25 C
Yangon

စစ်တပ်က ကျင်းပမည့် NCA ၈ နှစ်ပြည့်အခမ်းအနား ဂုဏ်သိက္ခာမဲ့ပြီး ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးအာမခံချက်မရှိနိုင်ဟု NUG သမ္မတ ဒူဝါလရှီးလ ပြောဆို

Must read

စစ်တပ်က ကျင်းပမည့် NCA ၈ နှစ်ပြည့်အခမ်းအနား ဂုဏ်သိက္ခာမဲ့ပြီး ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးအာမခံချက်မရှိနိုင်ဟု NUG သမ္မတ ဒူဝါလရှီးလ ပြောဆို

ရန်ကုန်၊ အောက်တိုဘာ ၁၄

အကြမ်းဖက်စစ်တပ်က လုပ်ဆောင်မည့် NCA ၈ နှစ်ပြည့်အခမ်းအနား ဂုဏ် သိက္ခာ မဲ့ပြီး ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးအာမခံချက်မရှိနိုင်ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ NUG သမ္မတ ဒူဝါလရှီးလက ပြည်သူလူထုသို့ အသိပေး ပြောဆိုသည့် လစဉ်မိန့်ခွန်းတွင် တရားဝင် ထုတ်ဖော်အသိပေးထားသည်။

အကြမ်းဖက်စစ်ကောင်စီက အောက်တိုဘာလ ၁၅ ရက်နေ့တွင် NCA ၈ နှစ်ပြည့်အခမ်းအနား ကျင်းပရန် ကြံရွယ်ထားမှုသည် မျက်နှာပြောင် တိုင်ပြီး ဂုဏ်သိက္ခာမဲ့ကြောင်း၊ NCA စာချုပ် ပျက်ပြယ်ပြီဖြစ်ကြောင်း KNU ၊ CNF နှင့် ABSDF တပ်ဖွဲ့တို့က ထုတ်ဖော်ပြောဆိုပြီးဖြစ်ကြောင်း ၊ စစ်တပ်သည် NCA ကို‌ ချိုးဖောက်ပြီး လေးစားမှု မရှိခဲ့ကြောင်း သမ္မတက ပြောဆိုသည်။

“အကြမ်းဖက်စစ်ကောင်စီက လာမယ့် အောက်တိုဘာလ ၁၅ ရက်နေ့မှာ NCA လက်မှတ်ထိုးတဲ့ (၈) နှစ်ပြည့် အခမ်းအနားလုပ်ဖို့ ကြံရွယ်နေတာ တွေ့ရပါတယ်။ တကယ်တော့ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှာ အကြမ်းဖက်စစ်တပ်က နိုင်ငံတော်အာဏာကို အဓမ္မရယူဖို့ ကြိုးစားစဉ်ကတည်းက NCA စာချုပ်ဟာ ပျက်ပြယ်သွားခဲ့ပြီး ဖြစ်ပါတယ်။ NCA စာချုပ်ချုပ် ဆိုခဲ့တဲ့ KNU, CNF , ABSDF တို့ကိုယ်တိုင် ပျက်ပြယ်ပြီးဖြစ်ကြောင်း ပြည်သူလူထုတရပ်လုံးကို အသိပေးထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါတယ်။ စစ်ကောင်စီဟာ NCA စာချုပ်ကို လိုက်နာမှုမရှိ NCA အခြေခံမူတွေကို လေးစားမှုမရှိ၊ ချိုးဖျက်ခဲ့ပြီးကာမှ NCA နှစ်ပတ်လည် လုပ်မယ်ဆိုတာ အင်မတန်မှ မျက်နှာ‌ပြောင်တိုက်ရာကျပြီး ဂုဏ်သိက္ခာမဲ့တဲ့ လုပ်ရပ်ဖြစ်ပါတယ်” ဟု NUG သမ္မတ ဒူဝါလရှီးလက ပြောဆိုသည်။

ကချင်ပြည်နယ်၊ လိုင်ဇာရှိ စစ်ဘေးရှောင်စခန်းကို စစ်တပ်က ဗုံးကျဲမှုကြောင့် ကလေးငယ်နှင့်ပြည်သူများ သေဆုံးချိန်သည် NCA ၈ နှစ်ပြည့် အခမ်းအနား တက်ရောက် ရမည့် အချိန်မဟုတ်ကြောင်း ၎င်းက ပြောဆိုသည်။

“ပြီးခဲ့တဲ့ အောက်တိုဘာလ(၉)ရက်နေ့မှာ စစ်ကောင်စီဟာ ကချင်ပြည်နယ် လိုင်ဇာမြို့အနီးက စစ်ဘေးရှောင်ဒုက္ခသည်စခန်းကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ဒါဟာ အင်မတန်မှ လူမဆန်တဲ့ လုပ်ရပ်ဖြစ်ပြီး လူသားမျိုးနွယ်အပေါ် စစ်ရာဇဝတ်မှု ထပ်မံ ကျူးလွန်လိုက်တာ ဖြစ်ပါ တယ်။ ဒီဖြစ်ရပ်ကြောင့် ၂ လသားကလေးငယ်အပါအဝင် ကလေးသူငယ် (၁၃) ဦး သေဆုံးခဲ့ရပါ တယ်။ အမျိုးသမီးနဲ့ သက်ကြီးရွယ်အိုတွေအပါအဝင် လူပေါင်း(၃၀)အထိ ထိခိုက်သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရသူ (၅၇) ဦးကျော်ထိရှိပါတယ်။ ဆုံးရှုံးသွားတဲ့ အသက်တွေအတွက်၊ ပြိုကွဲသွားတဲ့ မိသားစုတွေအတွက်၊ ထိခိုက်နာကျင်ရတဲ့ ဘ၀တွေအတွက် တရားမျှတမှု မဖြစ်မနေ ပြန်ယူဆောင် ပေးရမှာဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့ အားလုံး အတူတကွ ကြိုးစားသွားကြရပါမယ်။

နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့်လည်း အကြမ်းဖက် စစ်ခေါင်းဆောင်က ကျင်းပပြုလုပ်မယ့် NCA (၈) နှစ်ပြည့် အခမ်းအနားကို တက်ရောက်ကာ ဂုဏ်ပြုချီးမြှင့်မှုမည့် အချိန်မဟုတ်ပါဘူး။ ဒီအချိန်ဟာ NCA နှင့် ပတ်သက်ပြီး အောင်ပွဲခံ အခမ်းအနား လုပ်ရမည့် အချိန်မဟုတ်ဘူး၊ ဒီအချိန်ဟာ ဖြစ်ပျက်မှုများ ပြန်လည်သုံးသပ်ရမဲ့ အချိန်ဖြစ်ပါတယ်။ ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေပါမချန် အရပ်သားပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်နေတဲ့ စစ်ကောင်စီထံကနေ စေတနာမှန်တဲ့ ငြိမ်ချမ်းရေးဆိုတာ ဘယ်တော့မှ ရလာမှာ မဟုတ်ပါဘူး” ဟု သမ္မတက ပြောသည်။

NCA ၈ နှစ်ပြည့် ပွဲကို ကျင်းပရန် စစ်ကောင်စီတွင် အခွင့်အာဏာမရှိဘဲ အကြမ်းဖက်ဂိုဏ်းတစ်ခုသာဖြစ်ကြောင်း၊ လက်ရှိတွင် အစိုးရ၊ လွှတ်တော်တို့လည်း မရှိကြောင်း၊ စစ်ကောင်စီက ၎င်းတို့အာဏာတည်မြဲရေးအတွက် NCA ကို အသုံးချနေကြောင်း သမ္မတက ထောက်ပြသည်။

“NCA စာချုပ်ကို လက်မှတ်ရေးထိုးစဉ်မှာ အစိုးရနဲ့ လွှတ်တော်ပါဝင်ခဲ့ပါတယ်။ စစ်ကောင်စီဟာ အကြမ်းဖက်ဂိုဏ်းတခုသာဖြစ်တာကြောင့် NCA နှစ်ပတ်လည်လုပ်ဖို့ အခွင့်အာဏာမရှိပါဘူး။ နေ့စဉ်နဲ့အမျှ နိုင်ငံရဲ့ ငြိမ်းချမ်းရေးကို ဖျက်ဆီးနေတဲ့ စစ်ကောင်စီထံကနေ ခိုင်မာတဲ့ ငြိမ်းချမ်းရေး အာမခံချက်၊ တည်ကြည်တဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ဆိုတာ မရနိုင်ပါဘူး။ ထို့အတူ အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအရောင်ငြိမ်းချမ်းရေးလုပ်ငန်းနှင့် ကျနော်တို့ ပြည်သူလူထုတရပ်လုံး တောင်းဆိုနေသည့် လွတ်လပ်မှု၊ ငြိမ်းချမ်းမှုနှင့် ကိုယ်ပိုင်ပြဌာန်းချက်ကို အပြည့်အဝ ကာကွယ်ပေးနိုင်သော ဖက်ဒရယ်ဒီမိုကရေစီ အနှစ်သာရကို လုံးဝ ရရှိနိုင်မှာ မဟုတ်ပါဘူး။ နိုင်ငံတကာမိတ်ဆွေများအနေနဲ့လည်း စစ်ကောင်စီရဲ့ ဂုဏ်သရေမဲ့တဲ့ လုပ်ရပ်တွေကို အသိအမှတ် မပြုဘဲ ဆက်လက် ဖယ်ကျဉ်ထားကြဖို့ လေးနက်စွာတိုက်တွန်းလိုပါတယ်။ ဂုဏ်သိက္ခာမဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီထံကနေ တည်ကြည်တဲ့ နိုင်ငံရေးအာမခံချက်တွေ ရရှိနိုင်မှာမဟုတ်သလို စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆိုတာကလည်း ကိုယ်ကျိုးစီးပွား အခြေပြု နိုင်ငံရေးအသုံးချမှု သက်သက်သာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီအရေးတွေဟာ ပြည်သူလူထု အားလုံးနဲ့ သက်ဆိုင်ပြီး တတိုင်းပြည်လုံးရဲ့ အနာဂတ်ဖြစ်ပါတယ်။ ဒီအရေးတွေကို လုပ်ဆောင်ရာမှာ ရိုးသားတည်ကြည်မှုနဲ့ နိုင်ငံရေးစိတ်စေတနာပြည့်၀မှုတို့ဟာ အရေးကြီးတဲ့ စံနှုန်းနဲ့ မူတွေဖြစ်ပါတယ်” ဟု သမ္မတ ဒူဝါလရှီးလက ရှင်းပြသည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးအတွက် တိုင်းရင်းသား တော်လှန်ရေးအင်အားစုများနှင့်အတူ လက်တွဲကာ နောက်ဆုံးတိုက်ပွဲ အောင်နိုင်သည်အထိ တိုက်ပွဲဝင်မည်ဖြစ်ကြောင်း သမ္မတက အသိပေသည်။

“တော်လှန်ရေးကာလ ၂ နှစ် ကျော်လာတဲ့အချိန်မှာ ကျွန်တော်တို့အနေဖြင့် ရန်သူစစ်အုပ်စုအပေါ် အထိနာစေနိုင်တဲ့ စစ်ရေး ဖေါ်ဆောင်မှုတွေကို တိုးမြှင့်လုပ်ဆောင်လျက်ရှိပါတယ်။ အထူးသဖြင့် ၂၀၂၂ ခုနှစ် နဲ့ ၂၀၂၃ ခုနှစ်အတွင်းမှာ ခုခံတိုက်ပွဲပေါင်း ခြောက်ထောင့်ရှစ်ရာကျော် ဆင်နွှဲထားနိုင် ခဲ့ပါတယ်။ အဲ့ဒီအထဲမှာ စခန်း သိမ်းတိုက်ပွဲပေါင်း ၁၀၀ ကျော်လည်း အပါအဝင် ဖြစ်ပါတယ်။ ဒါဟာ ခုခံစစ် ပထမနှစ်နဲ့ နှိုင်းယှဉ်လိုက်မယ်ဆိုရင် အချက်အလက်တွေအရကို သိသာထင်ရှားစွာ တိုးမြင့် လာတဲ့ တိုက်ပွဲဖေါ်ဆောင်မှု နဲ့ အောင်မြင်မှုတွေဖြစ်ပါတယ်။ ပြည်သူလူထုကို ရန်သူသဖွယ်သဘောထားပြီး အကြမ်းဖက်တိုက်ခိုက်နေတဲ့ စစ်အုပ်စုဟာ အကြမ်းဖက် လက်နက်ကိုင်ဂိုဏ်းတခုသဖွယ်သာ ရှိပါတော့တယ်။ တကယ်တော့ ကျနော်တို့ လက်ရှိဆင်နွှဲနေတဲ့ တိုက်ပွဲဟာ နောက်ဆုံးတိုက်ပွဲဖြစ်ပါတယ်..။ နောက်ဆုံးတိုက်ပွဲလို့ ပြောတာက ဒီတကြိမ်တိုက်ပြီး နိုင်နိုင်/မနိုင်နိုင် နောက်တကြိမ် ဆက်ပြီးမတိုက်တော့ဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး..။ ဒီတကြိမ် ဆင်နွဲနေတဲ့ တော်လှန်ရေးဟာ နောက်တကြိမ်ထပ်မံ ဆင်နွှဲစရာမလိုအပ်တော့တဲ့အထိ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှကို ဒီမြေဒီရေမှာ ဘယ်တော့မှ နောက်တကြိမ်ခေါင်းထောင် ရှင်သန်ခွင့်မရှိအောင် အပြီးသတ်ချေမှုန်းရှင်းလင်းသွားမယ့် တော်လှန်ရေးမို့ နောက်ဆုံးတိုက်ပွဲလို့ ရည်ညွှန်းပြောဆိုတာဖြစ်ပါတယ်” ဟု သမ္မတက ထုတ်ဖော်ပြောဆိုသွားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article