26 C
Yangon

စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု ရပ်ဆိုင်းပြီဖြစ်၍ စစ်ကောင်စီလက်အောက်ခံ စစ်ဘက်၊အရပ်ဘက်ဝန်ထမ်းများ ပြည်သူ့ဘက် ခိုလှုံ ပူးပေါင်းကြရန် KNU တပ်မဟာ ၁ သထုံခရိုင်က သတိပေး

Must read

စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု ရပ်ဆိုင်းပြီဖြစ်၍ စစ်ကောင်စီလက်အောက်ခံ စစ်ဘက်၊အရပ်ဘက်ဝန်ထမ်းများ ပြည်သူ့ဘက် ခိုလှုံ ပူးပေါင်းကြရန် KNU တပ်မဟာ ၁ သထုံခရိုင်က သတိပေး

ရန်ကုန်၊ ဒီဇင်ဘာ ၁၀

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုများ ရပ်ဆိုင်းပြီဖြစ်၍ စစ်ကောင်စီလက်အောက်ခံ စစ်ဘက်၊ အရပ်ဘက် ဝန်ထမ်းများအနေဖြင့် ပြည်သူ့ဘက်ခိုလှုံပူးပေါင်းကြရန် KNU တပ်မဟာ ၁ သထုံခရိုင်က သတိပေးချက် ယနေ့ ထုတ်ပြန်သည်။

မင်းအောင်လှိုင် ဦးဆောင်သော စစ်တပ်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် အဓမ္မ စစ်အာဏာသိမ်းယူခြင်းကြောင့် နိုင်ငံတစ်ဝှမ်းလုံးမှ ပြည်သူများက လက်မခံဘဲ ဆန့်ကျင်ခဲ့ကြကြောင်း၊ အဆိုပါ ပြည်သူလူထု၏ အာဏာဖီဆန် လှုပ်ရှားမှုကို ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ အတိအလင်း ထောက်ခံ အားပေးကူညီလျက်ရှိပြီး အဆိုပါ အဓမ္မ အာဏာသိမ်းယူမှုကြောင့်လည်း ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ရည်ရွယ်သည့် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှုများ ရပ်ဆိုင်း နိဂုံးချုပ်ခဲ့ပြီး ဖြစ်ကြောင်း KNU တပ်မဟာ ၁ သထုံခရိုင်က ပြောဆိုသည်။

အာဏာသိမ်းစစ်ကောင်စီ၏ ပြည်သူလူထုအား ရန်သူသဖွယ် ပစ်မှတ်ထား အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ် ဖျက်စီးမှုများကြောင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်နှင့် ဘဝလုံခြုံမှုများ ကင်းမဲ့ကာ ကြီးမားသော ထိခိုက်ပျက်စီးမှုနှင့် ကြုံတွေ့နေရကြောင်း KNU – ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင်/တပ်မဟာ ၁ ၏ စီမံအုပ်ချုပ်မှု နယ်မြေအတွင်းရှိ ပြည်သူလူထု၏ ဘဝလုံခြုံရေးအတွက် ကာကွယ်စောင့်ရှောက်ခြင်းနှင့် လူမှုဝန်ဆောင်မှုလုပ်ငန်းများ ပေးအပ်ခြင်းတို့ကို တာဝန်ယူမှု၊ တာဝန်ခံမှုတို့ဖြင့် ပြည်သူလူထုနှင့် အတူတကွ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ပေးလျက် ရှိကြောင်း၊ KNU သထုံခရိုင်/တပ်မဟာ ၁ စီမံအုပ်ချုပ်မှု နယ်မြေအတွင်း စစ်ကောင်စီ အခြေစိုက်သော တပ်ရင်း၊ တပ်စခန်းများရှိ အရာရှိ၊ အရာခံ၊ တပ်ကြပ်၊ တပ်သားများအား ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ နိုင်ငံရေးရပ်တည်ချက်ကို ပါဝင်ပူးပေါင်းနိုင်ရန် KNU က တိုက်တွန်းနှိုးဆော်သည်။

စစ်ကောင်စီ၏ စစ်ဖက်/အရပ်ဖက် ဝန်ထမ်းများနှင့် ပြည်သူလူထုတို့အနေဖြင့် မိမိတို့၏ လုံခြုံရေးအတွက်-

(က) ပြည်သူလူထုများအနေဖြင့် မိမိဘဝလုံခြုံရေးအတွက် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးတွင် တရားဝင် အသိအမှတ်ပြု ပါဝင်ဆောင်ရွက်သွားရန်၊

(ခ) စစ်ကောင်စီ၏ အရပ်ဘက်ဝန်ထမ်းများအနေဖြင့် စစ်ကောင်စီ၏ အုပ်ချုပ်ရေး လုပ်ငန်းများမှ စွန့်ခွာ၍ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ပြည်သူလူထုနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်ရန်။

(ဂ) စစ်ကောင်စီ၏ စစ်ဘက်ဝန်ထမ်းများအနေဖြင့် စစ်ကောင်စီ၏ အမိန့်ပေးမှုမှ စွန့်ခွာပြီး ပြည်သူလူထု၏ လုံခြုံရေးကို အကာအကွယ်ပေးဆောင်ရွက်ရန် KNU က တိုက်တွန်းထားသည်။

ထို့ပြင် စစ်ကောင်စီလက်အောက်ခံ စစ်သားများအနေဖြင့် ပြည်သူလူထုကို ပစ်မှတ်ထား တိုက်ခိုက်သတ်ဖြတ်စေသည့် အမိန့်များအား ဖီဆန်ခြင်း၊ ရှိသည့်နေရာမှ အာဏာရှင်ဒေါက်တိုင်ဖြိုဖျက်ရန် ဆန့်ကျင်တော်လှန်သော လှုပ်ရှားမှုများတွင် နည်းမျိုးစုံဖြင့် ပါဝင်ကူညီတိုက်ပွဲဝင်ခြင်း၊ ထိပ်ပိုင်း စစ်ဗိုလ်ချုပ်ကြီးများသာ အကျိုးစီးပွား ဖြစ်နေသည့် စစ်တပ်အား စွန့်ခွာကာ ပြည်သူ့ဘက်သို့ ကူးပြောင်းခိုလှုံရန် KNU တိုက်တွန်းပြောဆိုထားသည်။

ပြည်သူလူထု၏ ဘဝလုံခြုံမှုနှင့် လူမှုဝန်ဆောင်မှုများကို ပေးအပ်ဆောင်ရွက်ရာတွင် KNU ၏ စီမံအုပ်ချုပ်မှု နယ်မြေအတွင်းတွင် ကေအဲန်ယူမှ အပြည့်အဝ တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ပြီး KNU နယ်မြေများတွင် ပြည်သူလူထု၏ လူမှုလုံခြုံမှုနှင့် လူမှုဝန်ဆောင်မှုများကို ဆောင်ရွက်လိုသည့် မည်သည့် အဖွဲ့အစည်းမဆို ပူးပေါင်း ဆောင်ရွက်နိုင်ရန်အတွက် အဆင့်ဆင့်သော ကေ ချိတ်ဆက် ဆက်သွယ်ပြီး ကေအဲန်ယူ ခရိုင်၏ အသိအမှတ်ပြုမှုဖြင့် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း KNU က ထုတ်ပြန်ပြောဆိုထားသည်။

KNU သထုံခရိုင်/တပ်မဟာ (၁) စီမံအုပ်ချုပ်မှု နယ်မြေအတွင်းရှိ ပြည်သူလူထုနှင့် စစ်ကောင်စီ၏ စစ်ဖက်/အရပ်ဖက် ဝန်ထမ်းများအပေါ် KNU က သတ်မှတ်ထားသော စည်းမျဥ်းစည်းကမ်း ဥပဒေများနှင့်အညီ တာဝန်ယူမှု တာဝန်ခံမှု ရှိစွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း KNU သထုံခရိုင်/တပ်မဟာ (၁)က အသိပေး ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article