39 C
Yangon

ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရ၊ ထောင်နှင့် ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

Must read

ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရ၊ ထောင်နှင့် ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

ရန်ကုန်၊ နိုဝင်ဘာ ၂

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က နတ်သံကွင်း တံတားမှနေ၍ လက်နက်ကြီးများဖြင့် ပြည်သူများ နေထိုင်ရွာ ကျေးရွာများကို ပစ်ခတ်ခဲ့ရာ သပြေကုန်းကျေးရွာ အတွင်း ကျရောက် ပေါက်ကွဲပြီး အသက် ၇၆ နှစ်အရွယ် စောပဲပဲ လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိကာ သပြေကုန်း ကျေးရွာအတွင်း နေထိုင်သော ပြည်သူ ၂၂၂ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။

အောက်တိုဘာ ၃၁ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခမရ-၄၃၉ တပ်ရင်းက ကျေးရွာများအတွင်း ၁၅၅ မမ ဟောင်ဝစ်ဇာလက်နက်ကြီး ၄ လုံး ပစ်ခတ်ခဲ့ရာ ပျဉ်းမပင်ကျေးရွာအတွင်း ၁ လုံး၊ ရေလဲ (အရှေ့ဘက်ကမ်း)ရွာကို ၂ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ပျဉ်းမပင်ကျေးရွာမှ ညားဆာဖော၏ နေအိမ်ကို ကျည်စထိမှန်ကာ အသက် ၁၇ နှစ်အရွယ် နော်ဒါးဖောသည် ညာဘက်ဒူး ပြတ်ထွက်သွားပြီး သေဆုံးခဲ့ရကြောင်းသိရသည်။

ထို့ပြင် ရေလဲ(အရှေ့ဘက်ခြမ်း)ရွာမှ ညားမူလာ၏ နေအိမ် လည်း ကျည်စထိမှန် ပျက်စီးခဲ့ပြီး အသက် ၂၀ နှစ်အရွယ် နော်အယ်စေး နှင့် အသက် ၉ နှစ် အရွယ် နောက်စေးလာဝါးတို့ ပြင်းထန် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်သည် အောက်တိုဘာလ ၃၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်တွင် MI-35 ရဟတ်ယာဉ်ဖြင့် ရေလဲ(အရှေ့ဘက်ကမ်း)ရွာနှင့် ရေလဲ(အနောက်ဘက်ကမ်း)ရွာရှိ ကမ်းစပ်တစ်လျှောက်ကို ၃ ကြိမ် လှည့်ပတ်ပစ်ခတ်ခဲ့ပြီး ညနေ ၄ နာရီ ၃၀ မိနစ်တွင်လည်း နောက်ထပ် ၁ ကြိမ် စစ်တောင်းမြစ် ကမ်းစပ်တစ်လျှောက် တွင်ရှိသော သောင်ကြီးရွာ၊ ဝက်တူးရွာ၊ ကျီးပင်ပေါက်ရွာ၊ ပျဉ်းမပင်ရွာ၊ ကင်မွန်းချုံရွာ၊ ငတိုးခင်ရွာနှင့် သင်္ကန်းပင်ရွာ စသည့် ကျေးရွာများကို ဆက်တိုက် ပစ်ခတ်သွားခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၂၆ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်က မူးမြို့နယ်အတွင်းရှိ ထွနီကုန်းရွာ၊ မရမ်းစိန်လေးရွာ စသည့် ကျေးရွာများ တစ်လျှောက်ကို လေယာဉ်ဖြင့် လေကြောင်း တိုက်ခိုက်မှု ၁ ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ ထိုသို့ အကြမ်းဖက် စစ်တပ်က ပြည်သူများကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီး ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည့်အတွက် ဒေသပြည်သူများသည် ကျေးရွာများ အတွင်း မနေရဲတော့ဘဲ ဘေးလွတ်ရာကို ထွက်ပြေးပုန်းရှောင်နေရကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် ရေလဲ(အနောက်ဘက်ကမ်း)ရွာ ၊ သောင်ကြီးရွာ ၊ ကျီးပင်ပေါက်ရွာ ၊ ရေလဲရွာ ၊ ဝက်တူးရွာ ၊ သင်္ကန်းပင်ရွာ နှင့် ပျဉ်းမပင် စသည့်ကျေးရွာများမှ ပြည်သူ ၅၂၃၈ ဦးသည် စစ်ဘေး တိမ်းရှောင်နေရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article