30 C
Yangon

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေး၊ ပါမောက္ခ မစ္စတာရှောင်တာနယ်နှင့်တွေ့ဆုံခြင်း အပိုင်း ၁

Must read

“ဒေါ်အောင်ဆန်းစုကြည်က အင်မတန်ဆိုးရွားတဲ့အခြေအနေနဲ့ အပြင်းထန်ဆုံးဖိအားတွေကို ရဲရင့်မှု ထက်မြက်မှု စိတ်ဓါတ်ကြံ့ခိုင်မှုတွေနဲ့ ပါးပါးနပ်နပ် ဖြတ် သန်း နေတာပါ။ သူ့ဘဝ သူ စိတ်ဓာတ်မကျဘူး။ ကျွန်တော်တို့ကိုလည်း စိတ်ဓါတ်မကျဖို့ အားပေးတယ်”

By ရန်ကုန်ခေတ်သစ်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေး၊ ပါမောက္ခ မစ္စတာရှောင်တာနယ်နှင့်တွေ့ဆုံခြင်း အပိုင်း ၁

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက မတရားအမှုဆင် ဖမ်းဆီး တရားစွဲထားချိန်တွင် သူ၏ စီးပွားရေးအကြံပေး မစ္စတာရှောင်တာနယ်ကိုပါ စစ်ကောင်စီက အမှုတွဲအဖြစ် ဖမ်းဆီး ထိန်းသိမ်း မတရားထောင်ချခဲ့သည်။ ယင်းနောက် နိုင်ငံတကာဖိအားကြောင့် စစ်ကောင်စီက ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် ပြန်လည် လွှတ်ပေးခဲ့ရသည်။ ပါမောက္ခ မစ္စတာ ရှောင်တာနယ်ကို ရန်ကုန်ခေတ်သစ်သတင်းဌာနက တွေ့ဆုံမေးမြန်းထားပါသည်။

မေး။ ။ပထမဆုံးအနေနဲ့ အာဏာမသိမ်းခင်ကအခြေအနေအကြောင်း အရင်ဆုံး မေးပါရစေ။ အာဏာမသိမ်းခင်က ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အာဏာသိမ်းမယ့်အခြေအနေကို ကြိုတင်သိနေတာမျိုး မစ္စတာရှောင်တာနယ်နဲ့ ပြောခဲ့ဖူးလား။

မစ္စတာရှောင်တာနယ်။ ။ ပြောခဲ့တာမရှိပါဘူး။ ကျွန်တော်က အာဏာသိမ်းတာကို အံ့အားသင့်နေတာ။

အဲဒီ့ကာလ မှာက အာဏာသိမ်းမယ်ဆိုပြီး အပြောများလာတော့ သူ့အနေနဲ့ ပူပန်မှုတော့ရှိပါတယ်။ ကျွန်တော်သိသလောက်ကတော့ ဘယ်တော့အာဏာသိမ်းမယ်လို့ တိတိကျကျသိထားတာမရှိပါဘူး။

ဒါကြောင့် အာဏာသိမ်းမယ့်အန္တရာယ်ရှိနေပြီဆိုတာကို သူနဲ့ တိုက်ရိုက်ဆွေးနွေးခဲ့တာမျိုးမရှိပါဘူး။ ဖြစ်နိုင်တယ်လို့ပဲပြောခဲ့တာပါ။ နောက်ပိုင်း ကျွန်တော်တို့ ထောင်ထဲမှာဆုံကြတော့ လက်ရှိဖြစ်နေတဲ့ကိစ္စတွေအကြောင်း ပြောဖြစ်ကြပါတယ်။ ဒါပေမဲ့ အာဏာ မသိမ်းခင်ကတော့ ဒီအကြောင်းကိုမပြောဖူးတာ သေချာပါတယ်။ ကျွန်တော်ကတော့ အာဏာသိမ်းမယ်လို့ ထင်မထားခဲ့ပါဘူး။

ရန်ကုန်ခေတ်သစ်။ ။မစ္စတာရှောင်တာနယ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တရားခွင်မှာ ဆုံတွေ့ခွင့်ရခဲ့တယ်ဆိုတော့ လမ်းပေါ် ဆန္ဒပြပွဲတွေကနေ လက်နက်ကိုင်တော်လှန်ရေးကို ပြောင်းလဲသွားတဲ့ လက်ရှိတော်လှန်ရေးအပေါ် သူကဘယ်လိုသဘောထားမှတ်ချက်ပေးပါသလဲ။ ယူကရိန်းအရေးလို တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ပြီး မှတ်ချက်ပေးခဲ့တာရှိပါသလား။

မစ္စတာရှောင်တာနယ်။ ။ဟုတ်ကဲ့ ပြောပါတယ်။ သူ အဓိကပြောတာက ဒီမိုကရေစီအရေးအတွက် မားမား မတ်မတ် ရပ်တည်နေတဲ့ ပြည်သူတွေအတွက် သူ အင်မတန်ဂုဏ်ယူတယ်။ သူ သေသေချာချာပြောတာက မြန်မာနိုင်ငံက ဒီမိုကရေစီသက်တမ်း အင်မတန်နုနယ်သေးပေမယ့် သိတဲ့အတိုင်း အစိုးရတာဝန်ယူတာက နှစ်ပိုင်းလောက်ပဲရှိသေးတော့ သက်တမ်းနုသေးတယ်လေ။

ဒါပေမဲ့ ပြည်သူတွေက သူတို့ရဲ့ ဒီမိုကရေစီ ကိုယ်ပိုင်အခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေကို ခိုင်ခိုင်မာမာ ကာကွယ်နေတာသိရတဲ့အတွက် သူအင်မတန်ဂုဏ်ယူပါတယ်တဲ့။ အထူးသဖြင့် လူငယ်တွေအတွက် အင်မတန်ဂုဏ်ယူတယ်လို့ ပြောပါတယ်။ အပြင်မှာဖြစ်ပျက်နေတာ တော်တော်များများကို ထောင်ထဲမှာသိရတယ်လေ။

မေးခွန်းထဲမှာပါသလို နိုင်ငံတကာအကူအညီကိစ္စကတော့ ကျွန်တော်တို့လိုလားသလို ဖြစ်မလာတာအမှန်ပါပဲ။ ရုရှားက ယူကရိန်းကို ကျူးကျော်တဲ့သတင်းက ထိပ်တန်းကိုရောက်ပြီး မြန်မာနိုင်ငံအရေးက ဘာဖြစ်လို့ နောက်တန်းရောက်နေရတယ်ဆိုတာ

ကျွန်တော်တို့ တော်တော်ပြောဖြစ်ခဲ့ပါတယ်။ ယူကရိန်းပြည်သူတွေလည်း ဒုက္ခရောက်နေတယ်ဆိုတာ မှန်ပါတယ်။ သူတို့ကို ကမ္ဘာက အာရုံစိုက်သင့်တယ်ဆိုတာလည်းမှန်ပါတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ မြန်မာနိုင်ငံကလည်း သူတို့လိုပဲ အခြေအနေဆိုးနေတယ်ဆိုတာ ကမ္ဘာကမမေ့သင့်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် အလေးပေးပြီးပြောခဲ့တာ နှစ်ခုရှိပါတယ်။ဒီမိုကရေစီအရေးအတွက် ရပ်တည်နေကြသူတွေအားလုံးကို သူ အင်မတန်ဂုဏ်ယူတယ်။ နောက်တစ်ချက်က နိုင်ငံတကာအသိုက်အဝန်းရဲ့ မြန်မာနိုင်ငံရဲ့ဒီမိုကရေစီဖြစ်ထွန်းရေးအတွက် ထောက်ပံ့ကူညီမှုက တခြားနေရာတွေနဲ့တန်းတူမဖြစ်တာကိုလည်း သူ့အနေနဲ့ ပူပန်မှုရှိပါတယ်။

ရန်ကုန်ခေတ်သစ်။ ။ ဟုတ်ကဲ့ပါ ဒီတော့ ဒေါ်အောင်ဆန်းစုကြည်က မစ္စတာရှောင်တာနယ်ကတစ်ဆင့် နိုင်ငံတကာအသိုက်အဝန်းကို ဘာများ အမှာစကားပါးလိုက်ပါသေးလဲ။

မစ္စတာရှောင်တာနယ်။ ။ဟုတ်ကဲ့ မှာလိုက်ပါတယ်။ မြန်မာ့အရေးကို မျက်ခြည်မပြတ်ကြဖို့နဲ့ မြန်မာနိုင်ငံရဲ့ ဒုက္ခတွေကို ပစ်မထားဘဲ ကူညီကြဖို့ပါ။ မြန်မာနိုင်ငံရဲ့ဒီမိုကရေစီသက်တမ်းက နုနယ်သေးပေမယ့် ဒီလောက်အချိန်တိုလေးအတွင်းမှာ အောင်မြင်မှုတွေရယူနိုင်ခဲ့တာဖြစ်လို့ နိုင်ငံတကာအနေနဲ့ ပစ်ပယ်မထားသင့်ပါဘူး။

ရန်ကုန်ခေတ်သစ်။ ။နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည် ထောင်ကလွတ်မြောက်လာခဲ့ရင် သူ့ရဲ့တော်လှန်ရေးအပေါ် သဘောထားကြောင့် ပြည်သူလူထုအနေနဲ့ တွေ့ဆုံဆွေနွေးရေး လမ်းကြောင်းပေါ်ကို ရောက်လာမယ်လို့ ယူဆပါသလား။

မစ္စတာရှောင်တာနယ်။ ။ ဒေါ်အောင်ဆန်းစုကြည်က လက်ရှိအနေအထားကို ကောင်းကောင်းသဘောပေါက်ပါတယ်။ အရင်ကကြုံခဲ့ဖူးတော့ သူ့အတွက် အံ့သြစရာမရှိပါဘူး။ သူနဲ့ အချိန်တော်တော်ကြာကြာ တွေ့ခဲ့ရတာပါ။ အမှုစစ်ဆေးတာက တစ်နှစ်ကျော်ကြာတာကိုး။

အမှုစစ်ဆေးနေတဲ့ကာလတစ်လျှောက်လုုံး သူနဲ့တွေ့နေခဲ့တာ။ အရင်က သူ့ကိုသဘောကျတယ် လေးစားတယ်ဆိုပေမယ့် ဒီကာလမှာ သူ့ကိုပိုပြီးလေးစားလာတယ်။ အင်မတန်ဆိုးရွားတဲ့အခြေအနေနဲ့ အပြင်းထန်ဆုံးဖိအားတွေကို ရဲရင့်မှု ထက်မြက်မှု စိတ်ဓါတ်ကြံ့ခိုင်မှုတွေနဲ့ ပါးပါးနပ်နပ် ဖြတ်သန်းနေတာပါ။ သူ့ဘဝသူ စိတ်ဓါတ်မကျဘူး။ ကျွန်တော်တို့ကိုလည်း စိတ်ဓါတ်မကျဖို့ အားပေးတယ်။

ကလေးတွေကို ကူညီတယ်။ တရားခွင်မှာဆိုရင်လည်း အစိုးရရှေ့နေတွေရဲ့ ရယ်စရာစွဲချက်တွေကို တလျှောက်လုံး ခုခံချေပနေခဲ့တာပဲ။ ပြောရရင် သူ့မှာ ဒီအခြေအနေကိုရင်ဆိုင်ဖို့ ဉာဏ်ပညာရော တခြားအရည်အချင်းတွေပါ ပြည့်စုံပြီးသားပါ။ ဒီတော့ အဓိကပြောချင်တာက မြန်မာနိုင်ငံလွတ်လပ်ပြီး လမ်းကြောင်းမှန်ပေါ်ပြန်ရောက်ဖို့ကိုပဲ ကူညီရမှာပါ။

ရန်ကုန်ခေတ်သစ်။ ။ မစ္စတာရှောင်တာနယ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တရားခွင်မှာ တွေ့ခွင့်ရတယ်လို့ ခဏခဏပြောတယ်။ မစ္စတာရှောင်တာနယ်ရဲ့စာအုပ်ဆိုရင်လည်း မထုတ်ဝေခင်ကတည်းက မြန်မာပြည်သူတွေကြားမှာ တအားကို ရေပန်းစားနေပြီ။ ဒီစာအုပ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စတာရှောင်တာနယ်တို့ရဲ့ ဘယ်သူမှမသိသေးတဲ့ အကြောင်းအရာတွေ ပါမယ်ထင်တယ်။ စာအုပ်အကြောင်းလေး ဝေမျှပေးပါဦး။ ပြည်တွင်းက စာဖတ်ပရိသတ်အတွက် မြန်မာဘာသာနဲ့ ဘာသာပြန်ဆိုဖို့ အစီအစဉ်ရော ရှိပါသလား။

မစ္စတာရှောင်တာနယ်။ ။ ဟုတ်ကဲ့ ဘာသာပြန်ချင်ပါတယ်။ ဒီစာအုပ်ရဲ့ အဓိကရည်ရွယ်ချက်က မြန်မာပြည်ကမိတ်ဆွေတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ကျေးဇူးဆပ်ချင်လို့ပါ။ သူတို့က ကျွန်တော့်အသက်သခင်တွေပါ။ သူတို့ဟာ မြန်မာပီပီ မယုံနိုင်လောက်အောင် သတ္တိကောင်းပြီး မေတ္တာကရုဏာကြီးသူတွေပါ။

မြန်မာနိုင်ငံဟာ စစ်တပ်အုပ်ချုပ်မှုအောက်ကို ဘယ်လိုမှ မရောက်သင့်တဲ့နိုင်ငံပါ။ စစ်တပ်ဟာ မြန်မာနိုင်ငံကို ကိုယ်စားမပြုသလို မြန်မာပြည်သူတွေကိုလည်း ကိုယ်စားမပြုပါဘူး။ ကျွန်တော်ထောင်တွင်းမှာဆုံခဲ့တဲ့ အာဏာရှင်ကိုဆန့်ကျင်တဲ့ မြန်မာအကျဉ်းသားတွေမှာ ဘာဆိုဘာမှမရှိဘူး။ သူတို့အခြေအနေက ကျွန်တော့်ထက် အဆပေါင်းများစွာ ပိုဆိုးပါတယ်။

ဒါတောင် ကျွန်တော် သေမသွားအောင် ကာကွယ်ပေးတယ်။ ကျွန်တော့်ကို စားစရာတွေပေးတယ်။ အားပေးတယ်။ စိတ်ကျေနပ်စရာ မယုံနိုင်စရာ အဖြစ်တွေပါ။ သူတို့ကို ကျွန်တော်ဂုဏ်ပြုချင်တယ်။ ဒါတွေကို ကမ္ဘာသိအောင်ချပြပြီး ဒီလိုနိုင်ငံနဲ့ ဒီလိုပြည်သူတွေကိုကူညီကြဖို့ သတင်းစကားပါးချင်တာပါ။ ဒါက ကျွန်တော့်ရဲ့ ပထမရည်ရွယ်ချက်ပါ။

ဒုတိယရည်ရွယ်ချက်ကလည်း အတူတူပါပဲ။ မြန်မာနိုင်ငံကို ကမ္ဘာက အာရုံစိုက်လာစေဖို့ပါ။ သိတဲ့အတိုင်း ကမ္ဘာကြီးက ကသောင်းကနင်းဖြစ်နေတာလေ။ အရှေ့အလယ်ပိုင်းပဋိပက္ခနဲ့ ရုရှား-ယူကရိန်းစစ်ပွဲတွေရှိနေတော့ မြန်မာနိုင်ငံဘက်ကို ဘယ်လိုမှ အာရုံမကျနိုင်တော့ဘူး။

သူတို့အခြေအနေကို မဆိုးဘူးလို့မငြင်းပါဘူး။ ကျွန်တော် မနေ့ကလေ့လာကြည့်တော့ အာဏာသိမ်းပြီးချိန်ကစလို့ မက္ကဆီကန် ၁၄၄ ယောက်ကိုပဲ လူ ၁၀ ယောက်ကျော်သတ်မှုနဲ့ အပြစ်ပေးခဲ့တာရှိတယ်။ ဒီအရေအတွက်ကိုကြည့်ရင် မြန်မာနိုင်ငံက အများကြီးပိုဆိုးတယ်ဆိုတာ အသိသာကြီးပါ။ ဒါပေမဲ့ တခြားနေရာတွေလောက် အာရုံစိုက်မခံရဘူး။ ဒီစာအုပ်ကိုရေးသားရတဲ့ အကြောင်းတစ်ခုက မြန်မာနိုင်ငံအကြောင်း မီဒီယာတွေပေါ်ရောက်ဖို့ လူသိများအောင်လုပ်ဖို့ လူပြောများနေအောင်လုပ်ဖို့ပါ။ မြန်မာပြည်သူတွေကို ကျေးဇူးဆပ်ချင်တာရောပေါ့။

ကျွန်တော်နဲ့ဆုံတွေ့ခဲ့သူတွေအကြောင်းကို တင်ပြချင်တယ်။ ဒါမှလည်း လူတွေသိရမှာပါ။ ကျွန်တော့်ရည်ရွယ်ချက်က အဲဒါပါပဲ။ ဒီစာအုပ်ကို ပြည်တွင်းအရောက်ပို့ဖို့ကလည်း ကျွန်တော့်အတွက် အရေးကြီးပါတယ်။ စစ်ကောင်စီက မလိုလားမှာကတော့ သေချာတယ်။ ဒီစာအုပ်ကို စနစ်တကျဘာသာပြန်ဆိုနိုင်ဖို့ ကျွန်တော်တို့ ကြိုးစားနေတာရှိပါတယ်။ အတတ်နိုင်ဆုံး ကျယ်ကျယ်ပြန့်ပြန့် ထုတ်ဝေဖြန့်ချိသွားမှာပါ။

ရန်ကုန်ခေတ်သစ်။ ။ မစ္စတာရှောင်တာနယ် ထောင်ကလွတ်လာတဲ့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကစလို့ မြန်မာနိုင်ငံအခြေအနေအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။ နွေဦးတော်လှန်ရေးအပေါ် အမြင်ကိုလည်း သိပါရစေ။

မစ္စတာရှောင်တာနယ်။ ။ မြန်မာနိုင်ငံအခြေအနေက အင်မတန်ဆိုးရွားပါတယ်။ ဒါကလည်း နစကလို့ သူတို့ဘာသာနာမည်တပ်ထားတဲ့ စစ်အာဏာသိမ်းအစိုးရရဲ့ လုပ်ရပ်တွေကြောင့်ပါ။ ကျွန်တော် အစောပိုင်းကပြောခဲ့သလိုပါပဲ။ ပြည်သူတွေရဲ့စိတ်ဓါတ်ကို ကျွန်တော်သိပ်လေးစားတယ်။

မအံ့သြဘဲမနေနိုင်ဘူး။ သူတို့ရဲ့သတ္တိ အချင်းချင်းအပေါ်မှာရော ကျွန်တော်တို့လို နိုင်ငံခြားသားတွေအပေါ်မှာပါ ထားတဲ့စေတနာတွေကိုပါ။ ဒါက ဒီကာလတလျှောက်မှာ မြင်တွေ့ရတဲ့ ပြည်သူတွေရဲ့ အံ့ဖွယ်ခံနိုင်ရည်ပါ။ ဒါပေမဲ့ နိုင်ငံအခြေအနေကတော့ ဆိုးဝါးလွန်းတာအမှန်ပါပဲ။

အင်မတန်ဆိုးဝါးတဲ့ အကြမ်းဖက်လုပ်ရပ်တွေရှိနေတယ်။ အရင်စစ်အစိုးရတွေထက် အများကြီး ပိုဆိုးပါတယ်။ မြန်မာနိုင်ငံဟာ ဖိနှိပ်တဲ့စစ်အစိုးရလက်အောက်ကို ကျရောက်ခဲ့ဖူးတဲ့နိုင်ငံပါ။ ဒါပေမဲ့ အခုစစ်အစိုးရက မယှဉ်သာအောင်ပိုဆိုးတယ်။ ကျင့်ဝတ်သိက္ခာပိုင်းအရကြည့်ကြည့် နိုင်ငံတကာအမြင်အရကြည့်ကြည့်ပါ ဘယ်စံနှုန်းနဲ့မဆို အဆိုးဆုံးပါ။

နိုင်ငံက သိပ်အခြေအနေ ဆိုးနေတယ်။ ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်ဆို ၂ သန်းကျော်နေပြီ။ လူဦးရေ သန်း ၂၀ ကျော်က ဆင်းရဲတွင်းနက်နေတယ်။ ဒါဟာ အကူအညီအလွန်လိုအပ်နေတဲ့ အနေအထားပါ။ အာဏာမသိမ်းခင်က အခြေအနေနဲ့ နှိုင်းယှဉ်ကြည့်ရင် အာဏာမသိမ်းခင်ကဆို တိုင်းပြည်က သိသိသာသာတိုးတက်နေခဲ့တာပဲ အထူးသဖြင့် စီးပွားရေးကဏ္ဍမှာပါ။ အခုဆိုရင် လူ့အခွင့်အရေးအခြေအနေတွေက တော်တော်ဆိုးရွားနေတယ်။ အကြမ်းဖက်မှုတွေ၊ သတ်ဖြတ်မှုတွေ၊ မုဒိမ်းမှုတွေကစလို့

အစစအရာရာမှာပေါ့။ ဒါပေမဲ့ စီးပွားရေးဘက်မှာလည်း အခြေအနေဆိုးနေတာပါပဲ။

မြန်မာနိုင်ငံက တိုးတက်မှုလမ်းကြောင်းပေါ်ကို အရှိန်အဟုန်နဲ့တက်နေပြီ။ ကိုဗစ်အလွန်ကာလအတွက် သိပ်ကောင်းမွန်တဲ့ စီမံကိန်း တွေရှိနေပြီ။ ဒါတွေအားလုံးကို စစ်တပ်ကဖျက်ဆီးလိုက်တာ။ လက်ရှိ စီးပွားရေးဆိုရင် မြန်မာနိုင်ငံသမိုင်းမှာ အဆိုးဆုံးလို့တောင်ဆိုနိုင်တယ်။ အဆိုးဆုံးကတော့ စီးပွားရေးကဏ္ဍမှာရှိတဲ့ နိုင်ငံရဲ့အလားအလာကောင်းတွေ အနာဂတ်ကောင်းတွေကို သတ်ပစ်လိုက်တာပဲ။ တိုင်းပြည်ရဲ့အခြေအနေက ကမ်းကုန်အောင်ဆိုးနေပြီလို့ ရင်နာနာနဲ့ပြောမယ့်သူက ကျွန်တော်တစ်ယောက်တည်းမဟုတ်ပါဘူး။

(အင်တာဗျူးဒုတိယပိုင်းကို ဆက်လက်ဖော်ပြသွားပါမည်)

Photo Credit – ABC

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article