25 C
Yangon

“အလံနီသင်္ကေတ” ကမ်ပိန်း သို့မဟုတ် မြန်မာစစ်အုပ်စုအတွက် လက်နက်၊ ငွေနှင့် ထောက်ပံ့ရေးပစ္စည်းများ ပံ့ပိုးပေးနေသည့် စင်ကာပူကုမ္ပဏီ ၁၃၈ ခုအား သတိပေးခြင်း

Must read

“အလံနီသင်္ကေတ” ကမ်ပိန်း သို့မဟုတ် မြန်မာစစ်အုပ်စုအတွက် လက်နက်၊ ငွေနှင့် ထောက်ပံ့ရေးပစ္စည်းများ ပံ့ပိုးပေးနေသည့် စင်ကာပူကုမ္ပဏီ ၁၃၈ ခုအား သတိပေးခြင်း

ရန်ကုန်၊ နိုဝင်ဘာ ၁၁

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrews ကဖော်ထုတ်ခဲ့တဲ့ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်သတ်ဖြတ်မှုတွေနဲ့ စစ်ရာဇ၀တ်မှုတွေကို အထောက်အပံ့ ပေးရာရောက်တဲ့ စင်ကာပူကုမ္ပဏီတွေနဲ့ ပတ်သက်တဲ့ကိစ္စကို လူအများအာရုံစိုက်လာစေဖို့ ရည်ရွယ်ပြီး Justice For Myanmar (JFM) က “အလံနီသင်္ကေတ” ဆိုရှယ်မီဒီယာ လှုပ်ရှားမှုကို ယနေ့ စတင်လိုက်တယ်လို့ သိရပါတယ်။

အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့မှာ ကျင်းပတဲ့ အာရှပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ခေါင်းဆောင်များ အစည်းအဝေး (APEC) နဲ့ တိုက်ဆိုင်နေချိန်မှာ စင်ကာပူနဲ့ အခြားနိုင်ငံတွေက မြန်မာစစ်အုပ်စုကို ရန်ပုံငွေ၊ လက်နက်နဲ့ ပစ္စည်းကိရိယာများ စီးဆင်းနေမှုကို ရပ်တန့်စေဖို့အတွက် စင်ကာပူနဲ့ အခြားနိုင်ငံတွေကို ဖိအားပေးဖို့ ရည်ရွယ်ပြီး ဒီလှုပ်ရှားမှုကို စတင်လိုက်ခြင်း ဖြစ်တယ်လို့လည်း သိရတာပါ။

စင်ကာပူ နိုင်ငံခြားရေး၀န်ကြီး Vivian Balakrishnan က “အဲဒီမှာ စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေ ရှိနေ ကြောင်း ရှင်းရှင်းလင်းလင်းသိရရင် ကျွန်တော်တို့ အလံနီထောင်ပါမယ်။ ဒါမှမဟုတ် ကျွန်တော်တို့ရဲ့ တရားစီရင်ရေးကို ထိခိုက်လာစေနိုင်တဲ့ အရပ်ဘက်သုံးပစ္စည်းတွေ၊ စစ်ဘက်-အရပ်ဘက် နှစ်မျိုးသုံး ပစ္စည်းတွေ ဆိုရင်လည်း အလံနီ ထောင်ပါ့မယ်”ဟု ပြောကြားခဲ့ပါတယ်။

ဒါကြောင့်မို့ စစ်အုပ်စုကျူးလွန်နေတဲ့ နိုင်ငံတကာရာဇ၀တ်မှုတွေမှာ စင်ကာပူရဲ့ အခန်းကဏ္ဍကို အာရုံစိုက်လာစေဖို့ ရည်ရွယ်ပြီး၊ စင်ကကာပူ လက်နက်ပွဲစား ကုမ္ပဏီ ၁၃၈ ခု အတွက် “အလံနီသင်္ကေတ” အီမိုဂျီ ၁၃၈ ခု ပါတဲ့ ဆိုရှယ်မီဒီယာပို့စ်တွေကို ဖြန့်ချီမယ် လို့လည်း JFM ကဆိုပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က “စင်ကာပူအစိုးရအနေနဲ့ မြန်မာစစ်အုပ်စုကို လက်နက်ရောင်းဝယ်တာတွေ အောင်မြင်စွာ ရပ်တန့်လိုက်ပါက စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်မှု ကျူးလွန်နိုင်စွမ်းကို သိသိသာသာ ဟန့်တားပိတ်ပင်နိုင်မှာ ဖြစ်တယ်” လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။

စင်ကာပူနိုင်ငံဟာ မြန်မာနိုင်ငံမှာ အချမ်းသာဆုံးပုဂ္ဂိုလ်တွေထဲမှ တစ်ဦးဖြစ်တဲ့ Htoo Group of Companies ပိုင်ရှင် ခရိုနီသဌေးကြီး တေဇလို စစ်အုပ်စုခရိုနီတွေအတွက် အဓိက စီးပွားရေးအချက်အချာနေရာ တစ်ခုအဖြစ် ရှိနေသေးတယ်လို့ Justice for Myanmar က ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

တေဇ ဟာလက်ရှိအချိန်အထိ မြန်မာပြည်သူလူထုကို ဒုက္ခပေးနေတဲ့ စစ်ဘက်ဆိုင်ရာ ထောက်ပံ့မှု အနည်းဆုံး ၁၇ ခုကို လုပ်ကိုင်နေပြီး စင်ကာပူနိုင်ငံ Sentosa ကျွန်းပေါ်ရှိ ခမ်းနားလှသော သုံးထပ် ဇိမ်ခံအိမ်ကြီးမှာ နေထိုင်လျက်ရှိနေတယ်လို့လည်း JFM ကဆိုပါတယ်။

ဒါကြောင့် တရားမ၀င်စစ်အုပ်စုအတွက် လက်နက်၊ ငွေနဲ့ တခြားထောက်ပံ့မှုတွေ ပြုလုပ်နေတာကို ရပ်တန့်ဖို့၊ စင်ကာပူအစိုးရက ဒီထက်မက လုပ်ဆောင်ဖို့ ဖိအားပေးမယ့် လှုပ်ရှားမှုဖြစ်တဲ့ “အလံနီသင်္ကေတ” 🚩 ၁၃၈ ခု လွှင့်ထူမယ့် လှုပ်ရှားမှုမှာ ပူးပေါင်း ပါဝင်ပေးကြဖို့ ပြည်သူတွေကို နှိုးဆော်ပါတယ်လို့ JFM ကထုတ်ပြန်ပြောဆိုပါတယ်။

တရားမ၀င်စစ်အုပ်စုကို လက်နက်၊ ငွေနဲ့ အခြားထောက်ပံ့ရေးပစ္စည်းများ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ လွှဲပြောင်းပေးနေမှုများကို ရပ်တန့်စေဖို့ အောက်ဖော်ပြပါ တောင်းဆိုချက်တွေကို စင်ကာပူအစိုးရကို တိုက်တွန်း တောင်းဆိုထားတယ်လို့ Justice For Myanmar ထုတ်ပြန်ထားပါတယ်။

1️⃣ မြန်မာစစ်အုပ်စုထံ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ လက်နက်များ လွှဲပြောင်းမှု၊ စစ်ဘက်အရပ်ဘက် နှစ်မျိုးသုံးကုန်ပစ္စည်းများ အပါအဝင် နည်းပညာနှင့် လေယာဉ်ဆီလွှဲပြောင်းမှုကို ရပ်တန့်စေဖို့အတွက် ပိတ်ဆို့ အရေးယူမှုများ ထုတ်ပြန်ပေးရန်။

2️⃣ စစ်အုပ်စု ဘဏ်များအပါအဝင် ပစ်မှတ်ထားပိတ်ဆို့ အရေးယူမှုများမှတဆင့် စင်ကာပူရဲ့ ဘဏ္ဍာရေးစနစ်ထဲကို စစ်အုပ်စု ဝင်ရောက်ခွင့်ကို တားဆီးပိတ်ပင်ပေးရန်။

3️⃣ မြန်မာစစ်အုပ်စုကို လက်နက်များ၊ စစ်ဘက်အရပ်ဘက်နှစ်မျိုးသုံး ကုန်ပစ္စည်းတွေနဲ့ နည်းပညာများ ပံ့ပိုးပေးနေတဲ့ စင်ကာပူကုမ္ပဏီတွေအပေါ် အများပြည်သူဆိုင်ရာ စုံစမ်းစစ်ဆေးမှုများကို အရှိန်မြှင့် လုပ်ဆောင်ပေးရန်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article