စစ်ရာဇဝတ်မှုများ ကျူးလွန်နေသော မြန်မာစစ်တပ်ကို လက်နက် မရောင်းရန် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂအစည်းအဝေးတွင် တောင်းဆို
■ မြန်မာစစ်တပ် လက်နက်စက်ရုံက ဆာလဖာဓာတုအဆိပ်များ ထုတ်လုပ်နေမှု ရွေးကောက်ခံ အစိုးရက တားဆီးရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့
ရန်ကုန်၊ အောက်တိုဘာ ၂၀
မြန်မာနိုင်ငံတွင် လူအစုလိုက်အပြုလိုက်သတ်ဖြတ်ပြီး လူသားမျိုးနွယ်အပေါ် စစ်ရာဇဝတ်မှု ကျူးလွန်နေသော မြန်မာစစ်တပ်ကို လက်နက်များ ရောင်းချခြင်းမပြုရန် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂအစည်းအဝေးတွင် တောင်းဆိုလိုက်သည်။
အောက်တိုဘာလ ၁၈ ရက်နေ့နှင့် အောက်တိုဘာလ ၁၉ ရက်နေ့များတွင် ကျင်းပပြုလုပ်သည့် ၇၈ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံ၏ ကော်မတီအစည်းအဝေးများတွင် ၎င်းက အထက်ပါအတိုင်း တောင်းဆိုလိုက်ခြင်းဖြစ်သည်။
၇၈ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ပထမကော်မတီ (လက်နက်ဖျက်သိမ်းရေးနှင့် နိုင်ငံတကာလုံခြုံရေးကော်မတီ) ၏ “အဖျက်စွမ်းအားပြင်းလက်နက်များ” ခေါင်းစဉ်ဖြင့် ဘာသာရပ်ဆိုင်ရာဆွေးနွေးမှုအစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က မြန်မာစစ်တပ်၏ ခေတ်အဆက်ဆက် ကျူးလွန်ခဲ့မှုများနှင့် လက်ရှိတွင် ပြည်သူများအပေါ် ၎င်းတို့၏ ရက်စက်ယုတ်မာသတ်ဖြတ်မှုများအရ စစ်တပ်သည် ပြည်သူများအပေါ် မည်သည့်ခြိမ်းခြောက်မှုမျိုးကိုမဆို အပြည့်အဝ ပြုလုပ်ကျူးလွန်နိုင်ကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အဆိုပါအချက်ကို သိရှိလက်ခံနိုင်ရန် အလွန်အရေးကြီးကြောင်း၊ လက်နက်ပစ္စည်းနှင့် ဆက်စပ်နည်းပညာများရရှိရန် ကြိုးပမ်းနေသော စစ်တပ်၏ လှုပ်ရှားမှုခြေလှမ်းများကို သေချာစောင့်ကြည့်ရန်နှင့် အပြစ်မဲ့ပြည်သူများ အသက်မဆုံးရှုံးစေရန် အလို့ငှာ စစ်တပ်ကို လက်နက်များ ရောင်းချပံ့ပိုးခြင်းမပြုရန် နိုင်ငံတကာအသိုက်အဝန်းအား တိုက်တွန်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် စစ်တပ်က ဆောင်ရွက်ခဲ့ဖူးသည့် CWC စာချုပ်နှင့် မကိုက်ညီသော ဓာတုလက်နက်အစီအစဉ်များကို ထပ်မံထောက်ပြလိုကြောင်း၊ ၁၉၈ဝ ခုနှစ်များအတွင်း၌ပဲခူးတိုင်းဒေသကြီး၊ ထုံးဘိုအနီးရှိ မြန်မာစစ်တပ်၏ ထိန်းချုပ်မှု အောက်တွင်ရှိသော ဓာတုလက်နက်ထုတ်လုပ်သည့်စက်ရုံမှ ဆာလဖာဓာတုအဆိပ်များ (sulfur mustard) ထုတ်လုပ်ခဲ့ကြောင်း၊ ရွေးကောက်ခံ အရပ်သားအစိုးရအနေဖြင့် အဆိုပါကိစ္စရပ်ကို လွန်ခဲ့သည့် နှစ်အနည်းငယ်ခန့်ကမှ သိရှိခဲ့ပြီး၊ ဖြေရှင်းရန် ကြိုးစားခဲ့သော်လည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အာဏာသိမ်းခဲ့သည့် စစ်တပ် ကြောင့် ကြိုးပမ်းမှုမှာ အရာမထင်ခဲ့ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ရှင်းပြသည်။
မြန်မာစစ်တပ်၏ ခေတ်အဆက်ဆက် ကျူးလွန်ခဲ့မှုများနှင့် လက်ရှိတွင် ပြည်သူများအပေါ် ၎င်းတို့၏ ရက်စက်ယုတ်မာသတ်ဖြတ်မှုများအရ စစ်တပ်သည် ပြည်သူများအပေါ် မည်သည့် ခြိမ်းခြောက်မှုမျိုးကိုမဆို အပြည့်အဝပြုလုပ်ကျူးလွန်နိုင်ကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အဆိုပါအချက်ကို သိရှိလက်ခံဖို့ အလွန်အရေးကြီးကြောင်း၊ ထိုသို့ ရက်စက်ယုတ်မာသည့် စစ်တပ်သည် လက်နက်ပစ္စည်းနှင့် ဆက်စပ်နည်းပညာ များရရှိရန် ကြိုးပမ်းလျက်ရှိကြောင်း၊ စစ်တပ်၏ လှုပ်ရှားမှုခြေလှမ်းများကို သေချာစောင့်ကြည့်ရန် နိုင်ငံတကာအသိုက်အဝန်းအား တိုက်တွန်းလိုကြောင်း၊ ထို့အပြင် အပြစ်မဲ့ပြည်သူများ အသက်မဆုံးရှုံးစေရန် အလို့ငှာ စစ်တပ်ကို လက်နက်များ ရောင်းချပံ့ပိုးခြင်း မပြုရန် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းသည်။
ထို့ပြင် အောက်တိုဘာလ ၁၈ ရက်နေ့ ၇၈ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ တတိယကော်မတီအစည်းအဝေးတွင် “လူ့အခွင့်အရေး ကာကွယ်မြှင့်တင်မှု” ခေါင်းစဉ်ဖြင့် အထွေထွေဆွေးနွေးမှု ပြုလုပ်ရာတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာပြည်သူများအပေါ် ကျူးလွန်လျက်ရှိသော စစ်တပ်၏ လုပ်ရပ်များသည် လူ့အခွင့်အရေး ချိုးဖောက်မှုမျှသာ မဟုတ်ကြောင်း၊ စင်စစ်အားဖြင့် စစ်တပ်သည် အရပ်သားပြည်သူ နေထိုင်ရာ နေရာဒေသများကို အဆင်အခြင်မဲ့ လေကြာင်းမှတဆင့် ဗုံးကျဲတိုက်ခိုက်ခြင်း၊ လူအစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်းနှင့် အရပ်သားပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း စသည့် နည်းလမ်းများဖြင့် ကြီးလေးသော နိုင်ငံတကာရာဇဝတ်မှုများ၊ အထူးသဖြင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများ ကျူးလွန်နေခြင်းဖြစ်ကြောင်း ထောက်ပြ ပြောဆိုခဲ့ကြောင်း သိရှိရသည်။