25 C
Yangon

ရှမ်းပြည်နယ်တောင်ပိုင်းမှာ မြို့တော် တောင်ကြီးအထိ စစ်တပ်ကင်းစင်တဲ့ မြို့သိမ်းတိုက်ပွဲတွေ လာတော့မှာလား

Must read

By ရန်ကုန်ခေတ်သစ်

အကြမ်းဖက်စစ်ကောင်စီက ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြို့ပေါင်း ၁၇ ခုနဲ့ စခန်းပေါင်း ၅၀၀ နီးပါး လက်လွှတ်လိုက်ရပြီးတဲ့နောက် ရှမ်းပြည်နယ် တောင်ပိုင်း မှာပါ စစ်မီးမွှေးတာတွေကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်လာ ပါတယ်။

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားတဲ့ PNLO/PNLA တပ်တွေကို ဇန်နဝါရီလ ၂၀ ရက်နေ့ ဟိုပုံးမြို့နယ်၊ စံဖူး ကျေးရွာမှာ အကြမ်း ဖက် စစ်တပ်၊ လက်အောက်ခံ PNO ပူးပေါင်း အဖွဲ့တွေက စတင်တိုက်ခိုက်ခဲ့ပါတယ်။

အကြောင်းပြချက်ကတော့ လက်နက်တွေသယ်ယူလာတယ်ဆိုတာကို အကြောင်းပြပါတယ်။ အဲဒီနောက် တောင်ကြီး PNLA ဆက်ဆံရေးရုံးကို ဝင်စီးတာ၊ PNLA အရာရှိတချို့ကို ဖမ်းဆီး စစ်ဆေးပြီး ပြန်လွှတ်တာတွေ လုပ်ဆောင်ပါတယ်။

အဲဒီနောက်မှာတော့ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်တွေက ဆီဆိုင်၊ ဟိုပုံး အပါအဝင် ရှမ်းတောင်ပိုင်းမှာ စစ်ရေးပြင်ဆင်မှုတွေနဲ့ စစ်ရေးပြမှုတွေ တောက်လျှောက်လုပ်လာခဲ့ပါတယ်။ အဓိကကတော့ တိုက်ပွဲ ဖြစ်ပွားမှု မရှိသေးဘဲ ဆီဆိုင်မြို့နယ်ကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဗုံးကျဲ ချတာပါပဲ။

ဇန်နဝါရီလ ၂၂ ရက်နေ့ ညပိုင်းမှာ ဆီဆိုင်မြို့နယ်၊ နောင်ထော်ကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းကနေ ဗုံးကျဲ တိုက်ခိုက်လိုက်ပါတယ်။ အဲဒီနောက်မှာတော့ ဇန်နဝါရီလ ၂၃ ရက်နေ့မှာ နောင်ထော်ရွာ အရှေ့ဘက်ရှိ အကြမ်းဖက် စစ်တပ် စခန်း၊ နောင်ထော်ရွာ တောင်ဘက်ရှိ စစ်တပ်နှင့် လက်အောက်ခံPNO ပြည်သူ့စစ်စခန်းတို့ကို PNLA နဲ့ မဟာမိတ်တွေက တန်ပြန်သိမ်းယူလိုက်ပါတယ်။

ဇန်နဝါရီလ ၂၄ ရက်နေ့မှာတော့ စစ်ရေးတင်းမာမှု အမြင့်ဆုံးရောက်ရှိပြီး ဆီဆိုင်မြို့နယ်မှာ တိုက်ပွဲတွေ စဖြစ်ပါတယ်။ ဆီဆိုင်မြို့နယ်ထဲမှာရှိတဲ့ ရဲစခန်းကို PNLA နဲ့ မဟာမိတ်တပ်တွေက သိမ်းယူလိုက်ပါတယ်။

စစ်ကောင်စီကတော့ ထုံးစံအတိုင်း ဇန်နဝါရီလ ၂၄ ရက်နေ့ညပိုင်းမှာ ဆီဆိုင် မြို့ ၊ ရပ်ကွက်တွေပေါ်ကို တိုက်လေယာဉ်နဲ့ ဗုံးကျဲချပြန်ပါတယ်။ ဒီတစ်ချီ မှာတော့ မြကန်သာမှာနေထိုင်တဲ့ ပအိုဝ်းပြည်သူ ၂ ဦး အသက်သေဆုံး ခဲ့ရ ပါတယ်။

စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို ပြန်လည်လေ့လာကြည့်ရင် မြန်မာစစ်တပ်ဟာ သွေးဆာနေတဲ့ စစ်ဘီလူးတစ်ကောင်လို ပြုမူနေပါတယ်။ ရှမ်းတောင်ပိုင်းမှာ အာဏာသိမ်းချိန်ကစလို့ ဘာပြဿနာမှ မရှိခဲ့ပေမယ့်လည်း စစ်ကောင်စီက စစ်မဖြစ်ရင် မနေနိုင်ဆိုသလို NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့ကိုတောင် ရန်စပါတယ်။

စစ်ကောင်စီရဲ့ လုပ်ရပ်က ရှမ်းမြောက်မှာ သူကြုံရတဲ့ အရှုံးကို ရှမ်းတောင်ပိုင်း မှာ တိုက်ပွဲ ပြန်ဖော်ပြီး ဂုဏ်သိက္ခာဆယ်ဖို့လားလို့ တောင် မေးခွန်းထုတ်ရမှာပါ။

ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိမှာတော့ ဆီဆိုင်မြို့နယ်ထဲမှာ PNLA နဲ့မဟာမိတ် တွေက တစ်ဖက်၊ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်တွေက တစ်ဖက် စစ်ဆိုင်နေ ကြပြီး စစ်မီးက ဆီဆိုင်ကစလို့ အခြားနေရာတွေ အထူးသဖြင့် ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးအထိ စစ်မီးကူးစက်နိုင်မယ့် အခြေအနေရှိပါတယ်။

အားနည်းချိနဲ့နေတာတောင် စစ်သွေးဆာနေတဲ့ မင်းအောင်လှိုင်စစ်တပ်ကို အခုအချိန်မှာ ထိုးစစ်ဆင်နိုင်ရင် မြို့သိမ်းတိုက်ပွဲတွေ အထိ အောင်ပွဲရနိုင်တယ် ဆိုတာကို လုံး၀ လွတ်မြောက်သွားပြီဖြစ်တဲ့ ရှမ်းမြောက်ဒေသ ၁၇ မြို့နယ်က သက်သေပြခဲ့ပြီးဖြစ်ပါတယ်။

ဒီနေရာမှာ စစ်ကောင်စီဘက်က မရပ်တည်သင့်တော့ဘဲ ကိုယ့်လူမျိုး ကိုယ့် ပြည် နယ်အတွက် ပူးပေါင်းစစ်ဆင်ရေး လုပ်သင့်တယ်လို့ တိုက်တွန်း သင့်တဲ့အဖွဲ့ကတော့ PNO ပအိုဝ်း ပြည်သူ့စစ်အဖွဲ့ပါပဲ။ စစ်ကောင်စီဟာ မကြာခင်မှာ ပြိုလဲတော့မယ်ဆိုတာ လက်ရှိ စစ်ရေးအခြေအနေတွေအရ မြင်သာနေတာမို့ PNO အနေနဲ့ ဒီမိုကရေစီဘက်တော်သား မဟာမိတ် တပ်ဖွဲ့ တွေနဲ့ ပူးပေါင်း ပြီး စစ်တပ်ကို တော်လှန်ရမယ့် အချိန်ကျရောက် လာပြီ လည်းဖြစ်ပါတယ်။

တကယ်တော့ ရှမ်းပြည်တောင်ပိုင်းဟာ စစ်ကောင်စီ၊ အကြမ်းဖက် စစ်တပ် ကင်းစင်သင့်တဲ့ နယ်မြေတစ်ခုဖြစ်သင့်နေပါပြီ။ နှစ်ပေါင်းများစွာ လူမျိုးကြီး ဝါဒနဲ့ ဗိုလ်ကျ ခြယ်လှယ်ခဲ့တဲ့ အကြမ်းဖက်စစ်တပ်ကို ဖယ်ရှားတွန်းလှန်ရင်း ကိုယ့်လူမျိုး ကိုယ့်ပြည်နယ် ရဲ့ ကိုယ်ပိုင် အခြေခံ ဥပဒေ၊ မူနဲ့ အုပ်ချုပ်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ နယ်မြေသစ်တွေ ရရှိဖို့ အခွင့်အရေးက လက်တစ်ကမ်း မှာ ရှိနေပြီဖြစ်ပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းမှာ တောင်ကြီးမြို့အထိ ဖြစ်ပေါ်လာနိုင်တဲ့ မြို့သိမ်း တိုက်ပွဲတွေနဲ့ အကြမ်းဖက် ဖက်ဆစ် စစ်တပ် ကင်းစင်တဲ့ စစ်မှန်တဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ နယ်မြေဒေသ မကြာခင် မြင်ရတော့မှာလားဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဒီအချိန်ဟာ လယ်တီဆရာတော်ရေးသားတဲ့ “ခွင့်သာခိုက်မှ မလိုက်ချင်လျှင်” တေးထပ်ကဗျာက နှစ်ပေါင်းများစွာ လွတ်မြောက်ရေး တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအတွက် အချက်ထိုး ခေါင်းလောင်း သံတစ်ခုဖြစ်လာနေပါတယ်။

“အခွင့်သာခိုက်ကမှ မလိုက်ချင်လျှင်

အမိုက်နင့်ပြင် ရှိသေးလေလိမ့်လား။

ခွင့်သာဆဲမှ မခဲချင်လျှင်

အလွဲနင့်ပြင် ရှိသေးလေလိမ့်လား။

ခွင့်သာတုန်းမှ မရုန်းချင်လျှင်

အရှုံးနင့်ပြင် ရှိသေးလေလိမ့်လား။”

#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #PNO #PNLA

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article