27 C
Yangon

ပဲခူး၊ မွန်နှင့် ကရင်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းကြောင့် ပြည်သူ ၃ ဦး ဒဏ်ရာရကာ နေအိမ် ၁၀ လုံးကျော် ပျက်စီး၊ ပြည်သူ ၃ ဦး အကြောင်းမဲ့ ဖမ်းဆီးခံရ

Must read

ပဲခူး၊ မွန်နှင့် ကရင်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းကြောင့် ပြည်သူ ၃ ဦး ဒဏ်ရာရကာ နေအိမ် ၁၀ လုံးကျော် ပျက်စီး၊ ပြည်သူ ၃ ဦး အကြောင်းမဲ့ ဖမ်းဆီးခံရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂

ပဲခူးတိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းကြောင့် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရကာ နေအိမ် ၁၀ လုံးကျော် ပျက်စီးပြီး ပြည်သူ ၃ ဦး အကြောင်းမဲ့ ဖမ်းဆီးခံရကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းကြောင့် ပြည်သူ ၁ ဦး ထိခိုက် ဒဏ်ရာရပြီး နေအိမ် ၈ လုံးပျက်စီးခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ဆောထိမြို့နယ်၊ ပုဇွန်မြောင်းတာဖြတ်တွင် နေရာယူထားသော အကြမ်းဖက် စစ်တပ်၏ ခမရ−၂၀ တပ်ရင်းက ပုဇွန်မြောင်း ကျေးရွာကို မွန်းလွဲ ၁ နာရီခွဲခန့်တွင် လက်နက်ကြီး ၆၀ မမ ၄ လုံး ပစ်ခတ်ခဲ့ပြီး ညနေ ၄ နာရီခွဲခန့်တွင် လက်နက်ကြီး ၅ လုံး ထပ်မံပစ်ခတ်ခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက် ၉ နာရီ ၂၀ မိနစ်ခန့်တွင် မှ နံနက် ၁၀ နာရီ ၅၂ မိနစ်ခန့်အထိ ညောင်လေးပင်အခြေစိုက် အကြမ်းဖက် စစ်တပ်၏ ခမရ−၂၀ တပ်ရင်းက လက်နက်ကြီး ၁၂ လုံးခန့်ကို ကျေးရွာများ အတွင်း ပစ်ခတ်ခဲ့သောကြောင့် ခြုံအင်းကျေးရွာ၊ ရေဖြူကန် ကျေးရွာ၊ ဂွေးကုန်းနှင့် ညောင်ပင်ကြီးရွာ များအနီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

လယ်ဒိုမြို့နယ်တွင် ဇန်နဝါရီလ ၃၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် နတ်သံကွင်းမြို့တွင် နေရာယူထားသော အကြမ်းဖက် စစ်တပ်က နတ်သံကွင်းမြို့ရှိ တံခွန်တိုင်ရပ်ကွက်ကို ဝင်ရောက်ပြီး တံခွန်တိုင်ရပ်ကွက်ရှိ နေအိမ် ၆ လုံးကို မီးရှို့ဖျက်စီးခဲ့ကာ မွန်းလွဲ ၁ နာရီခွဲခန့်တွင် ပိန်းဇလုပ် အခြေစိုက် ခလရ−၂၆၄ က နတ်တလင်းကျေးရွာကို ၁၅၅ မမ ဟောင်ဝစ်ဇာ ၃ လုံး ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်တွင် ကျောက်တံခါးမြို့ကို ပဲ သွားရောင်းသည့် နတ်တလင်းကျေးရွာသားမှ ကိုဖြိုး ၊ ကိုကျော်လင်းဦးနှင့် မောင်သိန်းဇော်တို့ကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီးခဲ့ပြီး ပဲတင်သွားသည့် ထော်လာဂျီ ၁ စီးနှင့် မတ်ပဲ ၆၀ တင်းတို့ကိုလည်း သိမ်းယူသွားကာ ည ၉ နာရီခွဲခန့်တွင် ခလရ-၂၆၄ က ၁၅၅ မမ ဟောင်ဝစ်ဇာ လက်နက်ကြီးများဖြင့် ကျောက်မှော်ဘုရားကြီး ကျေးရွာ နှင့် ကြိတ်ကွင်းကျေးရွာကို ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၃၁ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က တောင်ခင် ကျေးရွာအတွင်းကို မီးလောင်ဗုံး ၄ လုံး၊ ကြိတ်ကွင်းကျေးရွာကို လက်နက်ကြီး ၁၂၀ မမ ၁၃ လုံး ပစ်ခတ်ခဲ့သောကြောင့် တောင်ခင်ကျေးရွာမှ ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိကာ ကြိတ်ကွင်း ကျေးရွာမှ နေအိမ် ၂ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်နှင့် ကရင်ပြည်နယ် ဘားအံမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၂ ဦး ဒဏ်ရာရပြီး နေအိမ် ၁၀ လုံးကျော် ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက် ၈ နာရီ ၁၀ မိနစ်မှ ည ၆ နာရီ ၂၃ မိနစ်ခန့်အထိ ဘီးလင်းမြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်၏ အမတ-၃၁၄ တပ်ရင်း တပ်စခန်းနှင့် ခမရ-၂၀၈ တပ်ရင်း တပ်စခန်းတို့က လက်နက်ကြီး ၂၄ လုံး ကျေးရွာများအတွင်း ပစ်ခတ်ခဲ့ရာ ဝင်းတာပန်ရွာထဲကို လက်နက်ကြီး ၂ လုံး ကျရောက်ပေါက်ကွဲပြီး နေအိမ် ၉ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၂၃ ရက်နေ့ ည ၇ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခမရ-၂၀၈ တပ်ရင်း တပ်စခန်းက ဘီးလင်းမြို့နယ်၊ ဝင်းတာပန်ရွာကို လက်နက်ကြီး ၁ လုံး ပစ်ခတ်ခဲ့ရာ နေအိမ် ၁ လုံး ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အမတ-၃၁၄ တပ်ရင်းသည် သထုံမြို့နယ် ဇီးဝန်းတောင်ပေါ်တွင် တပ်စွဲထားပြီး ခမရ-၂၀၈ တပ်ရင်းသည် ကေအဲန်ယူ-ကမမောင်းမြို့၊ ကွမ်းနဝင်းဘုန်းကြီးကျောင်းအနီးတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်စခန်းများ ဖြစ်ကြောင်း သိရသည်။

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဖလံတောင်ရွာကို ဇန်နဝါရီလ ၃၀ ရက်နေ့ ညနေ ၃ နာရီ ၄၆ မိနစ်တွင် အကြမ်းဖက် စစ်တပ်၏ ခမရ-၂၀၈ တပ်ရင်း ကွမ်းနဝင်းတပ်စခန်းက လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာ အသက် ၁၅ နှစ်အရွယ် စောအောင်သပြေဟိန်းနှင့် အသက် ၁၆ နှစ်အရွယ် စောနေမျိုးဦးတို့ လက်နက်ကြီးကျည်စ ထိမှန်ကာ ဆိုင်ကယ် ၁ စီး ထိခိုက် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article