28 C
Yangon

ပုဏ္ဏားကျွန်း ဆားကုန်ဘုတ်ရွာကို စစ်တပ်က မီးတင်ရှို့နေပြီး စားနပ်ရိက္ခာများ လုယူ

Must read

ရန်ကုန်| ဇန်နဝါရီ ၃၁

ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ် တောက်ဘက်အစွန်ဆုံးရှိ ဆားကုန်ဘုတ်ကျေးရွာအား စစ်ကောင်စီတပ်သားများက ရွာလုံးကျွတ် မီးရှို့နေကြောင်း ရွာသားများနှင့် သတင်းရင်းမြစ်များက ပြောသည်။

ယနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့ နံနက် ၈ နာရီကစ၍ စစ်ကောင်စီတပ်သား ၇၀ ခန့်က ဝင်ရောက်ကာ ကျေးရွာအတွင်း နေအိမ်များ မီးရှို့နေပြီး ကျေးရွားရှိ စားနပ်ရိက္ခာများကို ယူဆောင်နေကြကြောင်း မျက်မြင်‌သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

” ဒီနေ့ နံနက် ၈ နာရီလောက်မှာ မင်းဂံချောင်းထဲမှာရှိတဲ့ နေဗီ (ဇက်) က စစ်သားတွေဟာ ရွာထဲဝင်ရောက်ပြီး မီးရှို့နေတာ။ ရွာလုံးကျွတ် မီးလောင်နေပါတယ်။ စစ်ကောင်စီ တပ်သား ၇၀ လောက်ရှိမယ်။ ဝင်ပြီး လူနေအိမ်တွေကို မီးရှို့နေတာ။ ရွာသားတွေမှာ သိမ်းဆည်းထားတဲ့ ဆန်၊ စပါးစတဲ့ စားနပ်ရိက္ခာကိုလည်း ယူနေကြတယ် ” ဟု ပြောသည်။

ဆားကုန်ကျေးရွာသည် အောင်မြေကုန်းကျေးရွာအုပ်စုထဲက တစ်ရွာဖြစ်ပြီး စစ်တွေ မင်းဂံချောင်းနှင့် ကပ်လျပ်ရှိသည့် ကျေးရွာလည်း ဖြစ်သည်။

မင်းဂံချောင်းထဲတွင် စစ်ကောင်စီ နေဗီမှာ သွားလာသည်မှာ တစ်လကျော် ကြာမြင့်နေပြီး မင်းဂံချောင်း ကမ်းနားရှိ ကျေးရွားများအား ဝင်ရောက်မီးရှို့နေခြင်းဖြစ်သည်။

စစ်သင်္ဘောက ရွာနားကပ်လာသည်ကို တွေ့မြင်ရ၍ ဆားကုန်ဘတ်ရွာသားများမှာ အနီးအနားကျေးရွာများနှင့် စစ်တွေဘက်သို့ အိုးအိမ်စွန့်ခွာသွားကြပြီး စစ်ကောင်စီတပ်သားများထံ ဖမ်းဆီးခံရသူများလည်း ရှိကြောင်း ရွာသားတစ်ဦးက ဆိုသည်။

“အများစုက ထွက်ပြေးလွတ်မြောက်လိုက်တယ်။ တချို့ကတော့ စစ်သားတွေဆီမှာ အဖမ်းခံလိုက်ရတယ်။ ထိခိုက်သေဆုံးမှုကတော့ အတိအကျ မသိရသေးဘူး။ ရွာကတော့ ပြာကျသွားပါပြီ။ အခုထိ မီးခိုးတွေ ထွက်နေတုန်းပဲ ” ဟု ပြောသည်။

ဆားကုန်ဘုတ်ကျေးရွာတွင် အိမ်ခြေ ၃၀ ကျော်ရှိပြီး လူဦးရေ ၁၂၀ ကျော်ရှိသော ကျေးရွာငယ်လေး တစ်ရွာဖြစ်ကာ ဆားကုန်ဘုတ်ကျေးရွာသည် ရဲရိုးပြင်ကျေးရွာနှင့် အနီးဆုံးတွင် ရှိပြီး ပုဏ္ဏားကျွန်းမြို့နယ်၏ တောင်ဘက်အစွန်ဆုံးရှိ ကျေးရွားများဖြစ်ကြသည်။

စစ်သင်္ဘောက စစ်ကောင်စီတပ်သားများနှင့် ရွှေမင်းဂံဆိပ်ကမ်းက စစ်ကောင်စီတပ်သားများမှာ ရဲရိုးပြင်ကျေးရွာတွင် ပြီးခဲ့သည့် ၅ ရက်ခန့်ကစ၍ စခန်းချတပ်စွဲထားကြောင်း စုံစမ်းသိရှိရသည်။

စစ်ကောင်စီတပ်သားများမှာ ယခင်ကလည်း မင်းဂံချောင်းထဲက ရဲရိုးပြင်ကျေးရွာနှင့် ခမောင်းတောကျေးရွာတို့ကို ရွာလုံးကျွတ်မီးရှို့ခဲ့ပြီး ရွာသားများမှာ ယနေ့အချိန်အထိ ‌နေအိမ်သို့ မပြန်နိုင်ကြသေးပေ။

ဓာတ်ပုံ- စစ်ကိုင်းတိုင်းတွင် စစ်တပ်က ကျေးရွာတစ်ခုကို မီးတင်ရှို့နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup

May be an image of fire
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article