37 C
Yangon

မြောက်ဦးမြို့ ခမရ ၅၄၀ တပ်ရင်းတစ်ခုလုံးကို AA က တိုက်ခိုက်သိမ်းပိုက်၊ ရခိုင်ပြည်နယ်နေရာအနှံ့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွား

Must read

မြောက်ဦးမြို့ ခမရ ၅၄၀ တပ်ရင်းတစ်ခုလုံးကို AA က တိုက်ခိုက်သိမ်းပိုက်၊ ရခိုင်ပြည်နယ်နေရာအနှံ့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွား

ရန်ကုန်၊ ဖေဖော်ဝါရီ ၁

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့အခြေစိုက် ခမရ ၅၄၀ တပ်ရင်းတစ်ခုလုံးကို AA က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း AA က တရားဝင် သတင်းထုတ်ပြန်သည်။

မြောက်ဦးမြို့နယ်ရှိ ကမ္ဘာ့အမွေအနှစ်၊ ရက္ခိုင့်အမွေအနှစ်များကို နှစ်ရှည်လများ ခိုးယူ လုယက် ဖျက်ဆီးခဲ့သော၊ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့သော၊ မြောက်ဦးမြိုကို မီးလောင်ပြာကျအောင် ကြံစည်ကြိုး စားနေသော အကြမ်းဖက်စစ်ကောင်စီတပ်၏ မြောက်ဦးအခြေစိုက် တပ်ရင်းများဖြစ်ကြသည့် ခမရ ၅၄၀ ၊ ခမရ ၃၇၇ ၊ ခမရ ၃၇၈ တပ်ရင်းများကိုလည်း AA က တစ်ပြိုင်နက်တည်း ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း၊ ဇန်နဝါရီလ ၃၀ ရက်နေ့ ည ၁၁ နာရီ ၄၅ မိနစ်အချိန် မြောက်ဦး ခမရ ၅၄၀ တပ်ရင်းတစ်ရင်းလုံးကို ရက္ခိုင့်တပ်တော်က အပြတ်အသတ်ချေမှုန်းနိုင်ခဲ့ပြီးနောက် အလုံးစုံသိမ်းပိုက်ထား နိုင်ခဲ့ကြောင်း၊ ကျန်ရှိနေသေးသော မြောက်ဦးအခြေစိုက် အခြားတပ်ရင်းနှစ်ရင်းအပြင် တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်နေသော စစ်တပ် တပ်စခန်းတိုင်းကိုလည်း အပြီးသတ်သိမ်းပိုက်ရယူနိုင်ရန် ဆက်လက်တိုက်ခိုက်လျက်ရှိကြောင်း AA က ပြောဆိုသည်။

အလားတူ ရခိုင်ပြည်နယ်အနှံ့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိရာ စစ်အင်အား၊ လက်နက်ခဲယမ်းထပ်မံဖြည့်တင်းထားသော ရမ်းဗြဲမြိုအနီးရှိ စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့ အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ကြောင်း၊ ယမန်နေ့တိုက်ပွဲအတွင်း စစ်ကူလာသောစစ်ကောင်စီတပ်ဖွဲများကို အထိနာအောင်တိုက်ခိုက်နိုင်ခဲ့သောကြောင့် စစ်သားအလောင်းနှင့် လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီက ရမ်းဗြဲမြို့ကို ပြိုပျက်စေရန် ရည်ရွယ်ချက်ဖြင့် လက်နက်ကြီး၊ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုများကိုသာ အဓိကဦးတည်ပြုလုပ်လျက်ရှိကြောင်း၊ ရမ်းဗြဲ၊ တန်းချောင်းဝနှင့် တိန်ချောင်းရေလက်ကြားတွင် ရပ်နားထားသည့် စစ်တပ် စစ်သင်္ဘောက ဇန်နဝါရီလ ၃၁ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင် မှစ၍ မွန်းလွဲ ၁၂ နာရီ ၁၂ မိနစ်အချိန်ခန့်ထိ ရမ်းဗြဲမြို့ကို လက်နက်ကြီးများဖြင့် ၇ ကြိမ်နှင့် လက်နက်ငယ်များဖြင့် ၁ ကြိမ်ထက်မနည်း ဆက်တိုက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထို့အတူ ဇန်နဝါရီလ ၃၁ ရက်နေ့၊ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်အချိန်တွင် ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြိုနယ်၊ အောင်ဇေယျရွာနှင့် အောင်မြေကုန်းရွာကြား၌ ရက္ခိုင့်တပ်တော်နှင့် အကြမ်းဖက် စစ်ကောင်စီတိုသည် တစ်နာရီခန့်အကြာ နှစ်ဖက်အပြန်အလှန်ထိတွေ့တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း ၊ တစ်နာရီအခန့်အကြာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်တပ်က လေကြောင်း၊ လက်နက်ကြီးပစ်ကူ အမြောက်အမြားကိုသုံးပြီး နောက်ဆုတ်သွားသောကြောင့် တိုက်ပွဲသည် ဆက်လက်ဖြစ်ပွားခဲ့ခြင်းမရှိဘဲ ရပ်တန့်နေခဲ့ကြောင်း၊ AA ဘက်မှ အလတ်စားဒဏ်ရာရရှိသူတစ်ဦးရှိခဲ့ပြီး စစ်တပ်ဘက်မှ အထိအခိုက်၊ အကျအဆုံးကို မသိရသေးကြောင်း သိရှိရသည်။

ပုဏ္ဏားကျွန်းမြိုနယ်အတွင်း ယနေ့ဖြစ်ပွားခဲ့သောတိုက်ပွဲတွင်လည်း အထိနာသောကြောင့် ပုဏ္ဏားကျွန်းမြိုနယ်၊ ဆားကုန်ဘုတ်ကျေးရွာကို ယမန်နေ့ နံနက် ၈ နာရီအချိန်ခန့်အချိန် မင်းဂံချောင်းထဲရှိ အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်သင်္ဘောမှ တပ်ဖွဲဝင်များ ဝင်ရောက်လာပြီး ရည်ရွယ်ချက်ရှိရှိ ရွာလုံးကျွတ်မီးရှိဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

တစ်ပြိုင်နက်တည်းတွင် ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်ခန့်ထိ စစ်ကောင်စီ၏ စစ်တွေအခြေစိုက် “အမှတ် ၁၂ ရဲတပ်ရင်း” နှင့် စစ်သင်္ဘောတို့ကလည်း အဆိုပါကျေးရွာနှင့် အနီးအနားသို လက်နက်ကြီးအလုံးရေပေါင်း ၁၀၀ ကျော်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article