

စစ်ကောင်စီ၏ ညွှန်ကြားချက်တွင် ပြောက်ကျားနည်းစနစ် နည်းဗျူဟာကို အကောင်အထည်ဖော်ရမည့် အသေးစိတ် နည်းလမ်းများကို ညွှန်ကြားထားသည်။

လက်ရှိတွင် စစ်ကောင်စီက တန်ပြန်ပြောက်ကျားစနစ် အဖြစ် အထူးတပ်များဖြင့် ချေမှုန်းနည်း၊ သက်နှက်သွင်းနည်း၊ မုန်တိုင်းတပ်ဖြင့် တိုက်ခိုက်ချေမှုန်းခြင်းဖြင့် PDF စခန်းများကို ဝင်ရောက်စီးနင်းပြီး PDF မှန်သမျှကို သုတ်သင်နေကြောင်း စစ်တပ် သတင်းရင်းမြစ်က ဆိုသည်။

ထို့ပြင် ကြွက်ထောင်ချောက်နည်း ဟုခေါ်ဆိုသော ရန်သူကို ကုန်နှင့်လူမပါသော ကားခွံ့များ၊ ရိက္ခာစခန်းငယ်များ၊ ကျည်ဆန်များ မရှိတော့သည့် ကျည်ဆန်ပုံများ၊အမြောက်ဆံပုံးများကို မျှားထားသော ကျည်သိုလှောင်စခန်း ငယ်များ၊ ဓာတ်ဆီ သိုလှောင် ဌာနငယ် အစရှိသည့် နေရာများကို အစောင့်အရှောက်နည်းနည်းထားပြီး ကြွက်ထောင်ချောက် အသုံးပြုနိုင်ကြောင်း၊ အဆိုပါစခန်းများကို ရန်သူက လာရောက် မတိုက်မီ စစ်တပ်များကို တိုက်ပွဲဖြစ်ပွားမည့်နေရာ အနှံ့အပြားသို့ စိမ့်ဝင် နေရာယူထားပြီး လာရောက်တိုက်ခိုက်ချိန်၊ ရန်သူက တိုက်အားအရှိန်လျှော့သွား သောအခါ စိမ့်ဝင်ထားသော တပ်များက ၀ိုင်းဝန်းတိုက်ခိုက် ချေမှုန်းမည့် နည်းလမ်းကိုလည်း အသုံးပြုနေကြောင်း သိရှိရသည်။

လက်ရှိအခြေအနေများအရ စစ်ကောင်စီတပ်က မြူဆွယ်တိုက်နည်း၊ အလစ်အငိုက်ဖမ်းတိုက်နည်းများကို လည်း ကျင့်သုံးနေကြောင်း သိရှိရသည်။

ထို့ပြင် စစ်ဆင်ရေးအတွက် သတင်းထောက်လှမ်းရာတွင် အသက် ၆ နှစ်အတွင်း ကလေးငယ်များကို မုန့်ကစားစရာ၊ ပိုက်ဆံများပေး၍ လည်းကောင်း၊ မြှောက်ပင့်ချော့မော့၍ လည်းကောင်း သတင်းရယူရန်၊ ရူးပေါသူများကို မြှောက်ပင့်ချော့မော့၍ လည်းကောင်း၊ ပေးကမ်းကျွေးမွေးခြင်းဖြင့်လည်းကောင်း၊ သတင်းရယူရန်၊ တစ်ဖက် PDF အပေါ် စိတ်နာကျဉ်းနေသူများကို စုံစမ်းရှာဖွေ ရင်းနှီးအောင် ပေါင်းကာ ၎င်းတို့မှတစ်ဆင့် သတင်းရယူရန် ဖြစ်ကြောင်း၊ သတင်းရယူသည့် သတင်းရင်းမြစ်များကို ရေရှည် အသုံးချရမည်ဖြစ်ကြောင်း လျှို့ဝှက် ညွှန်ကြားထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article