25 C
Yangon

စစ်တောင်းဒေသမှ ပြည်သူ့ကာကွယ်ရေးတပ်မတော် အထူးကွန်မန်ဒိုရဲဘော်များအတွက် ကျည်ကာဝတ်စုံများ ပေးအပ်

Must read

စစ်တောင်းဒေသမှ ပြည်သူ့ကာကွယ်ရေးတပ်မတော် အထူးကွန်မန်ဒိုရဲဘော်များအတွက် ကျည်ကာဝတ်စုံများ ပေးအပ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၃

ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်(၂) စစ်ဒေသ၊ စစ်တောင်းမြစ်ဝှမ်းတွင် အခြေပြုလှုပ်ရှားနေသည့် PDF အထူးကွန်မန်ဒိုရဲဘော်များအတွက် Project Life Saving အသက်ကယ် Campaign မှရရှိသည့် ကျည်ကာဝတ်စုံ ၃၀၆စုံတိတိ ကို သရုပ်ဆောင် မြနှင်းရည်လွင်က စစ်ဒေသကွပ်ကဲရေး နောက်တန်းဌာနချုပ်အထိ ၂ကြိမ် သွားရောက်ထောက်ပံ့ပေးအပ်နိုင်ခဲ့ကြောင်း သိရှိရသည်။

Project Life Saving Campaign သည် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ၂၀၂၄၊ ဇန်နဝါရီလ ၇ ရက်နေ့အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မူလက ရဲဘော် ၂၀၀ ဦး အတွက်သာ ရည်ရွယ်ထားခဲ့သော်လည်း သတ်မှတ်ထားသည့် ပမာဏထက် ၄၆ရာခိုင်နှုန်းကျော်လွန်ပြီး ၃၀၆ဦးအထိ တပ်ဆင်ပေးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သရုပ်ဆောင် မြနှင်းရည်လွင်က ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။

“ကျည်ကာဝတ်စုံတွေကို မြေပြင်မှာရှိတဲ့ စစ်ကြောင်းတွေကို အမှတ်(၂)စစ်ဒေသဒုကွပ်ကဲရေးမူး ရဲဘော်တင်ဦးက ခွဲဝေပေးမှာပါ။ ညီမတို့ကတော့ ကွပ်ကဲရေးအဖွဲ့ကို လာပြီးပူးပေါင်းကူညီပေးအပ်ခဲ့တာပါ။ အနီးနားက စစ်ကြောင်းတွေကိုလည်း ညီမတို့အဖွဲ့ နှုတ်ဆက် အားပေးစကားပြောရင်း ရဲဘော်လေးတွေနဲ့ စကားပြောဖြစ်တဲ့အခါ သူတို့ရဲ့စစ်ရေးအတွေ့အကြုံတွေ နားထောင်ပြီး အားကျ အားတက်ရတယ်။ ကျည်ကာဝတ်စုံတွေအကြောင်းပြောဖြစ်ကြတော့ သူတို့အရမ်းဝမ်းသာကြတယ်။ စစ်ကြောင်းတစ်ကြောင်းကို အပြည့်မရပေမယ့် ရသလောက် အရမ်းအသုံးဝင်လွန်လို့ နောက်ထပ်လည်း ထပ်ကြိုးစားကူညီပေးဖို့ပြောကြတယ် ညီမလည်း အဖွဲ့နဲ့တိုင်ပင်ပြီး ဆက်ကြိုးစားကြည့်ပါမယ်” ဟု ပြောသည်။

ကျည်ကာဝတ်စုံတစ်စုံတွင် ကျည်ကာဦးထုပ်၊ ကျည်ကာပြားနှင့် ကျည်ကာအင်္ကျီတို့ ပါဝင်ပြီး သရုပ်ဆောင် မြနှင်းရည်လွင်က ပထမအသုတ်အဖြစ် ၂၀၂၃၊ ဒီဇင်ဘာ ၂၆ရက်နေ့တွင် ၂၁၃စုံ လာရောက်ပေးအပ်ခဲ့ခြင်းဖြစ်‌ကြောင်း၊ ဒုတိယအသုတ်အဖြစ် ‌ဇန်နဝါရီလကုန်တွင် ၉၃စုံ ထပ်မံ ပေးအပ်ခြင်း ဖြစ်ကြောင်း အမှတ်(၂) စစ်ဒေသကွပ်ကဲရေး လက်အောက်ရှိ အထူးကွန်မန်ဒိုတပ်ဖွဲ့ထံမှ သိရှိရသည်။

အဆိုပါ Project Life Saving အသက်ကယ် Campaign ကို ဒို့ကမ်ပိန်း၊ Salmon’s Home Life Saving Program နှင့် ရိုးမခေါ်သံ တို့ကစီစဉ်ပြီး မြန်မာ၊ ဩစတေးလျ၊ ဘရူနိုင်း၊ စင်ကာပူ၊ ထိုင်း၊ မလေးရှား၊ အမေရိကန်၊ ကနေဒါ၊ ယူကေ၊ နယူးဇီလန်၊ ဂျပန်၊ ကိုရီးယား၊ ထိုင်ဝမ်နှင့် ဂျာမနီစသည့် နိုင်ငံပေါင်း ၁၄နိုင်ငံမှ ပြည်သူများက ပါဝင်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article