38 C
Yangon

တနင်္သာရီမြို့နယ်ရှိ ညောင်ပင်ကွင်းရွာ အခြေစိုက် အမှတ် ၅၆၁ ခြေမြန်တပ်ရင်းမှ တပ်သား ၂ ဦး PDF ပူးပေါင်း စစ်ကြောင်းထံ အလင်းဝင်

Must read

တနင်္သာရီမြို့နယ်ရှိ ညောင်ပင်ကွင်းရွာ အခြေစိုက် အမှတ် ၅၆၁ ခြေမြန်တပ်ရင်းမှ တပ်သား ၂ ဦး PDF ပူးပေါင်း စစ်ကြောင်းထံ အလင်းဝင်

ရန်ကုန်၊ နိုဝင်ဘာ ၂

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ရှိ ညောင်ပင်ကွင်းရွာ အခြေစိုက် အမှတ် ၅၆၁ ခြေမြန်တပ်ရင်းမှ တပ်သား ၂ ဦး PDF ပူးပေါင်း စစ်ကြောင်းထံ အလင်းဝင်ခဲ့ကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၁ ရက်နေ့တွင် တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာအခြေစိုက်၊ အမှတ် ၅၆၁ ခြေမြန်တပ်ရင်းမှ တပ်သား ၂ ဦးသည် ၎င်းတို့၏ တပ်ရင်းမှ ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့် မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း(၂) ၏ တပ်ခွဲ(၁) ပူးပေါင်းစစ်ကြောင်းထံ လာရောက် အလင်းဝင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တပ်သား ၂ ဦးသည် အောက်တိုဘာလ ၃၁ ရက်နေ့တွင် တပ်ရင်းမှ ထွက်ပြေးလာခဲ့ခြင်းဖြစ်ပြီး တပ်တွင်း မတရား ဖိနှိပ်ခံရခြင်း အပြင် ပြည်သူများအပေါ် စစ်သည်တော်ကျင့်ဝတ်များ ဖောက်ဖျက်ပြီး မတရားဖိနှိပ်သတ်ဖြတ်မှုများ လုပ်ဆောင်နေသည့်အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ပူးပေါင်းစစ်ကြောင်းထံ လာရောက် အလင်းဝင်ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုထားသည်ဟု သိရှိရသည်။

အလင်းဝင်ရောက်လာသည့် စစ်သား ၂ ဦးကို ကောင်းမွန်စွာ စောင့်ရှောက်ထားပြီး ပြည်သူ့ရင်ခွင်နှင့် ချိတ်ဆက်ကာ ၎င်းတို့၏ ဆန္ဒအတိုင်း ‌ကူညီဆောင်ရွက်ပေးသွားရန် စီစဉ်လျက်ရှိကြောင်း၊ တနင်္သာရီတိုင်းအတွင်း အကြမ်းဖက် စစ်တပ်က မတရား အာဏာသိမ်းယူခဲ့ပြီးနောက် CDM ဝင်ရောက်လာခဲ့သည့် ရဲတပ်ဖွဲ့ နှင့် စစ်သားများမှာ ထားဝယ်ခရိုင်တွင် ၉၈ ဦး၊ မြိတ်ခရိုင်တွင် ၁၁၀ ဦး၊ ကော့သောင်းခရိုင်တွင် ၂၉ ဦး၊ စုစုပေါင်း ၂၃၇ ဦးထိ ရှိလာပြီဖြစ်ကြောင်း မှတ်တမ်းများအရ သိရှိရပြီး တနင်္သာရီမြို့နယ်တွင် CDM ဝင်ရောက်လာသူ ၈၄ ဦးအထိ ရှိခဲ့ပြီး CDM အများဆုံး ဝင်ရောက်ထားသည့် မြို့နယ်ဖြစ်ကြောင်းသိရသည်။

တနင်္သာရီတိုင်းအတွင်းရှိ ရဲတပ်ဖွဲ့ဝင်များ၊ ပျူစောထီးများ နှင့် စစ်သားများအနေဖြင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ ထိုးစစ်ဆင်တိုက်ခိုက်ချိန်တွင် ထိခိုက်သေဆုံးမှုပိုများလာမည်ဖြစ်၍ ပြည်သူနှင့်အတူ အချိန်မှီ ပူးပေါင်းကြရန်နှင့် လက်နက်နှင့်တကွ အလင်းဝင်ရောက်လာပါက ကောင်းမွန်စွာ စောင့်ရှောက်ပေးမည့်အပြင် ဂုဏ်ပြုဆုငွေများ ချီးမြှင့်သွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article