By ရန်ကုန်ခေတ်သစ်
ရှမ်းမြောက်ဒေသမှာရှိတဲ့ မြို့နယ် ၁၇ ခုနဲ့ တပ်စခန်းပေါင်း ၅၀၀ နီးပါးကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ကနေ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်အတွင်း အကြမ်းဖက်စစ်ကောင်စီက ဆုံးရှုံးလိုက်ရပါတယ်။
အဲဒီဆုံးရှုံးမှုတွေနဲ့အတူ မြန်မာစစ်တပ်မှာ ဘယ်တုန်းကမှ မကြားဖူးတဲ့ ဗိုလ်မှူး ချုပ် အဆင့် ၆ ဦး အပါအဝင် စစ်သား ၄၀၀၀ ကျော် လက်နက်ချတာ၊ တပ်ရင်း တပ်ဖွဲ့တွေ၊ ဌာနချုပ်တွေ၊ ဒေသကွပ်ကဲရေးစစ်ဌာနချပ်၊ အခြေချဗျူဟာတွေ ဆုံးရှုံးတာ ဟောင်ဝစ်ဇာ အမြောက်တွေ၊ တင့်ကား၊ သံချပ်ကာတွေ၊ လက်နက် ငယ်တွေ၊ ခဲယမ်းတွေ တောင်ပုံယာပုံ ဆုံးရှုံးလိုက်ရပါတယ်။
အဆိုးဆုံးကတော့ ကမ္ဘာ့အဆင့် နံပါတ် ၃၅ မှာရှိနေပါတယ်ဆိုတဲ့ စစ်တပ်ရဲ့ ဂုဏ်သိက္ခာ ရစရာမရှိအောင် ထိုးကျသွားတာပါ။ ရှမ်းမြောက်ဒေသအတွက် အဓိက ကိုင်တွယ်ခဲ့သူက ဘယ်သူပါလဲလို့မေးရင် မင်းအောင်လှိုင်နဲ့ ကျော်စွာ လင်း ဖြစ်ပါတယ်။ ဒုချုပ်စိုးဝင်းနဲ့ အခြားဗိုလ်ချုပ်ကြီးတွေ များစွာလည်း အစည်းအဝေး ခေါ်တဲ့အချိန် လာရောက် ထိုင်ကြရပေမယ့် အဓိက ဆုံးဖြတ်ချက် ချသူတွေကတော့ မင်းအောင်လှိုင်နဲ့ ကျော်စွာလင်းဖြစ်ပါတယ်။
ဒုချုပ်စိုးဝင်းနဲ့ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင် အေး တို့ကတော့ စစ်ဆင်ရေး အစည်းအဝေးတွေမှာ အိမ်ဖြည့် သာသာပဲ ပါခဲ့ရတာဖြစ်ပါတယ်။
ဒါကြောင့်လည်း ဒီလို စစ်ရေး အခြေအနေသတင်းကို သိရှိထားတဲ့ မဘသနဲ့ အမျိုးသားရေးအစွန်းရောက် ပေါက်ကိုယ်တော်တို့က ဇန်နဝါရီလ ၁၆ ရက်နေ့ ပြင်ဦးလွင် စစ်တပ်ထောက်ခံရေးနဲ့ MNDAA ရှုတ်ချတဲ့ပွဲမှာ မင်းအောင်လှိုင်ကို တပ်ချုပ်ရာထူးက အနားယူပြီး အရပ်ဘက် ဝန်ကြီးချုပ်ရာထူး ယူဖို့၊ စစ်ဘက် ဆိုင်ရာ တပ်ချုပ်ရာထူးကို စိုးဝင်းကို လွှဲပေးဖို့ တောင်းဆိုမှုတွေ လုပ်ခဲ့တာပါ။
ရှမ်းမြောက်ဒေသကို ဆုံးရှုံးမှုရဲ့ လက်သည်မှာ မင်းအောင်လှိုင်ပြီးရင် ဒုတိယ တာဝန်အရှိဆုံးက ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းဖြစ်ပါတယ်။ ကျော်စွာ လင်း အကြောင်း ရန်ကုန်ခေတ်သစ်က ဖော်ပြခဲ့တာလေး ပြန်ပြောချင်ပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းက စစ်ဦးစီးအရာရှိချုပ်(ကြည်း)နဲ့ စစ် ထောက် ချုပ် ရာထူး ၂ခုကို ယူထားတာပါ။ စစ်ထောက် ချုပ် ရာထူးနဲ့ စစ်ဦးစီး အရာရှိချုပ်(ကြည်း) ရာထူး ၂ ခုကို တပြိုင်နက်တည်းယူထားတာမို့ သူက စစ်တပ်မှာ အတော်ကို ဩဇာကြီးပါတယ်။
ကကကြည်းမှာ နံပါတ် ၄ အဆင့်ရှိပါတယ်။ ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်စွာ လင်းက စစ်တက္ကသိုလ်အပတ်စဉ် ၃၅ ဆင်းဖြစ်ပြီး အလယ်ပိုင်းတိုင်း စစ်ဌာန ချုပ် တိုင်းမှူးအဖြစ် တာဝန်ယူခဲ့ပါတယ်။ ဒါပေမယ့် သူတာဝန်ယူခဲ့ဖူး တဲ့ G3 ဘ၀ကစလို့ ဒုတိယဗိုလ်ချုပ်ကြီးဖြစ်တဲ့အထိ စစ်မတိုက်ဖူးပါဘူး။ အထက်ရုံးနားပဲ ပတ်ခွေပြီး အဖားကောင်းလို့ ရာထူး ရသူလည်းဖြစ်ပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းက အသက်အငယ်ဆုံးနဲ့ တိုင်းမှူး၊ ဒုဗိုလ် ချုပ်ကြီး အဆင့်အထိ ရာထူးတက်လာတာမို့ အရမ်းကို မာနကြီးပြီး မိုက်ရိုင်း ပါတယ်။ သူ့အထက်အရာရှိကိုတော့ ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးသလို ကျိုးနွံ့ ပြီး သူ့လက်အောက်ငယ်သားတွေကိုတော့ အင်မတန်မှ ဖိနှိပ် ရိုင်းစိုင်းလွန်း သူဖြစ်ပါတယ်။
အသက်ကလည်း ငယ်၊ ရာထူးကလည်း စစ်ဦးစီးအရာရှိချုပ်(ကြည်း)နဲ့ စစ် ထောက်ချုပ်ရာထူးကို တွဲကိုင်ထားတာကြောင့် အဆင့်တူ ဒုတိယ ဗိုလ်ချုပ် ကြီးတွေနဲ့ ဗိုလ်ချုပ်တွေကိုတောင် ရာထူး ဂုဏ်မောက်ပြီး မောက်မောက်မာမာ ပြောဆို ဆက်ဆံပါတယ်။
စစ်တပ်နဲ့ပတ်သက်တာ၊ စစ်ရေးနဲ့ပတ်သက်တာတွေ အကြံပြု တင်ပြရင်လည်း ဘယ်တော့မှ သူက ဆုံးအောင် နားမထောင်ပါဘူး။ တစ်ခုတော့ရှိပါတယ်။ သူအမြဲ ကြွေးကြော်တာက သူက အဂတိတရားကင်းတယ်၊ ဘယ်တော့မှ လာဘ် မစားဘူးကွဆိုပြီး ရှေ့လူ(ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း) ထက်သာ တယ်လို့ မကြာခဏ ကြွားလုံးထုတ်ပါတယ်။
နိဂုံးပြန်ချုပ်ရရင်တော့ လောက်ကိုင်ဒေသ အခြေအနေကို တိုက်ရိုက် ကွပ်ကဲ နေတဲ့ ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းက မြေပြင် အခြေအနေကို တစ်ခါမှ စစ်မတိုက်ဖူးလို့ နားမလည်တဲ့အပြင် ရှေ့တန်းစစ်သားတွေ သေချင်သေ ပါစေဆိုတဲ့ အတ္တကြီးလွန်းသူဖြစ်ပါတယ်။
ကျော်စွာလင်းကို လူယုံအဖြစ် လက်သက်မွေးထားတာက မင်းအောင်လှိုင်ဖြစ်ပါတယ်။ ကျော်စွာလင်းက ဒုစစ်ခေါင်းဆောင် စိုးဝင်းနဲ့ ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေးကိုတောင် မျက်လုံးထဲ ထည့်ပုံမရပါဘူး။
ရှမ်းမြောက်ဒေသ တစ်ခုလုံးကို အချိန်တိုအတွင်း ဆုံးရှုံးမှုအတွက် ဒုချုပ်စိုးဝင်းနဲ့ ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူး မောင်မောင်အေး တို့ မကျေနပ်ကြပါဘူး။
ဆိုလိုတာက တပ်ထိပ်ပိုင်းမှာ မင်းအောင်လှိုင်နဲ့ ကျော်စွာလင်းတို့ရဲ့ အလုပ်လုပ်ပုံ မဟုတ်တာ၊ ညံ့ဖျင်းတာကို မကျေမနပ် သဘော မတွေ့တာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် လုပ်နည်းလုပ်ဟန်အပေါ် သဘောထားကွဲလွဲတာဖြစ်ပါတယ်။
ရှမ်းမြောက်ဒေသဆုံးရှုံးမှုအပေါ် ထပ်ပြီး အုပ်စုခွဲကြည့်ရင် မင်းအောင်လှိုင်နဲ့ ကျော်စွာလင်းက တစ်ဖက်၊ သူတို့ရဲ့ လုပ်နည်း လုပ်ဟန်ကို သဘောမကျတဲ့ ဒုချုပ်စိုးဝင်းနဲ့ ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူး မောင်မောင်အေးက ဘက်တစ်ဖက်လိုဖြစ်နေပါတယ်။
လောက်ကိုင်မှာ လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် ၆ ဦးနဲ့ ဗိုလ်မှူးကြီးတွေ ကို စစ်ခုံရုံးတင်ပြီး ပြစ်ဒဏ်တွေ ချမှတ်လိုက်တာကလည်း မင်းအောင်လှိုင်နဲ့ ကျော်စွာလင်းတို့က သူတို့ရဲ့ ညံ့ဖျင်းမှုတွေကို ဖုံးကွယ်တဲ့ လုပ်ရပ်လည်း ဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်ပါစေ ရှမ်းမြောက်ဒေသနဲ့ ပတ်သက်ပြီး စစ်တပ်ထိပ်ပိုင်းမှာ မင်းအောင်လှိုင်နဲ့ စိုးဝင်းအကြား အမြင်မတူ သဘော ထားကွဲလွဲခဲ့တာက တော့အသေ အချာပဲဖြစ်ပါတယ်။
မင်းအောင်လှိုင်နဲ့ စိုးဝင်း သဘောထားကွဲလွဲတယ်ဆိုတာကလည်း စစ်တပ်မှာ အုပ်စုတွေကွဲပြီး အချင်းချင်း ပြန်ချကြ၊ နှက်ကြ ၊ အချင်းချင်း အာဏာပြန် လုကြ မယ် လို့ အဓိပ္ပာယ်ဖွင့်တာ၊ ဆိုလိုချင်တာ၊ ပြောချင်တာမဟုတ်ပါဘူး ဆိုတာ ကို လည်း အထူး သတိချပ်စေချင်ပါတယ်။
#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #MNDAA #မင်းအောင်လှိုင် #စိုးဝင်း