30 C
Yangon

UK နိုင်ငံရဲ့ ပိတ်ဆို့မှုကို ချိုးဖောက်ပြီး မြန်မာစစ်တပ်နဲ့ စီးပွားရေး ဆက်လက်လုပ်ကိုင်နေ‌တဲ့ ပြည်ပသတ္တုတူးဖော်ရေးကုမ္ပဏီကို အမြန်ဆုံး အရေးယူပေးဖို့ တောင်းဆို

Must read

UK နိုင်ငံရဲ့ ပိတ်ဆို့မှုကို ချိုးဖောက်ပြီး မြန်မာစစ်တပ်နဲ့ စီးပွားရေး ဆက်လက်လုပ်ကိုင်နေ‌တဲ့ ပြည်ပသတ္တုတူးဖော်ရေးကုမ္ပဏီကို အမြန်ဆုံး အရေးယူပေးဖို့ တောင်းဆို

ရန်ကုန်၊ နိုဝင်ဘာ ၂၁

သြစတြေးလျနဲ့ ချိတ်ဆက်ထားတဲ့ သတ္တုတူးဖော်ရေးကုမ္ပဏီတစ်ခုက ဗြိတိန်ရဲ့ ပိတ်ဆို့အရေးယူမှုတွေကို ချိုးဖောက်ပြီး မြန်မာစစ်တပ်နဲ့ စီးပွားရေး ဆက်လက်လုပ်ကိုင်နေတယ် ဆိုတဲ့ အထောက်အထားများ တွေ့ရှိခဲ့လို့ စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်ဖို့ Justice For Myanmar(JFM) အဖွဲ့က တောင်းဆိုလိုက်ပါတယ်။

British Virgin Islands မှာ မှတ်ပုံတင်ထားတဲ့ Cornerstone Resources (Myanmar) Limited ကုမ္ပဏီဟာ UK ရဲ့ ပိတ်ဆို့မှုတွေကို ချိုးဖောက်ထားတဲ့ အထောက်အထားများ တွေ့ရှိခဲ့လို့ စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်ပေးဖို့ တောင်းဆိုလိုက်ခြင်းလည်း ဖြစ်ပါတယ်။

Justice For Myanmar က ရရှိထားတဲ့ အချက်အလက်တွေအရ Cornerstone Resources (Myanmar) Limited ဟာ စီးပွားရေးလုပ်ငန်းများအပြင်၊ စစ်အုပ်စုရဲ့ လုပ်ငန်းစုကြီးဖြစ်တဲ့ မြန်မာစီးပွားရေး ကော်ပိုရေးရှင်း (MEC) အကြား ဘဏ္ဍာရေး အပေးအယူများ ရှိခဲ့တယ်လို့ တွေ့ ရှိခဲ့ခြင်းဖြစ်ပါတယ်။

MEC ကို zinc သတ္တုရောင်းချမှုနဲ့ MEC ထံကနေ ကျောက်မီးသွေး ဝယ်ယူမှုတို့ အပါအ၀င် ငွေပမာဏအနေနဲ့၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် ဩဂုတ်လအတွင်း မြန်မာငွေ ကျပ် ၁,၉၇၁,၂၃၆,၄၈၃ (ပေါင် ၇၇၀,၀၀၀ သို့မဟုတ် သြစတြေးလျ ဒေါ်လာ ၁.၃၃ သန်း) ရှိခဲ့တယ်လို့ အတိအကျ ဖော်ပြလာပါတယ်။

ဒါ့ကြောင့် မြန်မာစစ်အုပ်စုနဲ့ သြစတြေးလျနှင့် ချိတ်ဆက်ထားတဲ့ သတ္တုတူးဖော်ရေး ကုမ္ပဏီဟာ Zinc နဲ့ကျောက်မီးသွေးကို အပြန်အလှန် ရောင်းချမှုတွေမှာ ပါဝင်ပတ်သက်နေခြင်းကို အထင်အရှား အထောက်အထားများနဲ့ တွေ့ရှိခဲ့ရခြင်း ဖြစ်ပါတယ်။

ဒါဟာ ယူကေက ၂၀၂၁ ခုနှစ် ဧပြီလ ၁ ရက်နေ့မှာ ချမှတ်ခဲ့တဲ့ MEC အပေါ် ယူကေ ရဲ့ဒဏ်ခတ်ပိတ်ဆို့မှုတွေအပေါ် မလိုက်နာဘဲ ကုမ္ပဏီက ဖောက်ဖျက် ကျူးလွန်လိုက်ခြင်း ဖြစ်တယ်လို့ JFM က အတိအလင်း ဆိုလိုက်တာပါ။

Cornerstone Resources (Myanmar) Limited ကုမ္ပဏီရဲ့ မြန်မာစီးပွားရေးလုပ်ငန်းကို ယူကေရဲ့ အုပ်ချုပ်မှု အောက်မှာရှိတဲ့ British Virgin Island မှာရှိတဲ့ မိခင်ကုမ္ပဏီက ပိုင်ဆိုင်တာဖြစ်ပြီး အဆိုပါကုမ္ပဏီကို ယူကေအနေနဲ့ အမြန်ဆုံး စစ်ဆေး အရေးယူပေးဖို့ အရေးတကြီး လိုအပ်ပြီဖြစ်ကြောင်း တိုက်တွန်းထားပါတယ်။

ကုမ္ပဏီကို အရေးယူသည့်အနေနဲ့ လျော်ကြေး ဒဏ်ငွေ ချမှတ်ဖို့ လိုအပ်မှာဖြစ်သလို့ အဲ့ဒီ့လျော်ကြေးငွေတွေကို စစ်ကောင်စီကြောင့် ဒုက္ခရောက်နေတဲ့ ပြည်သူတွေအတွက် ပြန်လည်အသုံးပြုပေးဖို့လည်း တောင်းဆိုထားပါတယ်။

အထူးသဖြင့် စစ်ဘေးရှောင်တွေအတွက် ကယ်ဆယ်ရေးလုပ်ငန်းများ၊ ပြန်လည် ထူတောင်ရေး၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် အခြားလူမှုရေး ဝန်ဆောင်မှုများမှာ အသုံးပြု ဖို့ တိုက်တွန်းထားပါတယ်။

စစ်ကောင်စီရဲ့ အမှတ် (၁) သတ္တုတွင်းလုပ်ငန်း ကို သြစတြေးလျနဲ့ ယူကေမှာ ပိတ်ဆို့အရေးယူဖို့ တောင်းဆိုထားပေမယ့် အဲ့ဒီ့ ၂နိုင်ငံစလုံးက လတ်တလောမှာ ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားခြင်း မရှိသေးလို့ အမြန်ဆုံး ပိတ်ဆို့ဒဏ်ခတ်မှုတွေ ပြုလုပ်ဖို့ တိုက်တွန်းထားပါသေးတယ်။

Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က

“ဩစတေးလျက စစ်အုပ်စု တရားမဝင် ထိန်းချုပ်ထားတဲ့ မြန်မာ့ သတ္တုတွင်းလုပ်ငန်းကို စီးပွားရေးပိတ်ဆို့အရေးယူဖို့ ပျက်ကွက်မှုက မြန်မာနိုင်ငံမှာ Cornerstone ရဲ့ လက်ရှိလုပ်ငန်းတွေ ဆက်လုပ်ခွင့်ရရှိစေပြီး၊ မြန်မာပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေမှာ အသုံးပြုဖို့ ဘဏ္ဍာငွေတွေ ရရှိစေခဲ့ပါတယ်။ ဩစတြေးလျအနေနဲ့ အကြောင်းပြချက် မျိုးစုံပေးနေတာကို ရပ်တန့်ပြီး နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတွေအပါအဝင် စစ်အုပ်စုရဲ့ ဘဏ္ဍာရေးနဲ့ လက်နက်အရင်းအမြစ်တွေကို ပိတ်ဆို့ အရေးယူမှုတွေ လုပ်ဆောင်ဖို့ လိုအပ်နေပါတယ် “ လို့ဆိုပါတယ်။

သြစတြေးလျနိုင်ငံတကာ တရားမျှတမှုစင်တာမှ အကြီးတန်းရှေ့နေ Melissa Chen ကတော့

“အမှန်တကယ်အကျိုးသက်ရောက်မှုရှိဖို့၊ မြန်မာနိုင်ငံမှာ ဆက်လက်ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇ၀တ်မှုတွေအတွက် တာဝန်ရှိသူတွေကို တားဆီးဖို့ ဒီပိတ်ဆို့အရေးယူမှုတွေကို ထိထိရောက်ရောက် အကောင်အထည်ဖော်ဖို့ လိုပါတယ်” ဟု ပြောကြားခဲ့ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article