30 C
Yangon

မင်းအောင်လှိုင် တက်ရောက်ခဲ့သည့် အင်းလေး ဖောင်တော်ဦးဘုရားပွဲတွင် စည်တော် တီးရာမှ စည်ပေါက်ထွက်၊ “ထီးကျိုး စည်ပေါက် ထီးနန်းပျောက်” တဘောင်အရ တိုင်းပြည် ပို၍ ပျက်စီးမည့် နမိတ်လက္ခဏာဟုဆို

Must read

မင်းအောင်လှိုင် တက်ရောက်ခဲ့သည့် အင်းလေး ဖောင်တော်ဦးဘုရားပွဲတွင် စည်တော် တီးရာမှ စည်ပေါက်ထွက်၊ “ထီးကျိုး စည်ပေါက် ထီးနန်းပျောက်” တဘောင်အရ တိုင်းပြည် ပို၍ ပျက်စီးမည့် နမိတ်လက္ခဏာဟုဆို

ရန်ကုန်၊ အောက်တိုဘာ ၂၃

အကြမ်းဖက် မင်းအောင်လှိုင် တက်ရောက်ခဲ့သည့် အင်းလေး ဖောင်တော်ဦးဘုရားပွဲတွင် စည်တော်တီးရာမှ စည်ပေါက်ထွက်ခဲ့ပြီး မြန်မာ့ရိုးရာ ဗေဒင်နက္ခတ် သဘောတရားများအရ “ထီးကျိုးစည်ပေါက် ထီးနန်းပျောက်” တဘောင်အရ တိုင်းပြည် ပို၍ ပျက်စီးမည့် နမိတ်လက္ခဏာဖြစ်ကြောင်း ရန်ကုန်မြို့မှ ဗေဒင်နက္ခတ်ဆရာတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၉ ရက်နေ့ အင်းလေး ဖောင်တော်ဦးဘုရား ဒေသစာရီ အပူဇော်ခံချိန် ဟဲယာရွာမမှ ငါးဖယ်ချောင်းသို့ တတိယနေ့အဖြစ် ကြွချီစဉ် ငါးဖယ်ချောင်းတွင် စည်တော်တီးကြရာ၌ စည်တော် ပေါက်သွားခဲ့ကြောင်း၊ အောက်တိုဘာလ ၂၁ ရက်နေ့တွင် အကြမ်းဖက် မင်းအောင်လှိုင် ဖောင်တော်ဦးဘုရားသို့ လာရောက်ပြီး ရွှေသင်္ကန်းကပ်လှူခြင်း၊ ပွဲတက်ရောက်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

“ထီးကျိုးစည်ပေါက် ထီးနန်းပျောက်၊ ထီးကျိုး စည်ပေါက် ဘေးဆိုးရောက်၊ ထီးကျိုးစည်ပေါက် မင်းလည်းပျောက်၊ ထီးကျိုးစည်ပေါက် ပြည်တော်မှောက်” ဆိုတဲ့ ရှေးတဘောင်တွေက ရှေးအစဉ်အလာကတည်းက ရှိခဲ့တယ်။ အလွယ်ပြောမယ်ဆိုရင် ထီးဖြူ ၊ စည်တော်တို့ဆိုတာက အုပ်ချုပ်တဲ့ ဘုရင်၊ မင်းရဲ့ လက္ခဏာတော် ကို ကိုယ်စားပြုတယ်။ ထီးဖြူကျိုးတာ၊ စည်တော်ပေါက် တာတွေဆိုရင် မင်းအပြောင်းအလွဲ ဖြစ်ခဲ့တာ ရှေးမြန်မာဘုရင်ရာဇဝင်ကျမ်းတွေနဲ့ သမိုင်းအထောက်အထားတွေ အပြည့်ရှိပါတယ်။ စည်တော်ပေါက်ခြင်းဟာ ဘုရင့်ဇာတာတော်ပါ စည်တိုင် နက္ခတ်ကို ပါပဂြိုလ်ဆိုးက ဝင်ရောက်စီးနင်းတဲ့အတွက် စည်တိုင်နက္ခတ်ပေါက်ခြင်းဖြစ်တယ်။ လက်ရှိအုပ်ချုပ်နေသူက ဘုရင်၊ မင်းမဟုတ်ဘဲ လက်နက်ပြ မတရားအာဏာသိမ်းထားတာဆိုတော့ တိုင်းပြည်မှာ မင်းမရှိဘူး။ စည်တိုင်နက္ခတ်ပေါက်တဲ့အတွက် တိုင်းပြည် ပို၍ ပျက်စီးမယ်၊ သွေးချောင်းစီးမယ့် နမိတ်လို့ ဒီလို ဟောလို့တယ်” ဟု ရန်ကုန်မြို့မှ နာမည်ကျော် ဗေဒင်ဆရာတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီကို ထောက်ခံသော မဘသ ဓမ္မစက္ကဦးမောင်မောင်ကမူ “အတိတ်နိမိတ် ယူသူများက ထီးကျိုးစည်ပေါက် ဘေးဆိုးရောက်မည်ဟု ယူဆကြမည် ဖြစ်သော်လည်း အင်းလေး ဒေသခံများ၏ အယူအဆအရမူ စည်ပေါက်ခြင်းသည် ထမင်းရည်ချောင်းစီး မောင်းတီး လှူရုံသာမက စည်ပေါက်အောင်တီး၍ အလှူကြီး ပေးနိုင်အောင် ကြွယ်ဝချမ်းသာမည့် အတိတ်နိမိတ်ဟု မှတ်ယူကြသည်” ဟု သူ၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။

ရန်ကုန်မြို့မှ ဗေဒင်ဆရာကမူ အကောင်းပကတိအတိုင်းရှိနေသော အရာတစ်ခုသည် ပျက်စီးခြင်းသို့ ရောက်ရှိခြင်းသည် ကောင်းသော နမိတ် လက္ခဏာမဟုတ်ကြောင်း၊ စည်တော်ပေါက်ခြင်းသည် ကောင်းသော နမိတ်ဟု ယူဆ၍ မရကြောင်း ရှင်းလင်းပြောဆိုသည်။

“အကောင်းအတိုင်းရှိနေတဲ့ အရာတစ်ခုက ပျက်စီးခြင်းကို ရောက်တဲ့ဖြစ်စဉ်က ကောင်းတဲ့ နမိတ်မဟုတ်ပါဘူး။ ဒါကို ကောင်းတဲ့ နမိတ်လို့ ယူဆစရာလည်းမရှိဘူး။ ဘုရားမှာ ထားတဲ့ စည်တော်၊ ဘုရားပူဇော်တဲ့ စည်တော်၊ ဘုရင့်အဆောင်အယောင် စည်တော် ဒါတွေက စည်တိုင်နက္ခတ် ရှိနေပြီးသားဖြစ်တယ်။ ဒါကြောင့် စည်တော်ပေါက်ခြင်းက သာယာ၀ပြောမယ့် လက္ခဏာလို့ ဘယ်လိုမှ ယူဆလို့မရသလို အဲဒီလို သာယာ၀ပြောမယ်လို့ ပြောခြင်းက ကိုယ်ဖြစ်စေချင်တာကို အတင်းအကျပ် ပြောဆိုခြင်းဖြစ်တယ်။ နက္ခတ်တွေ ဂြိုလ်တိုင်တွေကို ကိုယ်ဖြစ်စေချင်သလို ဖြစ်လို့မရပါဘူး။ ဥပမာ- တိုင်းပြည်သာယာ၀ပြောတဲ့ အဓိပ္ပာယ် မင်းကောင်းမင်းမြတ်ပေါ်ထွန်းတဲ့ အဓိပ္ပာယ်ဖော်ချင်တဲ့အခါကျတော့ မည်းနေတဲ့ ဆင်ကြီးကို ဆင်ဖြူတော်ဆိုပြီး လုပ်လို့မရဘူး။ အခု က အဲဒီလို လုပ်နေကြတာ။ ဂြိုလ်တိုင်တွေ နက္ခတ်တွေကို လိမ်လို့မရဘူး။ လှည့်စားလို့မရပါဘူး။ ဖြစ်လာမယ့်ဟာတွေကို ရှောင်လွဲလို့လည်း မရပါဘူး” ဟု ရန်ကုန်မြို့မှ ဗေဒင်ဆရာက သုံးသပ်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article