30 C
Yangon

ဖေဖော်ဝါရီ ၁ ရက်နေ့ အပြင်မထွက် တစ်နိုင်ငံလုံး အသံတိတ်သပိတ်ကို စစ်ကောင်စီက ပုံစံအမျိုးမျိုးဖြင့် ဖျက်ဆီးရန် ကြံစည်

Must read

ဖေဖော်ဝါရီ ၁ ရက်နေ့ အပြင်မထွက် တစ်နိုင်ငံလုံး အသံတိတ်သပိတ်ကို စစ်ကောင်စီက ပုံစံအမျိုးမျိုးဖြင့် ဖျက်ဆီးရန် ကြံစည်

■ ရန်ကုန်၊ မန္တလေး၊တောင်ကြီး အပါအဝင် မြို့ကြီးများတွင် စစ်တပ်ထောက်ခံပွဲများ၊ လှုပ်ရှားမှုများနှင့်လှည့်လည်ပွဲများ တစ်ချိန်တည်း ပြုလုပ်ရန် စီစဉ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁

ယနေ့ ဖေဖော်ဝါရီ ၁ ရက်နေ့ နွေဦးတော်လှန်ရေး ၃ နှစ်ပြည့် အပြင်မထွက် တစ်နိုင်ငံလုံး အသံတိတ်သပိတ်ကို စစ်ကောင်စီက ပုံစံအမျိုးမျိုးဖြင့် ဖျက်ဆီးမည်ဖြစ်ကြောင်း စစ်တပ်သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောဆိုသည်။

အသံတိတ်သပိတ်ကို ဖျက်ဆီးရန် စစ်တပ်က အရေးပေါ် ညွှန်ကြားချက်များ ထုတ်ပြန်ခြင်း

==========================================

ဖေဖော်ဝါရီ ၁ ရက်နေ့တွင် နွေဦးတော်လှန်ရေး၏ ၃ နှစ်ပြည့်အဖြစ် အသံတိတ် သပိတ်ပြုလုပ်ရန် တော်လှန်ရေး သပိတ်ခေါင်းဆောင်များက ပြည်သူလူထုကို ပန်ကြားနေချိန်တွင် စစ်ကောင်စီက အသံတိတ် သပိတ်ကို ဖျက်ဆီးရန်အတွက် အရေးပေါ် ညွှန်ကြားချက် ထုတ်ပြန်ကြောင်း စစ်တပ်သတင်းရင်းမြစ်က ပြော ဆိုသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ တစ်နိုင်ငံလုံး အသံတိတ် သပိတ် မဖြစ်မြောက်စေရန်အတွက် ပြည်နယ်/တိုင်းအစိုးရ စစ်ကောင်စီများအနေဖြင့် လမ်းမများပေါ်တွင် လူမပြတ်စေရေး ပွဲလမ်းသဘင်နှင့် လူထုလှုပ်ရှားမှုများ မဖြစ်မနေ လုပ်ဆောင်ရန် နေပြည်တော်စစ်ကောင်စီက အမိန့် ထုတ်ထားကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ အသံတိတ်သပိတ်ဆောင်ရွက်မည့်နေ့တွင် မြန်မာပြည်တစ်ဝန်းရှိ မြို့ကြီးများနှင့် ရပ်ကွက်များတွင် သက်ဆိုင်ရာ တိုင်းဒေသကြီး /ပြည်နယ် စစ်ကောင်စီက အောက်ပါအစီအစဉ်များ မဖြစ်မနေ ဆောင်ရွက်ရမည်ဖြစ်ကြောင်း စစ်ကောင်စီက ညွှန်ကြားသည်။

အသံတိတ်သပိတ်ကို ဖျက်ဆီးရန်အတွက် ပြည်နယ်/တိုင်း စစ်ကောင်စီများက ဆောင်ရွက်ရမည့် အစီအစဉ်များမှာ-

– စျေးဆိုင်များမဖွင့်မနေရဖွင့်လှစ်စေခြင်း(မဖွင့်ပါကအရေးယူရန်)

– စုပေါင်းသန့်ရှင်းရေးလုပ်ခြင်း

– စျေးရောင်းပွဲများကျင်းပခြင်း

– မီးငြိမ်းသတ်သရုပ်ပြခြင်း

– ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကိုဗစ်ကာကွယ်ဆေးထိုးခြင်း

– ဝန်ထမ်းများအားအရပ်ဝတ်ဖြင့်အပြင်သွားလာစေခြင်း

– ဝန်ထမ်းများအား အရပ်ဝတ်ဖြင့် ရုံးချိန်နောက်ကျမှလာစေခြင်း၊ရုံးချိန်ထက်စော၍ပြန်စေခြင်း

-ပျော်ပွဲရွှင်ပွဲများ၊ဆွမ်းဆန်တော်လောင်းပွဲများ ဆောင်ရွက်ရမည်ဟု နေပြည် တော်က ညွှန်ကြားထားကြောင်း သိရှိရသည်။

ထို့ပြင် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနကလည်း ဖေဖော်ဝါရီလ ၁ ရက်နေ့ အခြေခံပညာကျောင်းများတွင် ပျော်ပွဲ ရွှင်ပွဲများ၊ အခြေခံပညာကျောင်းများအလိုက် လှုပ်ရှားမှုများ လုပ်ဆောင်ရန် ညွှန်ကြားထားကြောင်း သိရှိရသည်။

စျေးဆိုင်များ မဖြစ်မနေ ဖွင့်ရန် ခြိမ်းခြောက်ခြင်း

===========================

နွေဦးတော်လှန်ရေး ၃ နှစ်ပြည့် ဖေဖော်ဝါရီ ၁ ရက်နေ့ တစ်နိုင်ငံလုံး အသံတိတ် သပိတ်တွင် စျေးဆိုင်များ ပိတ်သိမ်း ခြင်းမပြုရန် ရန်ကုန်နှင့်မန္တလေးမြို့ကြီးများတွင် စစ်တပ်နှင့်စည်ပင်က လိုက်လံခြိမ်းခြောက် ဖိအားပေးလျက်ရှိကြောင်း ရန်ကုန်နှင့် မန္တလေးမှ စျေးဆိုင်ပိုင်ရှင်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“စည်ပင်နဲ့စစ်သား ၃ ဦးလောက်ပါတယ်။ လက်နက်တွေနဲ့။ ဆိုင်မပိတ်ဖို့နဲ့ ဆိုင်ပိတ်ရင် ထောင်ချခံရနိုင်တယ်ဆိုတာမျိုးပြောတယ်။ ဆိုင်ရှင်နာမည်၊ နေရပ်၊ ဖုန်းနံပါတ်တွေ တောင်းသွားတယ်” ဟု ရန်ကုန်မှ အမည်ဖော်လိုသော ဆိုင်ပိုင်ရှင်တစ်ဦးက ပြောဆိုသည်။ အဆိုပါဆိုင်ပိုင်ရှင်က ဆိုင်တည်ရှိသော မြို့နယ်အမည်ကိုပါ မဖော်ပြရန် မေတ္တာရပ်ခံသည်။

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်တွင်လည်း စည်ပင်က ဖေဖော်ဝါရီလ ၁ ရက်နေ့ စျေးဆိုင်များ မပိတ်ရန် လိုက်လံတားမြစ်ကြောင်း သိရှိရသည်။

“အခုမနက် တာ​မွေက ကျနော့်အ​မေဆိုင်ကို စည်ပင်ကဟာ​တွေ ဖုန်းနဲ့ဓာတ်ပုံလိုက်ရိုက်​တယ်။ အသံသပိတ် မလုပ်ဖို့၊ ဆိုင်မပိတ်ဖို့ လိုက်တား​နေတယ်” ဟု တာမွေမှ ပြည်သူတစ်ဦးက ရှင်းပြသည်။

အလားတူ မန္တလေးတွင်လည်း စျေးဆိုင်တချို့ကို ဖေဖော်ဝါရီလ ၁ ရက်နေ့ ပိတ်သိမ်းခြင်းမပြုရန် လိုက်လံ သတိပေးမှုများရှိကြောင်း မန္တလေးဆိုင်တချို့က ပြောဆိုသည်။

“ရပ်ကွက်လူကြီးနဲ့ ရာအိမ်မှူးလာတယ်။ စျေးဆိုင်တွေ မပိတ်နဲ့။ ပိတ်ရင် အရေးယူခံရလိမ့်မယ်လို့ပြောတယ်။ ဘယ်လို အရေးယူမယ်တော့မပြောပါဘူး။ အဲဒါပဲ ပြောပြီး ပြန်ထွက်သွားတယ်။” ဟု မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်မှ စတိုးဆိုင်ပိုင်ရှင်တစ်ဦးက ပြောဆိုသည်။

မကွေးမြို့တွင် စည်ပင်သာယာရေးအဖွဲ့က ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စျေးဆိုင်များ မပိတ်ရန်နှင့် အသံတိတ် သပိတ် တွင် မပါဝင် စျေးဆိုင်ပိုင်ရှင်များကို လိုက်လံ လက်မှတ်ထိုးခိုင်းနေကြောင်း သိရှိရသည်။

ယမန်နေ့ ဇန်နဝါရီလ ၃၁ ရက်နေ့ တွင် မကွေးမြို့ စည်ပင်သာယာရေးအဖွဲ့က အသံတိတ်သပိတ်တွင် မပါဝင်ရန် စျေးဆိုင်တိုင်းကို လိုက်လံ ပြောဆို လက်မှတ်ရေးထိုးခိုင်းနေခြင်းဖြစ်ကြောင်း သိရှိရသည်။

” Silent Strike ရှိမှန်း စျေးဆိုင်တွေက မသိဘူး။ မကွေးစည်ပင်က ဆိုင်တွေ မဖွင့်မနေရဖွင့်ရမယ်ဆိုပြီး လက် မှတ်ထိုးခိုင်းမှ အသံတိတ်သပိတ်ရှိမှန်းသိကြတာ။ စည်ပင်က လမ်းဘေးဝဲယာက ဆိုင်တွေကို မ‌ဖွင့်မနေရ လက်မှတ်လိုက်ထိုးခိုင်းတယ်။ စျေးဆိုင်တော်တော်များများက မနက်ဖြန်ဘာနေ့မှန်းမသိကြတာကို စည်ပင်က မဖွင့်မ‌နေရ လက်မှတ်လိုက်ထိုးခိုင်းမှ အသံတိတ် သပိတ်ရှိမှန်းသိကြတာ။ ဆိုင်တော့ဖွင့်ကြမယ်။ အပြင်မထွက်ကြမှာကတော့ သေချာပါတယ်” ဟု မကွေးမြို့မှ ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နွေဦးတော်လှန်ရေး ၃ နှစ်ပြည့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တောင်ကြီးတွင် စျေးဆိုင်များ ပိတ်သိမ်း၍ အသံတိတ် သပိတ်တွင်ပါဝင်မည်ဆိုပါက ဆိုင်များကို ချိတ်ပိတ်၍ ပိုင်ဆိုင်မှုကို သိမ်းဆည်းမည်ဟု စစ်တပ်နှင့်စည်ပင်က ခြိမ်းခြောက်လာကြောင်း တောင်ကြီးမှ စျေးဆိုင်ပိုင်ရှင်တချို့က ပြောဆိုသည်။

“ဆိုင်တိုင်းကိုပဲ ပြောသလား၊ တို့ဆိုင်ပဲ ဦးတည် လာပြောသလားတော့မသိဘူးနော်။ သူတို့ပြောတာက ဆိုင်ပိတ်လို့မရဘူး။ ဆိုင်ပိတ်ရင် ဆိုင်ကိုလည်းသိမ်းမယ်။ အိမ်ကိုလည်း သိမ်းမယ်။ ပိုင်ဆိုင်မှုတွေ အကုန်သိမ်းမယ်။ ဆိုင်ပိုင်ရှင်လည်း ဖမ်းမယ်ပြောတယ်။ အဲဒါ မပိတ်ရဘူးလို့ လာပြောသွားတယ်။ ဆိုင်ကတော့ မပိတ်ပါဘူး။ ဆိုင်ထဲမှာပဲ ဆိုင်ဖွင့်ပြီး ဘာမှ မလုပ်ဘဲ အိပ်နေဖြစ်မှာပါ” ဟု တောင်ကြီးမှ စတိုးဆိုင်ပိုင်ရှင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မြို့ကြီးများအားလုံးတွင် အသံတိတ်သပိတ်နှင့်အပြိုင် တပ်ထောက်ခံပွဲများ ပြုလုပ်ခြင်း

==========================================

ရန်ကုန်နှင့်မန္တလေးတွင် အသံတိတ်သပိတ်ကို တန်ပြန်ရန်အတွက် စစ်တပ်ထောက်ခံပွဲများ ကျင်းပရန် အရေးပေါ် ညွှန်ကြားလိုက်ပြီး မြို့နယ်တစ်ခုလျှင် မဘသနှင့်ပျူစောထီး ၅၀ ဦးမှ ၁၀၀ ဦးခန့် လူစုခိုင်းထားကြောင်း စစ်တပ်နှင့်နီးစပ်သော သတင်းရင်းမြစ်က ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှု ၃ နှစ်ပြည့်အဖြစ် စစ်တပ်ထောက်ခံပွဲများကို ရန်ကုန်နှင့်မန္တလေး အပါအဝင် မြို့ကြီများတွင် တစ်ပြိုင်နက်တည်း ကျင်းပမည်ဖြစ်ကြောင်း၊ ရန်ကုန်တွင် စစ်မှုထမ်းဟောင်းများ၊ ပျူစောထီးများနှင့်မဘသများက မြို့တော်ခန်းမတွင် စုစည်းမည့်အပြင် ရန်ကုန်တစ်မြို့လုံးသို့ ကားများဖြင့် လှည့်လည်မည် ဖြစ်ကြောင်း၊ စစ်တပ်ထောက်ခံသော သီချင်းများကိုလည်း ကားများဖြင့် ရန်ကုန်တစ်မြို့လုံး လှည့်လည်ဖွင့်ကြမည်ဖြစ်ကြောင်း သိရှိရသည်။

” ဖေဖော်ဝါရီ ၁ရက်နေ့စစ်အာဏာသိမ်း ၃နှစ်ပြည့်မှာ မအလ ထောက်ခံပွဲ၊ စစ်တပ်ထောက်ခံပွဲကို ရန်ကုန်မှာ လုပ်မယ်။ မြို့နယ်တိုင်းတစ်မြို့နယ်ကို ပျူစောထီး၊ ဒလန် မဘသ စုစုပေါင်း အင်အား ၅၀ နဲ့ ၁၀၀ ထုတ်ခိုင်းပါတယ်။ YRTA မှ YBS ကားတွေ တစ်မြို့နယ် တစ်စီး အခုညကတည်းကပို့ထားပါတယ်။ မြို့နယ်တိုင်းက စစ်မှုထမ်းဟောင်းတွေကလည်း ကားတွေနဲ့ ရန်ကုန်လှည့်လည်မယ်။ ဆူးလေ မြို့တော်ခန်းမရှေ့မှာ စုမယ်” ဟု စစ်တပ်နှင့်နီးစပ်သေ သတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် စစ်ကောင်စီက လုံခြုံရေးပါ တိုးမြှင့်ထားပြီး ရပ်ကွက်တိုင်း၊ မြို့နယ်တိုင်း ၊ လမ်းဆုံလမ်းခွတိုင်းတွင် အရပ်ဝတ်နှင့်ကင်းပုန်းများ ချထားမည်ဖြစ်ကြောင်း သိရှိရသည်။

“မြို့နယ်တိုင်း ရပ်ကွက်တိုင်း လမ်းဆုံလမ်းခွ တံတားအတက်အဆင်းတွေနဲ့ အထင်ကရ နေရာတွေမှာ ရပ်ကွက် ရာအိမ်မှူး၊ ဆယ်မှူးများ၊ဒလန်တွေကို ဖေဖော်ဝါရီ ၁ ရက်နေ့ မနက် ၆နာရီမှ ညနေ ၆နာရီထိ လုံခြုံရေး ကင်းပုန်း လှည်းကင်းများချထားဆောင်ရွက်ခိုင်းထားပါတယ်။ တော်လှန်ရေးအဖွဲ့တွေအနေနဲ့ သတိရှိဖို့လိုပါတယ်။ မစ်ရှင်လုပ်မယ့်အဖွဲ့တွေအနေနဲ့ သတိပြုသင့်ပါတယ်။ စစ်တပ်နဲ့ရဲကတော့ အခုညကတည်းက ကင်းပုန်းတွေ ဝပ်နေပါတယ်” ဟု စစ်တပ်နှင့် နီးစပ်သော သတင်းရင်းမြစ်က ပြောဆိုသည်။

အလားတူ စစ်တပ်နှင့် PNO က တောင်ကြီးမြို့နယ်၊ ဟိုပုံးမြို့နယ်၊ ပင်လောင်းမြို့နယ်တို့တွင် စစ်တပ်ထောက်ခံပွဲနှင့် MNDAA ၊ PNLA ရှုတ်ချပွဲများ လုပ်ဆောင်ရန် ရွာများမှ ပြည်သူများကို အတင်းအဓမ္မ စုဆောင်းနေကြောင်း၊ အသံတိ သပိတ်ကို ဖျက်ဆီးရန်အတွက် စစ်တပ်ထောက်ခံပွဲများကို တစ်ရွာလျှင် လူဦးရေ ၂၁ ဦးနှုန်း မဖြစ်မနေ တက်ရောက် ခိုင်းနေကြောင်း သိရှိရသည်။

“ဖေဖော်ဝါရီလ ၁ ရက်နေ့ တောင်ကြီးမြို့နယ်၊ ဟိုပုံးမြို့နယ် ၊ ပင်လောင်းမြို့နယ်က ရွာတွေအကုန်လုံးကို PNO ပြည်သူ့စစ်တွေက တစ်ရွာ၂၁ ဦး နှုန်းနဲ့ အတင်းအဓမ္မ ခိုင်းစေပြီး ဆန္ဒပြခိုင်းတယ်။ မသွားချင်ကြပေမယ့် အရွေးခံထားရသူတွေက သွားပေးရမယ်။ ပြည်သူ့စစ်အဖြစ်လည်း ခေါ်တယ်။ တစ်အိမ်ကို တစ်သိန်းနှုန်းလည်း ထည့်ပေးရတယ်” ဟု ကျေးရွာသားတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article