25 C
Yangon

စစ်အုပ်စုနဲ့ အကျိုးစီးပွားကို ကူညီထောက်ပံ့ပေးနေတဲ့ ဩစတြေးလျ သတ္တုတူးဖော်ရေးကုမ္ပဏီများ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၃၁

အကြမ်းဖက်စစ်တပ်က တရားမဝင် အာဏာသိမ်းပြီး (၃) နှစ်ကျော်အထိ စစ်အုပ်စုကို တရားဝင် အစိုးရသဖွယ် သတ်မှတ်ပြီး သတ္တုတူးဖော်ရေး လုပ်ငန်းတွေမှာ ဆက်လက်ပါဝင်လုပ်ကိုင်နေတဲ့ ဩစတြေးလျ ကုမ္ပဏီကွန်ရက်တွေ အကြောင်းကို Justice For Myanmar (JFM) က ထုတ်ဖော်လိုက်ပါတယ်။

ဒါဟ မြန်မာနိုင်ငံကို တရားမဝင် အာဏာသိမ်းထားတဲ့ စစ်အုပ်စုက လွှမ်းမိုးချုပ်ကိုင်ထားတဲ့ သတ္တုတူးဖော်ရေး ကဏ္ဍမှာ ဩစတြေးလျ ကုမ္ပဏီတွေက တွင်တွင်ကျယ်ကျယ် ဝင်ရောက်လုပ်ကိုင်နေခြင်းကို ထုတ်ဖော်လိုက်ခြင်း ဖြစ်ပါတယ်။

သတ္တုတူးဖော်ထုတ်ယူရေး၊ ရှာဖွေရေးနှင့် ဝန်ဆောင်မှု လုပ်ငန်းတွေမှာ ပူးပေါင်း ပါဝင်လုပ်ကိုင်နေတဲ့ ဩစတြေးလျ နိုင်ငံသားပိုင်နှင့် ဦးဆောင်ကုမ္ပဏီတွေဟာ စစ်အုပ်စုကို အခွန်ငွေများ ပေးအပ်နေခြင်းအားဖြင့် စစ်ကောင်စီရဲ့ စစ်ရာဇတ်ဝတ်မှု ကျူးလွန်မှုတွေမှာ အကူအညီပေးရာ ရောက်နေတယ်လို့ Justice For Myanmar ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာ့သတ္တုကဏ္ဍမှာ အခုလို ဩစတြေးလျ နိုင်ငံသားများ ပါဝင်နေခြင်းဟာ စစ်အုပ်စုရဲ့ ဘဏ္ဍာငွေရင်းမြစ်များအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ဖို့ ဩစတြေးလျနိုင်ငံအနေနဲ့ ပျက်ကွက်ခဲ့တာကြောင့် လို့JFM ကဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအတွင်း တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်စေဖို့အတွက် ဩစတြေးလျနိုင်ငံက သိသာစွာ ပျက်ကွက်နေတယ်လို့လည်း Justice For Myanmar ကပြောပါတယ်။

မြန်မာ့သတ္တုတူးဖော်ရေးကဏ္ဍမှာ ဩစတြေးလျကုမ္ပဏီတချို့ဟာ ဆက်လက်လုပ်ကိုင်ခြင်း မရှိတော့ပေမယ့် မြန်မာနိုင်ငံမှာ ဆက်လက်မှတ်ပုံတင်ထားဆဲဖြစ်တာကြောင့် စစ်အုပ်စုလက်အောက်မှာ လုပ်ငန်းများ ပြန်လည်လည်ပတ်လုပ်ကိုင်နိုင်တဲ့အပေါ် စောင့်ကြည့်ဖို့လိုတယ် လို့လည်း JFM ကဆိုပါတယ်။

Justice For Myanmar က ယခုထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ စစ်တပ်က အာဏာသိမ်းမှုအပြီး မြန်မာနိုင်ငံမှာ လုပ်ငန်းများ ဆက်လက်လုပ်ကိုင်နေတဲ့ ဩစတြေးလျကုမ္ပဏီ ၁၀ခုအကြောင်းကို အဓိကထား မှတ်တမ်းပြုစုထားခြင်းလည်း ဖြစ်ပါတယ်။

Valentis ကုမ္ပဏီကွန်ရက်

Valentis ကုမ္ပဏီဟာ စစ်အုပ်စုနဲ့ ဆက်ဆံရေးရှိတဲ့ သူတစ်ချို့က တည်ထောင်ထားခြင်းဖြစ်ပြီး ဩစတြေးလျ ရင်းနှီးမြှုပ်နှံသူများ ကျောထောက်နောက်ခံပြု ကုမ္ပဏီပေါင်းများစွာပါဝင်ပြီး ရှုပ်ထွေးတဲ့ စီးပွားရေး ကွန်ယက် လို့ JFM ကဆိုလိုက်ပါတယ်။

Valentis ရဲ့ မြင်သာတဲ့ လုပ်ငန်းဆောင်ရွက်မှုတွေထဲမှာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်းစုကြီဂဖြစ်တဲ့ MEC ရဲ့ ကျောက်မီးသွေးစီမံကိန်းကို သွားရောက်လေ့လာခဲ့တာလည်း ပါဝင်ပါတယ်။ ဒါ့အပြင် စစ်ကောင်စီကို လက်နက်ဝယ်ယူပေးတဲ့ ပွဲစားတစ်ဦးနဲ့ ပြည်သူ့စစ်အဖွဲ့တို့နဲ့ ဆက်နွယ်ပြီး စီးပွားရေး လုပ်ငန်းတချို့ လုပ်ဆောင်ခဲ့တယ်လို့လည်း JFM ကဆိုပါတယ်။

Cornerstone Resources

Cornerstone Resources ကုမ္ပဏီဟာ ထင်ရှားတဲ့ ဩစတြေးလျ သတ္တုရှာဖွေသူ Mark Creasy ကပိုင်ဆိုင်တာဖြစ်တယ်လို့ ယူဆရကြောင်း JFM ကဆိုပါတယ်။ ဒီကုမ္ပဏီဟာ စစ်တပ်က တရားမဝင် အာဏာသိမ်းပြီးနောက်ပိုင်း ရှမ်းပြည်နယ်အတွင်း သတ္တုတူးဖော်မှုနဲ့ သွပ်သန့်စင်မှု လုပ်ငန်းများကို ဆက်လက်လုပ်ကိုင်ခဲ့ခြင်းဖြစ်ပါတယ်။ မြန်မာစီးပွားရေး ကော်ပိုရေးရှင်း (MEC) နဲ့ အဆိုပါကုမ္ပဏီတို့အကြား ငွေကြေး လွှဲပြောင်းမှုများရှိခဲ့ပြီး ငွေကြေးလွှဲပြောင်းနေချိန်မှာ ကုမ္ပဏီဟာ British Virgin Islands မှာ မှတ်ပုံတင်ထားတာကြောင့် ယူကေနိုင်ငံရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကို ချိုးဖောက်တာ ဖြစ်နိုင်တယ်လို့လည်း ဆိုပါတယ်။

Knight Piésold

Knight Piesold ကုမ္ပဏီဟာ မြန်မာစစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) နဲ့ တရုတ်ပိုင် ဝမ်ပေါင် ကုမ္ပဏီတို့အတွက် သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုများ ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဝန်ဆောင်မှုများကို ၂၀၂၃ ခုနှစ်အထိ ပေးအပ်နေဆဲပဲ ဖြစ်တယ်လို့လည်း သိရပါတယ်။

PanAust

ဩစတြေးလျအခြေစိုက် သတ္တု တူးဖော်ရေးကုမ္ပဏီဟာ စစ်အုပ်စုကို ဝင်ငွေရရှိစေတဲ့ စစ်ကိုင်းတိုင်းအတွင်း အကြီးစား ဓာတ်သတ္တုရှာဖွေစမ်းသပ်ရေးလိုင်စင်ကို ရယူလုပ်ကိုင်နေတဲ့ ကုမ္ပဏီပဲဖြစ်ပါတယ်။

Asia Pacific Mining Limited

ဩစတြေးလျနိုင်ငံသား ဦးဆောင်အရာရှိတွေ ပါဝင်တဲ့ အဆိုပါ ကုမ္ပဏီဟာ ၎င်းရဲ့ ဓာတ်သတ္တုရှာဖွေ စမ်းသပ်ရေး လုပ်ငန်းတွေအတွက် စစ်အုပ်စုက ထိပ်တန်းအရာရှိတွေနဲ့ တွေ့ဆုံလေ့ရှိတဲ့ ကုမ္ပဏီပဲ ဖြစ်ပါတယ်။

Access Resources Asia

ဩစတြေးလျနိုင်ငံသား ဦးဆောင်တဲ့ အဆိုပါကုမ္ပဏီဟာ အာဏာသိမ်းမှုအပြီး ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ရွှေတူးဖော်ရေး လုပ်ငန်းများကို အင်ပြည့်အားပြည့် လုပ်ဆောင်နေတဲ့ ကုမ္ပဏီဖြစ်ပြီး စစ်အုပ်စုကို အခွန်ဆောင်နေတာလည်း ဖြစ်ပါတယ်။

Australian Laboratory Services (ALS)

ဩစတြေးလျ စတော့အိတ်ချိန်း စာရင်းဝင် အဆိုပါ ကုမ္ပဏီဟာ အာဏာသိမ်းမှုအပြီး မြန်မာနိုင်ငံရှိ ၎င်းရဲ့ စီးပွားရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်ခဲ့ပြီး၊ Access Resources Asia နှင့် စစ်အုပ်စု ထိန်းချုပ်ထားတဲ့ တက္ကသိုလ်တွေအတွက် ဓာတ်သတ္တု စမ်းသပ်မှုများကို လုပ်ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် အထက်ပါ ကုမ္ပဏီတွေဟာ စစ်တပ်ရဲ့ တရားမဝင် အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း စစ်အုပ်စုနဲ့ ပေါ်ပေါ်ထင်ထင် ပူးပေါင်းပြီး ပြည်တွင်းမှာ သတ္တုတူးဖော်ရေးလုပ်ငန်း အပါအဝင် ဆက်စပ်လုပ်ငန်းတွေကို လုပ်ကိုင်နေတာဖြစ်တယ်လို့ Justice For Myanmar ရဲ့အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

ဒါ့ကြောင့် ဩစတြေးလျနိုင်ငံ အစိုးရအနေနဲ့ စစ်အုပ်စုထိန်းချုပ်ထားတဲ့ သတ္တုတွင်း လုပ်ငန်းတွေအပေါ် ဒဏ်ခတ် ပိတ်ဆို့မှုများအပါအဝင် အခြားသော စစ်အုပ်စုကို အထောက်အပံ့ဖြစ်စေတဲ့ လုပ်ရပ်တွေကို ရပ်တန့်ဖို့ Justice For Myanmar က တောင်းဆိုထားပါတယ်။

ဩစတြေးလျ ကုမ္ပဏီတွေအနေနဲ့ စစ်အုပ်စုနဲ့ လုပ်ကိုင်နေတဲ့ စီပွားရေးလုပ်ငန်းတွေအားလုံး ချက်ချင်းရပ်တန့်ပြီး မကြာခင်ပေါ်ပေါက်လာမယ့် တရားဝင်အစိုးရအတွက် ကြားခံ တတိယ ဘဏ်အကောင့်တစ်ခုကို အခွန်အခ ဘဏ္ဍာငွေတွေ ပေးအပ်ထားခြင်းဖြင့် နိုင်ငံတော်နှင့် ချုပ်ဆိုထားတဲ့ စာချုပ်ပါ စည်းကမ်းတွေကို လိုက်နာသင့်တယ်လို့ JFM ကဆိုပါတယ်။

Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က

“စစ်အုပ်စုရဲ့ တရားမဝင်အာဏာသိမ်း ကြိုးပမ်းမှု ၃ နှစ် ပြည့်ပြီးတဲ့အချိန်အထိ ဩစတြေးလျနိုင်ငံအနေနဲ့ သတ္တုနဲ့ အခြားအမြတ်အစွန်းများတဲ့ ကဏ္ဍတွေမှာရှိတဲ့ စစ်အုပ်စုရဲ့ ဘဏ္ဍာငွေရင်းမြစ်တွေကို ပိတ်ဆို့ရေး လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ ပျက်ကွက်နေတာက လက်ခံနိုင်ဖွယ် မရှိပါဘူး”

“ဩစတြေးလျနိုင်ငံအနေနဲ့ စစ်အုပ်စု၊ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ခရိုနီတွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချက်ချင်းချမှတ်ဖို့ လိုအပ်သလို၊ ဩစတြေးလျနိုင်ငံသားတွေအနေနဲ့လည်း စစ်အုပ်စုကို ငွေကြေးနဲ့ အခြားပံ့ပိုးမှုပုံစံတွေကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ ပေးအပ်နေတာတွေကို ရပ်တန့်မှုတွေလုပ်ဆောင်ဖို့ လိုအပ်ပါတယ်”

“ မြန်မာနိုင်ငံမှာရှိတဲ့ ဩစတြေးလျ နိုင်ငံသားပိုင်နဲ့ ဦးဆောင် စီးပွားရေးလုပ်ငန်းတွေအနေနဲ့လည်း အမျိုးသား ညီညွတ်ရေးအစိုးရ၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ၊ သက်ဆိုင်ရာ ပြည်နယ် ကောင်စီများနဲ့ သက်ဆိုင်ရာ လူမျိုးစု တော်လှန်ရေး အဖွဲ့အစည်းများ အပါအဝင် တရားဝင် ဖက်ဒရယ်အဖွဲ့အစည်းတွေရဲ့ ဥပဒေများ၊ မူဝါဒများနှင့် လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်သင့်ပြီး၊ ၎င်းတို့ရဲ့ နိုင်ငံတကာ လူ့အခွင့်အရေးတာဝန်တွေကို ကျေပွန်အောင် လုပ်ဆောင်သင့်ပါတယ်” လို့ ပြောခဲ့ပါတယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article